သူနဲ့တွဲခုတ်ဖူးတဲ့ အမျိုးသမီးတွေကို သိန်းချီတန်တဲ့ ဇိမ်ခံကားကြီးတွေ ရက်ရက်ရောရောဝယ်ပေးခဲ့တဲ့ အမေရိကန်ရုပ်ရှင်မင်းသားကြီး  Charlie Sheen

1118

တစ်ချိန်က ဟောလိဝုဒ်ရဲ့ လူဆိုးလေးအဖြစ် လူသိများတဲ့ အမေရိကန် ရုပ်ရှင်မင်းသားကြီး ချာလီရှီးန်(Charlie Sheen)ဟာ စွယ်စုံရမင်းသားတစ်လက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးအချမ်းသာဆုံး နာမည်ကျော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မိဘနှစ်ပါးရဲ့ အမွေကိုဆက်ခံခဲ့တဲ့ ရှီးန်ဟာ အသက်ကိုးနှစ်အရွယ်ကတည်းက ရုပ်ရှင်ဇာတ်လမ်းထဲမှာ စတင်ပါဝင်ခဲ့ပြီး သူ့ကို လူသိများစေခဲ့တဲ့ ရုပ်ရှင်တွေကတော့ Platoon(1986)၊ Wall Street(1987)၊ Young Guns(1988)၊ Eight Men Out(1988)၊ Major League (1989)၊ Hot Shots!(1991)နဲ့ The Three Musketeers(1993)တို့ပါပဲ။ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်က တီဗီဇာတ်လမ်းတွဲတွေနဲ့လည်း လူသိများကျော်ကြားခဲ့တဲ့ ရှီးန်ဟာ Spin City တီဗီဇာတ်လမ်းတွဲမှာ အကောင်းဆုံးမင်းသားအဖြစ် ရွှေကမ္ဘာလုံးဆုတစ်ဆုရရှိခဲ့ပြီး Two and a Half Men မှာလည်း ရွှေကမ္ဘာလုံးဆုနဲ့ အမ်မီဆုတွေရဲ့ လျာထားစာရင်းဝင်ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်က အနုပညာလှုပ်ရှားမှုအနေနဲ့ ၂ဝ၁၇ ခုနှစ်ရဲ့ 9/11 ရုပ်ရှင်ဇာတ်လမ်းမှာ ခေါင်းဆောင်ပါဝင်ထားပါတယ်။ အနုပညာအလုပ်တင်မက တခြားစီးပွားရေးလုပ်ငန်းလည်းရှိတဲ့ ရှီးန်ဟာ ၂ဝဝ၆ ခုနှစ်မှာ Sheen Kidz အမည်နဲ့ ကလေးအဝတ်အထည်တွေထုတ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်တုန်းက ရှီးန်ရဲ့ Twitter Account ဟာ အချိန်အတိုင်းအတာ အမြန်ဆုံးနဲ့ Followers တစ်သန်း ပြည့်မြောက်ခဲ့တာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်ခဲ့သလို အဲဒီ အချိန်က တီဗီဇာတ်လမ်းတွဲ Episode တစ်ခုစီတိုင်းမှာ ဝင်ငွေအမြင့်ဆုံး ရရှိတဲ့ တီဗီမင်းသားအဖြစ်လည်း ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ နာမည်ကျော်ကြားပြီး ဝင်ငွေကောင်းတဲ့ ရှီးန်ဟာ တစ်ဖက်မှာလည်း အရက်နဲ့မူးယစ်ဆေး ပြဿနာ၊ ဇနီးသည်ကို ရိုက်နှက်မှုလို အိမ်ထောင်ရေးပြဿနာတွေနဲ့ လည်း လူသိများသူဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်က တီဗီဇာတ်လမ်းတွေမှာ ဝင်ငွေအမြင့်ဆုံးမင်းသားဖြစ်ခဲ့တဲ့ ရှီးန်ဟာ အခုလက်ရှိမှာ အမေရိကန် ဒေါ်လာ ၁၂၅ သန်းကို အသားတင်ပိုင်ဆိုင်ထားပြီး ပရဟိတလုပ်ငန်း အတော်များများကိုလည်း ကူညီထောက်ပံ့ပေးနေပါတယ်။

