သူ့အလှည့် ကိုယ့်အလှည့်

661

ခရီးသွားဖို့ အကြောင်းဖန်လာတိုင်း ဦးတင်ကိုကို ကို ချက်ချင်းသတိရမိသည်။ အထူးသဖြင့် နေပြည်တော်၊ ပျဉ်းမနားသွားရမည့် ခရီးစဉ်၊ မန္တလေးသွားရမည့်ခရီးစဉ်ဆိုလျှင် ကျွန်တော့်အတွက် အလိုအပ်ဆုံးက ဦးတင်ကိုကို ဖြစ်နေ၏။

ဦးတင်ကိုကိုက မီးရထားပို့ဆောင်ရေး မှ ဖြစ်သည်။ မီးရထားတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခင် မီးရထားပါဆယ်ဌာနတွင် အမှုထမ်းနေရာမှ မကြာသေးမီက မီးရထား လက်မှတ်ကြိုရောင်းတွင် တာဝန်ရှိသူ အကြီးအကဲအဖြစ် တာဝန်ပြောင်းလဲခံခဲ့ရသည်။

ဦးတင်ကိုကိုက ရိုးသား၏၊ ပွင့်လင်း၏၊ သဘောကောင်း၏။ သူတစ်ဖက်သား ကို ကိုယ်ချင်းစာစိတ်ဖြင့် ကူညီတတ်၏၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိသည်။ အလုပ်ကို လေးစားသည်။ ပြောရလျှင် မြန်မာ့မီးရထားအတွက် ဝန်ထမ်းကောင်းတစ်ယောက်ဟု ဆိုနိုင်လောက်သည်။

ကတုံးဆံပင်နှင့် အရပ်ပုပုဝဝ၊ စွပ်ကျယ် ချိုင်းပြတ်ဝတ်ပြီး ရိုးရှင်းစွာနေထိုင်တတ်သော ဦးတင်ကိုကိုဆိုလျှင် မီးရထားမိသားစုအားလုံးက သိသည်။ လုပ်သက် ကလည်း မနည်းတော့။

ဦးတင်ကိုကို၏ ထူးခြားသော စိတ်ဓာတ်မှာ စာပေချစ်တတ်ခြင်းနှင့် စာပေရေးသားသူ၊ စာရေးဆရာ၊ ကဗျာဆရာ၊ မီဒီယာသမားများကို လေးစားတတ်ခြင်းပင်ဖြစ်သည်။

စာပေသမားများ မီးရထားဖြင့် ခရီးသွားလိုလျှင် မပင်မပန်းလက်မှတ်ဝယ်နိုင်ရန် စီစဉ်ပေးတတ်သည်။ စီစဉ်ပေးရာ၌ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ စီစဉ်ပေးခြင်းမဟုတ်။

လုပ်သားပြည်သူများ ကြိုတင်လက်မှတ်ဝယ်ရန် တန်းစီလျှင် သူလည်း အများပြည်သူနှင့်အတူ ဝင်ရောက်တန်းစီပြီး ဝယ်ပေးခြင်းဖြစ်သည်။ လက်မှတ်ကြားဖြတ်ဝယ်လျှင် သူမကြိုက်။ သူကိုယ်တိုင်ကလည်း ကြားဖြတ်ဝယ်လေ့မရှိ။

ယခုလည်း ပျဉ်းမနားသွားဖို့ အစီအစဉ် ပေါ်လာပြန်သည်။ နေပြည်တော် ပုဗ္ဗသီရိမှ သင်းသင်းမိုး စာပေဟောပြောပွဲ လှမ်းဖိတ်သည်။ သန်လျင်မောင်မောင် ဦးနှင့် ယဉ်မေဦး(သန်လျင်)ကိုလည်း ဖုန်းဆက်ဖိတ်ထားသည်။ သင်းသင်းမိုးကသာ ဖုန်းဆက်ခြင်းမဟုတ်၊ ငြိမ်းလူ၊ တိမ်တိုက်ပန်းချီတို့ကပါ ဖုန်းဆက်သည်။

