ရန်ကုန်၊ စက်တင်ဘာ ၂၈
သွင်းကုန်လိုင်စင်ကြေး နှုန်းထားများကို ဒီဇင်ဘာလကုန်အထိ ဖြေလျှော့ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ Covid-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
“အရင်က လိုင်စင်တစ်စောင်ကို ငါးသောင်းကျပ် ကောက်တယ်၊ အဲဒီ့နောက်မှာ မော်တော်ယာဉ်တွေကို CIF တန်ဖိုးအပေါ် ပြောင်းလဲ ကောက်ခံခဲ့တယ်၊ ခု Covid-19 ရောဂါကြောင့် အမျိုးသားအဆင့်ဗဟို ကော်မတီရဲ့ ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ သွင်းကုန်လိုင်စင်တစ်စောင်ကို သုံးသောင်းကျပ်နဲ့ ဖြေလျှော့ပေးခဲ့တယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ Covid -19 Second Wave မှာလည်း ဒီဇင်ဘာလအထိ ဖြေလျှော့ပေးမယ့်ကာလတိုးပေးထားပါတယ် ”
ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ကြောင့် အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ အရ သွင်းကုန်လိုင်စင်တစ်စောင်လျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကောက်ခံခြင်းကို ယခုနှစ် ဒီဇင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်
ဓါတ်ပုံ- Ko Zaw(fb)