ချာလီရှီးန်ကို ၁၉၆၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ကြီးမှာ ရုပ်ရှင်မင်းသား မာတင်ရှီးန်နဲ့ ပန်းချီဆရာမ ဂျဲနက်တမ်ပလက်တန်တို့ရဲ့ အငယ်ဆုံးသား ကားလို့စ်အက်စ် တီဗက်ဇ်အဖြစ် မွေးဖွားခဲ့ပါတယ်။ ရှီးန်မှာ မွေးချင်း အစ်ကိုနှစ်ယောက်နဲ့ ညီမတစ်ယောက်ရှိပြီး မောင်နှမလေးယောက်စလုံးဟာ ရုပ်ရှင်သရုပ်ဆောင်တွေချည်းပါပဲ။ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဆန်တာမိုနီမြို့ အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့တဲ့ ရှီးန်ဟာ အသက်ကိုးနှစ်အရွယ်မှာပဲ ရုပ်ရှင်ဇာတ်လမ်းထဲ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။ အနုပညာပိုးမသေးလှတဲ့ ရှီးန်ဟာ ပညာရေးမှာ အားနည်းတာကြောင့် ကျောင်းထုတ်ခံခဲ့ရပါတယ်။ နောက်ပိုင်း ရုပ်ရှင်လောကထဲ ခြေစုံပစ်ဝင်ရောက်လာတဲ့ ရှီးန်ဟာ ၁၉၈၄ ခုနှစ်ရဲ့ Red Down ဇာတ်လမ်းနဲ့ လူကြီးသရုပ်ဆောင်ဘဝ စတင်ခဲ့ပါတယ်။ အဲဒီ ခေတ်အခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ ရှီးန်ဟာ အိမ်ထောင်သုံးဆက်ကျခဲ့ပြီး အခုလက်ရှိအချိန်မှာ သားသမီးငါးယောက်နဲ့ မြေးတစ်ယောက်ရှိပါတယ်။ ၂ဝဝ၈ ခုနှစ်က တတိယဇနီးသည် ဘရုတ်ခ်မူလာနဲ့ လက်ဆက်ခဲ့ပြီး အမြွှာသားနှစ်ယောက်ထွန်းကားခဲ့ပေမဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာပဲ ကွာရှင်းခဲ့ပါတယ်။

ငယ်စဉ်က ချောမောတဲ့ရုပ်ရည်နဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်အရည်အသွေးတို့ကြောင့် အမေရိကန်ပျိုဖြူတွေကြားမှာ ရေပန်းစားခဲ့တဲ့ မီလျံနာရုပ်ရှင်မင်းသားကြီး ချာလီရှီးန်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Sherman Oaks ကMulholland စံအိမ်တင်မကဘဲ နာမည်ကျော် ဘီဗာလီဟေးလ်က Silver Valley Ranch ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မော်တော်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့ ရှီးန်ဟာ သူ့ရဲ့ နေ့စဉ် ခရီးသွားလာရေးအတွက် အသုံးပြုနေတဲ့ စီးတော်ယာဉ်တွေထဲမှာ ဒေါ်လာ ၁၅၉,၅ဝဝ တန် Mercedes-Benz S600 လို ဇိမ်ခံကားတွေ ပါဝင်ပါတယ်။ ၁၉၆၆ မိုဒယ် ဂန္ထဝင်ခေတ်ဟောင်းပြိုင်ကား NASCAR Ford Mustang အနီရောင်တစ်စီးကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပြီး ၂ဝဝ၆ ခုနှစ်မှာ သူ့စိတ်တိုင်းကျ မွမ်းမံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ Mustang ပြိုင်ကားကို အမေရိကန်ဒေါ်လာ တစ်သိန်းဝန်းကျင်နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ ဒါ့ပြင် သူပိုင်ကားတွေထဲက ၁၉၉၄ မိုဒယ် 928 GTS နဲ့ သူ့စိတ်တိုင်းကျ ကျည်ကာကားဘီးတွေ တပ်ဆင်မွမ်းမံထားတဲ့ ၂ဝဝ၉ မိုဒယ် Maybach Landaulet 62S တို့ကိုလည်း ပြန်လည်ရောင်းချခဲ့ပါတယ်။ ရှီးန်ဟာ မော်တော်ကားတွေ အများအပြားဝယ်ယူခဲ့ပြီး ၂ဝ၁၁ ခုနှစ်တုန်းကဆိုရင် ရက်သတ္တပတ်လေးပတ်အတွင်းမှာပဲ အမျိုးအစားမတူတဲ့ မော်တော်ကားလေးစီး ဝယ်ယူခဲ့ဖူးပါတယ်။ မော်တော်ကား အများအပြားဝယ်ယူခဲ့ပေမဲ့ သူဝယ်ခဲ့တဲ့ ကားတိုင်းဟာ သူ့ရဲ့ ကားဂိုဒေါင်ထဲရောက်တာတော့ မဟုတ်ပါဘူး။ အကြောင်းက ရှီးန်ဟာ သူစီးဖို့မဟုတ်ဘဲ သူနဲ့တွဲခုတ်တဲ့အမျိုးသမီးတွေကို လက်ဆောင်ပေးခဲ့တာကြောင့်ပါပဲ။ သူ့ရဲ့ တွဲဖက်အမျိုးသမီးတွေကို လက်ဆောင်ပေးခဲ့တဲ့ ကားတွေထဲမှာ ဒေါ်လာ ၃၂ဝ,ဝဝဝ တန် Bentley ကားတစ်စီး၊ ဒေါ်လာ တစ်သိန်းခွဲတန် Porsche Turbo ကားတစ်စီးနဲ့ ဒေါ်လာ ၁၆ဝ,ဝဝဝ တန် Mercedes-Benz S63 ကားတစ်စီးပါဝင်ပြီး သူ့ဇနီးဟောင်း ဘရုတ်ခ်မူလာကိုလည်း ဒေါ်လာ ၁၆ဝ,ဝဝဝ တန် Mercedes-Benz CL600 ကားသစ်တစ်စီး ဝယ်ပေးခဲ့ပါတယ်။ အဲဒီရက်သတ္တပတ်လေးပတ်တည်းနဲ့တင် ရှီးန်တစ်ယောက် မော်တော်ကားဝယ်ယူမှုအတွက် ဒေါ်လာ ၇၉ဝ,ဝဝဝ လောက် ကုန်ကျခဲ့ပါတယ်။ ရှီးန်ကို သူပါဝင်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ မော်တော်ကားတွေနဲ့ တွဲဖက်တွေ့မြင်ရလေ့ရှိပြီး ၁၉၈၇ ခုနှစ်တုန်းက No Man’s Land ဇာတ်လမ်းမှာ ကားသူခိုးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ သူက တစ်စီးမျှမခိုးခဲ့ဖူးဘဲ သူ့ကားတွေချည်း အခိုးခံရတာကို အနည်းဆုံးသုံးကြိမ်လောက် ကြုံတွေ့ခဲ့ဖူးပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလက သူ့ရဲ့ ၂ဝဝ၉ မိုဒယ် Mercedes-Benz ဆီဒန်ကား အခိုးခံခဲ့ရပြီး တောင်ကမူ အစွန်းတစ်ခုမှာ ပြန်တွေ့ခဲ့ပါတယ်။ နောက်ကားတစ်စီးကတော့ ၂ဝဝ၉ မိုဒယ် ငွေရောင် Bentley ကားကြီးဖြစ်ပြီး သူနေထိုင်ရာစံအိမ်နဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ပြန်ရှာတွေ့ခဲ့ပါတယ်။ နောက်တစ်ကြိမ်ကတော့ ၂ဝ၁ဝ ပြည့် နှစ်အတွင်းမှာပဲ သူ့ရဲ့ 2010 Mercedes-Benz ငွေရောင်ကား အခိုးခံခဲ့ရပြန်ပြီး ပထမတစ်ကြိမ်တုန်းကတွေ့ခဲ့တဲ့ တောင်ကမူအစွန်းမှာပဲ ပြန်ရှာတွေ့ခဲ့ပါတယ်။ အဲဒီတုန်းက ရှီးန်ဟာ သူ့ကားအခိုးခံရမှန်းတောင် မသိဘဲ သက်ဆိုင်ရာက လာအကြောင်းကြားမှ ကားအခိုးခံရမှန်းသိခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here