နေပြည်တော် ပုဗ္ဗသီရိ၊ ကံလှရပ်ကွက်တွင် ‘ကံလှ လူငယ်အားမာန် သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်း’မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ်စာပေဟောပြောပွဲကျင်းပပြုလုပ်မည် ဖြစ်သည်။ ထိုစာပေဟောပြောပွဲတွင် ကျွန်တော်နှင့် သန်လျင်မောင်မောင်ဦးတို့ကို ဟောပြောပေးရန် ဖိတ်သည်။ ယဉ်မေဦး(သန်လျင်)ကိုလည်း ဖိတ်ကြားသည်။ သန်လျင်မောင်မောင်ဦးက သူ့တပည့် သတင်းထောက်မြတ်ဟိန်း (သာကေတ) ကိုလည်း အဖော်ခေါ်မည် ဆို၏။

ဒီတော့ ကျွန်တော်တို့အဖွဲ့က လေးယောက်ဖြစ်သွားသည်။ လေးယောက်စလုံး ရထားဖြင့်သွားရန် ဆုံးဖြတ်ကြသည်။ ရထားနှင့်သွားမည်ဆိုကတည်းက ဦးတင်ကိုကိုဆီ အပြေးသော့ရတတော့သည်။

ဦးတင်ကိုကိုက လက်မှတ်ကြိုရောင်းနေရာတွင် ယူနီဖောင်းအပြည့်ဖြင့် အလုပ်များနေသည်။ ကျွန်တော့်ကို တွေ့သည် နှင့် နှုတ်ဆက်သည်။

”အားတော့နာတယ်”

”အားနာမနေနဲ့၊ ဘယ်နှယောက်လဲ ပြော၊ ဘယ်နေ့လဲ”

”လေးယောက်၊ သန်ဘက်ခါ သွားမယ်”

”လေအိတ်ပဲလား”

”ဟုတ်တယ်၊ သုံးနာရီ လေအိတ်ရထားနဲ့ပဲသွားမယ်၊ အဲဒီရထားက သွားရ လာရ သက်သောင့်သက်သာရှိတယ်၊ တခြား ရထားတွေက မြင်းစီးသလို ခုန်ပေါက်သွားနေရတာ”

”အင်းပါ၊ ကျွန်တော် စီစဉ်ထားလိုက်ပါမယ်”

”ကျေးဇူးပဲနော်”

ဦးတင်ကိုကို ကို ကျေးဇူးစကားပြောရင်း ကျွန်တော်ပြန်လည်ထွက်ခွာခဲ့သည်။

ခရီးထွက်မည့်နေ့၊ နေ့လယ် နှစ်နာရီ ဘူတာကြီးမှာ ဆုံကြသည်။ ယဉ်မေဦး(သန် လျင်)က စာအုပ်အပြည့် ဖြည့်ထားသည့် စက္ကူပါကင်ပုံးတစ်ပုံး ပါလာသည်။

”စာအုပ်တွေ များလှချည့်လား”

”မန္တလေးစာကြည့်တိုက်ကို လှူမလို့ လေ၊ မန္တလေးက ရဲမာန်က နေပြည်တော်ကို ဆင်းယူမယ်ဆိုလို့ တစ်ခါတည်း သယ်လာတာ”

”ရဲမာန်က ဘယ်တော့လာမှာလဲ”

”သူလည်း ဒီည မန္တလေးကနေ စထွက်မယ်လေ”

”ရထားနဲ့လာမှာလား”

”မဟုတ်ဘူး၊ သူက သူ့ကားနဲ့သူလာမှာ”

”သူ့ကားနဲ့လာမယ်ဆိုတော့ ကောင်းတာပေါ့၊ တို့တွေ နေပြည်တော် ပျဉ်းမနား မှာ ရှိတုန်း သူ့ကား အချိန်ပြည့်သုံးလို့ရတယ်”

”သူကလည်း ဆရာတို့နေပြည်တော် ပျဉ်းမနားမှာရှိတုန်း သုံးစရာရှိရင် သုံးရအောင် သူ့ကား ယူလာတာ”

”အဆင်ပြေတာပေါ့ဗျာ”

သုံးနာရီတိတိတွင် ရထားစထွက်၏။

ပဲခူးဘူတာတွင် သုံးမိနစ်နားသည်။ သုံးမိနစ်ဆိုသော်လည်း နားချိန် သုံးမိနစ်မပြည့်၊ ခရီးသည် အတင်အချ၊ အတက်အဆင်းပြီးသည်နှင့် ဆက်ထွက်သည်။

