ဟိုတယ်နှင့် ခရီးသွားလာရေး အခွန်အခများအား Online မှတစ်ဆင့် ငွေပေးချေနိုင်ဟုဆို

96

 

မန္တ​လေး၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနှင့် ဆက်စပ်သည့် လိုင်စင်ကြေး၊ ဗီဇာကြေး၊ Web Portal Membership ကြေးနှင့် ကြော်ငြာကြေးများ၊ သင်တန်းကြေးများ၊ တင်ဒါ မှတ်ပုံတင်ကြေးများ စသည့် အခွန်အခများကို Online မှတစ်ဆင့် ယခုလမှစ၍ ငွေပေးချေနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနမှ သိရသည်။

“၀န်ကြီးဌာနရဲ့ https://payment.tourism.gov.mm ဝက်ဘ်ဆိုက်ကတစ်ဆင့် အခွန်အခတွေကို အလွယ်တကူပဲ ၀င်ရောက်ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်၊ အဲဒီကတစ်ဆင့် သူ့သတ်မှတ်ချက်အတိုင်း ဖောင်ဖြည့်သွားရုံပါပဲ” ဟု အဆိုပါ၀န်ကြီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေး၊ လိုင်စင်ဒဏ်ကြေးနှင့် ၀န်ဆောင်ကြေးများ စသည့် ပေးဆောင်ရမည့်နှုန်းထားများကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်ကတည်းက ထုတ်ပြန်ထားခဲ့ပြီး ယင်းသတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထပ်မံသိရသည်။

“Online ကတစ်ဆင့် ပေးဆောင်တဲ့အခါ MPU Card ၊ Visa Card ၊ Master Card ၊ JCB Card ၊ UnionPay Card နဲ့ CB Pay တွေကို အသုံးပြုပြီး ငွေပေးသွင်းနိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။

ဟိုတယ်လုပ်ငန်းနှင့် ခရီးလှည့်လည်ရေး၀န်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံသားပိုင်၊ နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်၊ နိုင်ငံခြားသားရာနှုန်းပြည့် စသည်ဖြင့် ခွဲခြားထားပြီး အခန်းတည်ရှိမှုအလိုက် လိုင်စင်ကြေးများ ကွာဟသွားမည်ဖြစ်ကာ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်သူများအားလုံး အချိန်တိုအတွင်း အဆင်ပြေချောမွေ့မှုရှိစေရန် Online မှ ပေးချေသည့်စနစ်ကို စတင်ကျင့်သုံးခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
Photo Credit : Ministry of Hotels and Tourism Facebook Page

LEAVE A REPLY

Please enter your comment!
Please enter your name here