သေစာရင်းအတုဖြင့် အသက်အာမခံကြေး လိမ်လည်ထုတ်ယူခဲ့သည့်စုံတွဲ ထောင်ဒဏ် အနှစ်သုံးဆယ် ကျခံရဖွယ်ရှိ

651

လင်မယား နှစ်ယောက်အနက် ဇနီးဖြစ်သူ သေဆုံးသွားကြောင်း သေစာရင်းအတုဖြင့် လိမ်လည်၍ အသက်အာမခံကြေးများ ထုတ်ယူသုံးစွဲခဲ့သည့် စုံတွဲတစ်တွဲအား တရားစွဲဆိုထားရာ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားသဖြင့် တစ်ဦးလျှင် ထောင်ဒဏ် အနှစ် သုံးဆယ်အထိ ပြစ်ဒဏ် ကျခံရဖွယ်ရှိကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ဗာဂျီးနီးယားပြည်နယ်၊ ပို့စ်မောက်သ်မြို့၌ နေထိုင်ခဲ့သော Alexandra Hatcher ဆိုသူ အမျိုးသမီးသည် ၂ဝ၁၅ ခုနှစ်က သေဆုံးဟန်ဆောင်ခဲ့သဖြင့် အပြစ်ရှိကြောင်း တရားရုံး၌ ဝန်ခံထွက်ဆိုခဲ့သည်။ သူမနှင့်ခင်ပွန်း ဖြစ်သူ Albert Hatcher Jr တို့ သည် အသက်အာမခံကြေးများ လိမ်လည် ထုတ်ယူခဲ့ပြီးနောက် ချက်လက်မှတ် အတုများ၊ စာရွက်စာတမ်း အတုများ အသုံးပြုကာ ဇိမ်ခံကား အစီးရေ နှစ်ဆယ် ဝယ်ယူခဲ့ကြသည်။ ၎င်း တို့နှစ်ဦးသည် သေစာရင်းအတုများ ပြုလုပ်ခဲ့ပြီးနောက် အသက် အာမခံကြေးများ တရားဝင်ထုတ်ယူနိုင်ရန် သတင်းစာတွင် နာရေးကြော်ငြာ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် အသက် ၄၉ နှစ်အရွယ် ရှိနေပြီဖြစ်သော Hatcher သည် ဝါရှင်တန်ပြည်နယ်သို့ သွားရောက် ကာ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လက တရားဝင် အမည်ပြောင်းလဲခဲ့ကြောင်း စစ်ဆေးသိရှိရသည်။ ၎င်းတို့စုံတွဲသည် ဝယ်ယူခဲ့သော ကားများကို အမည်ပြောင်းကာ ယင်းကားများကို အာမခံပစ္စည်းများအဖြစ် ထပ်ဆင့်အသုံးပြုပြီး ချေးငွေများ ချေးယူ၍ ကားသစ်များ ထပ်မံ ဝယ်ယူခဲ့ကြသည်။

 

Alexandra Hatcher နှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့သည် တစ်ဦးလျှင် ထောင်ဒဏ်နှစ် သုံးဆယ်စီ ကျခံရဖွယ်ရှိပြီး လာမည့် နှစ်ဆန်းပိုင်းတွင် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here