အက္ခရာနံပါတ် တက္ကစီများကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းပြီး နံပါတ်အနက် ပြောင်းလဲရမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ရာသက်ပန်တက္ကစီစျေးများ မြင့်တက်သွား

1242

အက္ခရာနံပါတ်တက္ကစီများကို လုပ်ငန်းလိုင်စင်ဖျက်သိမ်းပြီး နံပါတ်အနက် ပြောင်းလဲရမည်ဟု သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းတွင်  ရာသက်ပန်တက္ကစီစျေးများ မြင့်တက်သွားကြောင်း ကားဝယ်/ ရောင်းများထံမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အက္ခရာနံပါတ် အငှားယာဉ်များကို နံပါတ်အနက်ပြောင်းရန် စီစဉ်နေကြောင်းဆိုခဲ့ပြီးနောက် ရာသက်ပန် တက္ကစီများမှာ ရက်ပိုင်းအတွင်း ကျပ်ငါးသိန်း မှ ၁ဝ သိန်းဝန်းကျင် မြင့်တက်သွားခဲ့သည်။ ထို့ပြင် တက္ကစီစလစ်စျေးများမှာလည်း အပ်ကားရှားပါးမှုကြောင့် ကျပ် ၁၁၅ သိန်းဝန်းကျင်အထိမြင့်တက်သွားကြောင်း သိရသည်။

 

”အက္ခရာတက္ကစီတွေကို အနက်ပြောင်းရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာ ရာသက်ပန်တက္ကစီတွေ ငါးသိန်းကနေ ၁ဝ သိန်းကြား စျေးမြင့်တက်သွားပါတယ်၊ တက္ကစီစလစ်ကလည်း အပ်ကားရှားပါးတဲ့အတွက် ၁၁၅ သိန်းဝန်းကျင်အထိ ပေါက်စျေးရှိသွားတယ်၊ အက္ခရာတက္ကစီတွေ အနက်ပြောင်းရမယ်ဆိုတဲ့ တရားဝင်စာ ထွက်လာရင် စျေးက ထပ်တက်ဖို့ တောင်ရှိတယ်”ဟု ‘ RIXS Group ‘မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က အက္ခရာတက္ကစီများကို နံပါတ်အနက်ပြောင်းရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံ တရားဝင်အကြောင်းကြားထားခြင်း မရှိသေးသော်လည်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်နှင့် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် တက္ကစီအရေအတွက်ကို ကန့်သတ်ရန် စီစဉ်နေကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ရန်ကုန်မြို့ တွင်းပြေးဆွဲနေသော တရားဝင် မှတ်ပုံတင်ထားသည့် တက္ကစီအရေအတွက် ၆၆,ဝဝဝ ကျော်ရှိရာ အက္ခရာတက္ကစီမှာ ၂၆,၂၅၆ စီးနှင့် ရာသက်ပန်တက္ကစီ ၄ဝ,၄၂၉ စီး မှတ်ပုံတင် ပြုလုပ်ထားကြောင်းသိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here