တောင်ငူတွင် ၁ဝ မိနစ်နား၏။ ၁ဝ မိနစ်ပြည့်တော့ ရထားဆက်ထွက်သည်။ လမ်းတစ်လျှောက်လုံးတွင် မည့်သည့် ဘူတာမှ မရပ်ခဲ့၊ ပဲခူးနှင့် တောင်ငူတွင်သာရပ်သည်။ ပဲခူးနှင့် တောင်ငူ ရပ်ပြီးသည်နှင့် ပျဉ်းမနားတွင် ရပ်၏။

ပျဉ်းမနားရောက်သည်နှင့် ကျွန်တော်တို့အားလုံး ရထားပေါ်မှဆင်းသည်။ ပျဉ်းမနားဘူတာနှင့် မလှမ်းမကမ်းတွင်ရှိသော မြပဝါ တည်းခိုးခန်းတွင် တည်းကြသည်။

မြပဝါတည်းခိုခန်းက ကျွန်တော် ပျဉ်းမနားရောက်တိုင်း တည်းနေကျ တည်းခိုခန်း ဖြစ်သည်။ တည်းခိုခန်းက သန့်သည်။ ရှုပ်ရှုပ်ရှက်ရှက် မရှိ။ ပိုင်ရှင်နှင့်မန်နေဂျာက ရင်းနှီးနေသည်မို့ ကျွန်တော်လာမည်ဆိုသည်နှင့် အခန်းကြိုတင်ချန်ထားသည်။

ယခုလည်း ဖုန်းဆက်ပြီး ကြိုတင်ချိတ်ထားသဖြင့် အခန်းများ အဆင်သင့်စီစဉ်ပေးထား၏။ ပြောရလျှင် ပျဉ်းမနားနှင့် နေပြည်တော်တွင် ကျွန်တော့်မိတ်ဆွေ တော်တော်များများ ရှိသည်။ သူတို့က သူတို့အိမ်တွင်တည်းရန် ဖိတ်ခေါ်လေ့ရှိ၏။ ယခုစာပေဟောပြောပွဲ ဖိတ်သူများကလည်း ကျွန်တော်တို့ တည်းရန် နေရာစီစဉ်ထားသည်။

သို့တိုင် ကျွန်တော်တို့ မည်သည့်နေရာတွင်မှ လိုက်မတည်းဘဲ မြပဝါတွင်သာ အမြဲတည်း၏။ သူတို့ထံတွင် မတည်းချင်၍မဟုတ် ကျွန်တော်တို့တည်းသဖြင့် အိမ်ရှင်များ အနေကျုံ့ပြီး အားနာနေကြရမည် ကို ကျွန်တော်မကြိုက်။ ပြီးတော့ ကျွန်တော်တို့ကို လာရောက်တွေ့ဆုံနှုတ်ဆက်သော မိတ်ဆွေများကို လွတ်လွတ်လပ်လပ် တွေ့ဆုံစကားပြောချင်သည်။ ထို့ကြောင့် တည်း မြပုဝါတွင် အမြဲတည်းဖြစ်ခြင်းဖြစ်၏။

ဒီတစ်ခေါက် ရဲမာန်သီဟတို့ မန္တလေးအဖွဲ့နှင့်လည်း မြပဝါတည်းခိုခန်းတွင် ဆုံရန် ချိန်းထားသည်။ ရထားက ပျဉ်းမနားဘူတာကို ည ၁၁ နာရီတွင်ဆိုက်၏။ ရထားပေါ်မှဆင်းပြီးသည်နှင့် မြပဝါသို့ ရွှေ့၍နားခဲ့ကြသည်။

နံနက် သုံးနာရီကျော်တွင် မန္တလေးမှ ရဲမာန်သီဟနှင့် ဇင်မင်းကိုကိုတို့ ရောက်လာသည်။ ဒီတော့ မိုးမလင်းမီ ကျွန်တော်တို့အားလုံး လူစုံသွားခဲ့သည်။ လူစုံတော့ စကားပြောရင်း၊ နားရင်း၊ စားရင်း၊ သောက်ရင်း မိုးလင်းသွားခဲ့ကြ၏။ မိုးလင်းသည်နှင့် ကျွန်တော်တို့ကို ဧည့်သည်များ တစ်ဦးပြီးတစ်ဦး လာရောက်နှုတ်ဆက်ကြသည်။

