MotoGP Rider များနှင့် ပြိုင်ပွဲဝင်ဆိုင်ကယ်များအကြောင်း အပိုင်း(၂)

103

Marc Márquez Alenta(မာ့က် မားကတ်စ် အလင်တာ)
မားကတ်စ်ကို ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က စပိန်နိုင်ငံ Cervera မြို့မှာ မွေးဖွားခဲ့ပါတယ်။ မားကတ်စ်ဟာ Repsol Honda Team ရဲ့ Rider တစ်ဦးဖြစ်ပြီး ဆိုင်ကယ်နံပါတ် ၉၃ ကို မောင်းနှင်ပါတယ်။ လက်ရှိ Moto GP ချန်ပီယံတစ်ဦးဖြစ်ပြီး အသက် ၂၆ နှစ်သာ ရှိသေးတာကြောင့် နောက်ထပ် တက်လမ်းတွေလည်း အများအပြားရှိတဲ့ Rider တစ်ဦးဖြစ် ပါတယ်။ မားကတ်စ်ဟာ ငယ်စဉ်ကတည်းက ဆိုင်ကယ်သင်တန်းကျောင်း တွေမှာ တက်ရောက်သင်ကြားခဲ့ပြီး စနစ်တကျ နားလည်တတ်မြောက်လတဲ့ Rider တစ်ဦးပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်သင်တန်းကျောင်းတွေက ဆင်းပြီးနောက် 125 CC (ယခု Moto3) ၊ Moto2 နဲ့ MotoGP အထိ အဆင့်ဆင့် တက်လှမ်းလာခဲ့တာပါ။ ချန်ပီယံဆုတွေအနေနဲ့ 125 CC Class မှာ ၂ဝ၁ဝ ပြည့်နှစ်၊ Moto2 မှာ ၂ဝ၁၂ ခုနှစ် ၊ MotoGP မှာ ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၆၊ ၂ဝ၁၇ နဲ့ ၂ဝ၁၈ ခုနှစ် ၊ စုစုပေါင်းချန်ပီယံဆု ခုနစ်ဆု ကို ရရှိထားပါတယ်။ ဆိုင်ကယ်နဲ့ ပတ်သက်လာရင် ပါရမီပါလာပြီး ထူး ချွန်လွန်းတဲ့ မားကတ်စ်ဟာ စံချိန် အများအပြားကိုလည်း တင်ထား ခဲ့ပါတယ်။ Class ၃ မျိုးစလုံးမှာ ချန်ပီယံဖြစ်ခဲ့တဲ့ Rider လေးဦးထဲမှ တစ်ဦးဖြစ်ခဲ့ခြင်း၊ အသက်အငယ်ဆုံး MotoGP ချန်ပီယံတစ်ဦးဖြစ်ခြင်း၊ ပြိုင်ပွဲရာသီတစ်ခုတည်းတွင် အကြိမ်ရေအများဆုံး အနိုင်ရရှိခဲ့ခြင်း၊ ပြိုင်ပွဲ ရာသီတစ်ခုတည်းတွင် ၁၃ ခါအထိ ပထမနေရာမှ (Pole Position မှ) တာထွက်နိုင်ခဲ့ခြင်း စတဲ့ စံချိန်ပေါင်းများစွာကို တင် နိုင်ခဲ့ပါတယ်။

မားကတ်စ်ကို ခေတ်သစ် MotoGP လောကရဲ့အကောင်းဆုံး Rider တွေထဲက တစ်ယောက်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ မား ကတ်စ်ရဲ့ အဓိကပြိုင်ပွဲဝင်ဟန်ကတော့ တွန်းတွန်းတိုက်တိုက်နဲ့ လျင်မြန် စွာ မောင်းနှင်တဲ့ပုံစံပဲ ဖြစ်ပါတယ်။ အကွေ့တွေကို အရှိန်ပြင်းပြင်းနဲ့ နောက်ဘီး Slide ဆွဲပြီးဝင်မယ်၊ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျလုမတတ် ခန္ဓာကိုယ်ကို အပြင်ထုတ်စောင်းပြီး ကွေ့မယ်၊ လမ်းမပေါ်ကို ဒူးနဲ့တင် မဟုတ်ဘဲ Elbow Touching ခေါ် တံတောင်နဲ့ထိတဲ့အထိ ကွေ့တဲ့ ဟန်ပန်တွေကတော့ မားကတ်စ်ရဲ့ဟန်ပန်တွေပဲ ဖြစ်ပါတယ်။ အသက် အရွယ်ငယ်သေးတာကြောင့်လည်း သက်လုံကောင်းစွာနဲ့ အလျင်စလို ဒေါသတကြီး မောင်းနှင်နိုင်တာလို့ ဝေဖန်သူတွေက သုံးသပ်ကြပါတယ်။ မားကတ်စ်ရဲ့ ထူးခြားချက်တစ်ခုကတော့ လူကောင်သေးတာကြောင့် အလေးချိန်လည်း ပေါ့ပါးတာပဲ ဖြစ်ပါတယ်။ အရပ် ငါးပေခြောက်လက်မ ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၃ဝ ရှိပါတယ်။ မားကတ်စ်ရဲ့အလေးချိန်နဲ့ ဆိုင်ကယ်ရဲ့ အလေးချိန်ပေါင်းလိုက်ရင် စုစုပေါင်းရှိသင့်တဲ့ အလေးချိန် ထက်ကို လျော့နည်းပါတယ်။ (ရှိသင့်တဲ့အလေးချိန်ထက် ပေါ့နေရင်လည်း Power to Weight အချိုးအလွန်များပြီး ထိန်းကျောင်းမောင်းနှင် ခက်ခဲ စေပါတယ်) အဲဒါကြောင့် Team အင်ဂျင်နီယာတွေက လိုအပ်တဲ့ စုစုပေါင်း အလေးချိန်ရအောင် ဆိုင်ကယ်ကို အလေးချိန်တွေ ထပ်တိုးပေးရပါတယ်။ ဆိုင်ကယ်ကို ဘက်ညီမျှအောင် အလေးချိန်တွေ တိုးလိုက်တဲ့အတွက် မားကတ်စ်အနေနဲ့ ထိန်းကျောင်းမောင်းနှင်တဲ့အခါမှာ ပိုမိုကောင်းမွန် လွယ်ကူလာတာ တွေ့ရပါတယ်။

