သုံးဘီးဆိုင်ကယ်များအတွက် စည်းကမ်းနှင့်အမြန်နှုန်း သတိပေးအမှတ်အသားဆိုင်းဘုတ်များ စိုက်ထူပေးသင့်

150

 

မန္တလေး၊ ဇွန် ၁၆
မန္တလေးမြို့တွင် ခရီးသည်တင်သုံး ဘီးဆိုင်ကယ်များအတွက် မဝင်ရ လမ်းများ ကန့်သတ်ခြင်းထက်စည်း ကမ်းနှင့်အမြန်နှုန်းများ သတ်မှတ်ကာ သတိပေး အမှတ်အသား ဆိုင်းဘုတ်များ သေချာ စိုက်ထူ ကပ်ထားသင့်ကြောင်း ချမ်းမြသာ စည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွတ်တော်ကိုယ် စားလှယ် ဦးတင်အောင်က အကြံ ပြုသည်။

“ခရီးသည်တွေ လိုရာခရီး ရောက်ဖို့အတွက် သုံးဘီးတွေ မဝင်ရမယ့်လမ်းတွေကို ကန့်သတ်မယ့် အစား စည်းကမ်းနဲ့ အမြန်နှုန်းတွေကို သတ်မှတ်တာက ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်၊ တကယ်လို့ မဝင်ရမယ့်နေရာတွေ သတ်မှတ်မယ်ဆိုလည်း ဘယ်နေရာတွေ တော့ မဝင်ရဘူးဆိုတာ တိတိကျ ကျ အတိအလင်း ထုတ်ပြန် ကြေ ညာသင့်ပါတယ်၊ ထုတ်ပြန် ကြေ ညာတဲ့အပြင် လမ်းမကြီးတွေမှာ လည်း ကပ်ထားသင့်ပါတယ်၊ ဒါမှ သူတို့ရဲ့ဝင်ငွေတွေလည်း လျော့ မသွား နိုင်တော့ဘူး၊ စည်းကမ်း လည်း ထိန်းပြီးသားဖြစ်သွားပါမယ်” ဟု ၎င်းက အကြံပြုပြောကြားသည်။

မန္တလေးမြို့တွင် မြို့တွင်း ဘတ်စ်ကားလိုင်း အသုံးပြုမှုအလွန်အားနည်းသည့်အတွက် ယခု ကဲ့သို့ တုတ်တုတ်(ခေါ်)ခရီးသည် တင် သုံးဘီးဆိုင်ကယ်များသာ အားထား အသုံးပြုသွားလာရသော် လည်း အရှိန်ပြင်းမောင်းနှင်မှုနှင့် တစ်ဟုန်ထိုး ကွေ့မှုတို့ကြောင့် ယာဉ်အန္တရာယ် ဖြစ်ပွားမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် သုံးဘီးဆိုင်ကယ်များ ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့ ကျရန် စီမံချက်ချ၍ လုပ်ဆောင်သင့်ကာ ကောင်းမွန်မှန်ကန်ပြီး စနစ်ကျသော စီမံခန့်ခွဲမှုမျိုး လုပ်ဆောင်နိုင်ပါက အဆိုပါ သုံးဘီးယာဉ်များသည် အများပြည်သူအတွက် ရှိသင့်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီနယ်နိမိတ် အတွင်း သုံးဘီးယာဉ်ငယ်များအား (၂၆ လမ်း၊ ၆၆ လမ်းမှ ၈၆ လမ်း အထိ)၊ သိပ္ပံလမ်း (၆၆လမ်းမှ ၇၈ လမ်းအထိ)၊ ၆၆လမ်း (၁၂ လမ်းမှ ၂၇ လမ်းအထိ)၊ ၇၃လမ်း (၂၆ လမ်းမှ ၃၅လမ်းအထိ)၊ ၇၈ လမ်း (၂၆ လမ်းမှ သိပ္ပံလမ်းအထိ)၊ လမ်း ၈ဝ (၁၂ လမ်းမှ ၂၆ လမ်းအထိ)၊ ၈၄ လမ်း (၂၆ လမ်းမှ ၃၅ လမ်း အထိ)နှင့် မန္တလေးတောင်အတက်၊ အဆင်းလမ်းတို့တွင် မောင်းနှင်ခွင့် လုံးဝ ခွင့်ပြုမထားဘဲ ခြွင်းချက် အနေဖြင့် ၇၈ လမ်း (၂၈ လမ်းမှ ၃၂ လမ်းအထိ)ကိုမူ မောင်းနှင်ခွင့် ပြုထားကာ အခြားလမ်းများတွင် လွတ်လပ်စွာ မောင်းနှင်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။

“တစ်နေ့တခြား ပြောင်းလဲ နေတဲ့ မြို့ပြဖွံ့ဖြိုးမှု၊ လူဦးရေ ယာဉ်စီးရေ အခြေအနေအရ လက် ရှိသတ်မှတ်ထားတဲ့ လမ်းပိုင်းတွေအပြင် ကျန်လိုအပ်တဲ့ လမ်းပိုင်းတွေမှာ မဝင်ရသတ်မှတ်ဖို့ နောင်တစ်ချိန် လိုအပ်လာမှာ ဖြစ်ကြောင်း လေ့လာတွေ့ရှိနေရပြီးတော့ မဝင်ရလမ်းတိုးချဲ့သတ်မှတ်ရမယ့် ကာလတစ်ခုကိုရောက်ရှိလာနိုင်ကြောင်း သုံးသပ်ရရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here