သင်းသင်းမိုးနှင့်အဖော်တစ်ယောက် က ဆိုင်ကယ်ဖြင့် ရောက်လာ၏။ ဦးညီငယ်က ကားဖြင့်ရောက်လာသည်။ ဦးစန်းအောင်(မောင်ညိုစန်း) က ဆိုင်ကယ်ဖြင့် ရောက်လာ၏။ တိမ်တိုက်ပန်းချီ၊ အရိပ်ကလေး၊ ငြိမ်းလူ၊ ဆရာဌေးတို့က ဆိုင်ကယ်အသီးသီးဖြင့် ရောက်လာကြသည်။

တစ်ဦးရောက်လာတိုင်း ရှမ်းကန်ဘေးမှ စံတော်မီလက်ဖက်ရည်ဆိုင်ခေါ်ပြီး တစ်ခါဧည့်ခံသည်။ ဧည့်ခံပုံ များလွန်းသဖြင့် တားယူရ၏။

နံနက်စာ ညစာကို သင်းသင်းမိုးက သူ့အိမ်တွင် ဧည့်ခံကျွေးမွေး၏။ ကြက်သား၊ ငါးခေါင်း ကောင်းလွန်းသည်။ သန်လျင်မောင်မောင်ဦးက ပဲဟင်းကို တော်တော် ခံတွင်းတွေ့သွားသည်။ ပဲဟင်းကောင်းကြောင်း ပါးစပ်ကတဖွဖွပြောသည်။

ညရောက်တော့ စာပေဟောပြောပွဲ စ၏။ ကျွန်တော်က ဘဝထဲက ရသ၊ ရသ စာပေခေါင်းစဉ်ဖြင့် ဟောပြီး သန်လျင်မောင်မောင်ဦးက ရယ်စရာမောစရာ ခေါင်းစဉ်ဖြင့် ဟောသည်။

ဟောပြောပွဲ ပတ်ပတ်လည်တွင် လာရောက် နားထောင်သည့်သူများ စီးလာသော ကားများ၊ ဆိုင်ကယ်များပြည့်နှက်နေသည်။ ဒီနေရာ ဒီဒေသက လိုင်းကား၊ ခရီးသည်တင်ကားရှိသည်မဟုတ်၊ ဘယ်နေရာသွားသွား ကိုယ်ပိုင်ဆိုင်ကယ်၊ ကိုယ်ပိုင်ကားနှင့်သွားမှ အဆင်ပြေသည်။ ဆိုင်ကယ်ကယ်ရီငှားစီးလျှင်လည်း ကယ်ရီခ မသက်သာလှ။

နေပြည်တော်က အစိုးရရုံးဌာနတွေ ဆို ပိုဆိုးသည်။ ရုံးတွေက တစ်ရုံးနှင့်တစ်ရုံး တော်တော်ဝေး၏။ ဆိုင်ကယ်တို့၊ ကားတို့မရှိလျှင် ဘယ်လိုမှ သွားရန်အဆင်မပြေနိုင်။

စာပေဟောပြောပွဲအပြီး နောက်တစ်နေ့မှာ မောင်အေးကို(ပေါင်းတလည်) နှင့် ဝေမိုးအောင်တို့က မေ့မရထမင်းဆိုင်တွင် နေ့လယ်စာဖြင့် ဧည့်ခံသည်။ ပြီးတော့ နေရောင်ပြ အင်းဘုရားကို ဘုရာဖူးပို့၏။

နေရောင်ပြ အင်းဘုရားကိုသွားတော့ မောင်အေးကို(ပေါင်းတလည်)၏ ကား၊ ရဲ မာန်သီဟ၏ကား၊ သင်းသင်းမိုး ဆိုင်ကယ်၊ အရိပ်ကလေး ဆိုင်ကယ်၊ ငြိမ်းလူ ဆိုင်ကယ်၊ ကား၊ ဆိုင်ကယ်များ တန်းစီသွားရသည်မှာ ရှင်လောင်လှည့်သလားထင်မှတ်လောက်၏။

ကျွန်တော် နေပြည်တော်၊ ပျဉ်းမနား မကြာခဏရောက်သည်။ ရောက်သည့်  အခါတိုင်းလည်း သွားရေးလာရေးအဆင်ပြေသည်။ ကျွန်တော်သွားလာချင်သည့်နေရာကို ကားရှိသူက ကားနှင့်ပို့ဆောင်ပေး၏။ ဆိုင်ကယ်ရှိသူက ဆိုင်ကယ်နှင့် ပို့ဆောင်ပေး၏။