လူကောင်သေးပြီး ထူးချွန်လွန်းတဲ့ မားကတ်စ် ကို ‘The Ant of Cervera’ ဆိုပြီး အမည်ပြောင် ပေးထားကြပါတယ်။ ပုရွက်ဆိတ်လေးက အ ကောင်သေးပေမဲ့ သူ့ထက် အဆတစ်ရာ လောက်ရှိတဲ့ ဝန်တွေကို ထမ်းနိုင်ပါတယ်။ အဲဒီလိုပဲ မားကတ်စ်ကလည်း လူကောင် သေးပြီး အသက်လည်းငယ်ပေမဲ့ ရရှိထားတဲ့ဆုတွေ၊ ဂုဏ်ပုဒ်တွေက များပြားလွန်းတာကြောင့် Cervera ရဲ့ ပုရွက်ဆိတ်လေးဆိုပြီး ချစ်စနိုးနဲ့ ခေါ်ဆိုကြတာပါ။ မားကတ်စ်ကိုယ်တိုင်လည်း ‘The Ant of Cervera’ အမည်ကို ၂ဝ၁၂ ခုနှစ်မှာ စတင်လက်ခံခဲ့ပြီး Helmet ၊ လက်အိတ်၊ Pit Board (ပြိုင်ပွဲဝင်နေသူအတွက် Team က ပြသပေးရတဲ့ အချက် အလက်တွေ ရေးသားထားတဲ့ ဘုတ်ပြား) နဲ့Team အတွင်းမှာပါ အနီ ရောင်ပုရွက်ဆိတ်လိုဂိုလေးကို အသုံးပြုလာခဲ့ပါတယ်။ ချန်ပီယံတစ်ဦး အနေနဲ့ နံပါတ်တစ်ကို အသုံးပြုနိုင်ပေမဲ့ မားကတ်စ်ကတော့ သူအကြိုက် ဆုံးဂဏန်းဖြစ်တဲ့ ၉၃ ကိုပဲ ဆက်ပြီး အသုံးပြုတာ တွေ့ရပါတယ်။ သူမွေးဖွားခဲ့တဲ့ ခုနှစ်ဖြစ်တဲ့ ၁၉၉၃ ခုနှစ်ကို အစွဲပြုပြီး ၉၃ အဖြစ် ပေးထားတာလို့ သိရပါတယ်။ ၉၃ နံပါတ်ကို အဖြူရောင်စာလုံးအဖြစ် အနီရောင်နောက်ခံအရောင်ပေါ်မှာ ဒီဇိုင်းဆွဲထားပါတယ်။ မားကတ်စ်ဟာ စပိန်လူမျိုးတစ်ယောက်ဖြစ်ပေမဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ Álex Márquez ဆိုတဲ့ ညီငယ်တစ်ယောက်ရှိပြီး လက်ရှိ Moto2 မှာ ယှဉ်ပြိုင်လျက်ရှိပါတယ်။ အဲလက်စ်မားကတ်စ်ဟာ ၂ဝ၁၄ ခုနှစ် Moto3 မှာ ချန်ပီယံဖြစ်ခဲ့ပြီး မားကတ်စ်ကလည်း MotoGP မှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် တစ်နှစ် တည်းမှာ ညီအစ်ကိုနှစ်ယောက် တစ်ပြိုင်နက်တည်း ချန်ပီယံဖြစ်ခဲ့တာ တွေ့ရပါတယ်။ အသက်၂၆ နှစ်ရှိပြီဖြစ်တဲ့ မားကတ်စ်ဟာ ချစ်သူ ရည်းစားလည်း မရှိသေးသလို အိမ်ထောင်လည်း မကျသေးပါဘူး။ ဆိုင်ကယ်ကိုပဲ ၁ဝဝ ရာခိုင်နှုန်းအပြည့် အာရုံစူးစိုက်ထားတာ တွေ့ရ ပါတယ်။ မားကတ်စ်ရဲ့ဖခင်ကြီးက မားကတ်စ်ရဲ့ ပြိုင်ပွဲတိုင်းကို လိုက်လံ ကြည့်ရှုအားပေးတာ တွေ့မြင်ရပါတယ်။ မိခင် ကြီးကလည်း အမြဲတမ်းလို မဟုတ်ပေမဲ့ ရံဖန်ရံခါ အားပေးကြည့်ရှုတာ တွေ့ရပါ တယ်။

စာဖတ်သူပရိသတ်များ
မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေ။

ဆက်လက်ေဖာ်ြပပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here