ယခုလည်း ကျွန်တော်၊ သန်လျင် မောင်မောင်ဦး၊ ယဉ်မေဦး(သန်လျင်)၊ မြတ်ဟိန်း(သာကေတ)တို့ကို ဧည့်ဝတ်ကျေပွန်စွာ ကားတဝီဝီ၊ ဆိုင်ကယ်တဝီဝီဖြင့် ပို့ ဆောင်ကြသည်။ ကျွန်တော်တို့ ရန်ကုန် ပြန်တော့ သူတို့နှုတ်ဆက်ကြသည်။ ကျွန်တော်တို့ကလည်း ပြန်နှုတ်ဆက်ခဲ့သည်။

”ရန်ကုန်လည်း လာလည်ကြနော်”

”လာခဲ့ကြပါ ကျွန်မတို့လည်း ဧည့်ဝတ်ကျေပါမယ်”

”လာလည်ကြနော် အားနာဖို့ မလိုဘူး”

”ရန်ကုန်က ဘုရားတွေလိုက်ပို့မယ်”

နှုတ်ဆက် ပဋိသန္ဓာရစကားပြောရင်း သူတို့ရန်ကုန်လာလည်ဖို့ ဖိတ်ခေါ်ခဲ့ကြသည်။ သူတို့ကလည်း ”ရောက်အောင်လာလည်ဦးမယ်” ဟု ပြောရင်း ကြည်နူးစွာ နှုတ်ဆက်ကြ၏။

ကျွန်တော်တို့က ထုံးစံအတိုင်း ရထားဖြင့် ပြန်သည်။ ရထားပေါ်ရောက်တော့ လေးယောက်သား စကားလက်ဆုံကျဖြစ် ၏။ သူတို့ ကျွေးမွေးဧည့်ခံပုံ၊ ကား၊ ဆိုင် ကယ်များဖြင့် စိတ်ရှည်လက်ရှည်ပို့ဆောင်ပုံ၊ ဧည့်ဝတ်ကျေပုံပြောရင်း ကျွန်တော် တစ်ခု သတိရလိုက်မိသည်။

”ကျွန်တော်တို့ပြောခဲ့တဲ့ စကားတွေ ပြန်သတိရမိတယ်”

”ဘာသတိရမိတာလဲ”

”သူတို့ကို ရန်ကုန်လာလည်ဖို့ ကျွန် တော်တို့အားလုံးက ဖိတ်ကြတယ်လေ”

”ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လို့ လဲ”

”ဒီလိုလေ၊ ကျွန်တော်တို့ သွားတုန်း က သူတို့အားလုံး တက်တက်ကြွကြွနဲ့ဆိုင်ကယ် တဝီဝီ၊ ကားတဝီဝီနဲ့ ပို့ဆောင်ပေးခဲ့ကြတယ်၊ ကျွန်တော်တို့ဆီ လာလည်ရင် ဘာနဲ့ပို့ဆောင်ကြမလဲ၊ ကျွန်တော်တို့မှာ ကားလည်းမရှိဘူး၊ ဆိုင်ကယ်လည်းမရှိကြဘူး၊ စက်ဘီးတောင်မရှိကြဘူး”

ကျွန်တော့် စကားကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ခဏနေတော့ သန်လျင်မောင်မောင်ဦးက

”လိုင်းကားစီးပြီး ပို့မယ်ဗျာ၊ ကိုယ်တို့က သူတို့ကို ဆိုင်ကယ်တွေ၊ ကားတွေရှိ တာမဟုတ်ဘူး၊ လိုင်းကားစီးဖို့ ဆောင်ထား နှစ်ရာတန် ပိုက်ဆံတွေပဲရှိတာ၊ ရှိတာနဲ့ ပို့ကြတာပေါ့”

ကျွန်တော်တို့ ရယ်မိကြသည်။

သူ့အလှည့်တုန်းက သက်သက်သာသာ၊ ကိုယ့်အလှည့်ကျတော့ မသက်မသာ။သူ့အလှည့် ကိုယ့်အလှည့်

ချစ်နွေမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here