အရုပ်ကားများကို နှစ်ခြိုက်သည့် သုံးနှစ်အရွယ် သားငယ်ဖြစ်သူကြောင့် အဝေးထိန်းခလုတ်ဖြင့် မောင်းနှင်နိုင်ပြီး မီးအဖွင့်အပိတ် ပါပြုလုပ်နိုင်သည့် Ford Mustang ပုံစံတူ ကားကိတ်မုန့် တစ်လုံးကို ၎င်း၏မိဘနှစ်ပါးက ဖန်တီးဖြစ်ခဲ့ကြောင်း သြဂုတ် ၁၈ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
Suffok ပြည်နယ်၊ Ipswich မြို့တွင် နေထိုင်ကြသော Angie နှင့် Stuart Harris တို့ စုံတွဲသည် အရုပ်ကားများကို ဝါးစားချင်ယောင်ဆောင်သည့် ကြောက်မက်ဖွယ် သတ္တဝါကြီးအသွင် ဆော့ကစားလေ့ရှိသော ၎င်းတို့၏ သားငယ်ဖြစ်သူ Jake ကြောင့် စိတ်ကူးရပြီး အရုပ်ကားတစ်ခုမှ အစိတ်အပိုင်းများနှင့် သစ်ခွရနံ့ကိတ်ပွ၊ ပန်းသီးစိမ်း ထောပတ်ခရင်မ်တို့ကို ပေါင်းစပ်ကာ လိမေ္မာ်ရောင် တောက်တောက် Ford Mustang Shelby GT500 ကားပုံစံ ကိတ်မုန့်တစ်လုံး ပြုလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ Mr Stuart ၏ လျှပ်စစ်ပညာ ကျွမ်းကျင်မှုနှင့် ၎င်း၏ဇနီးဖြစ်သူ Angie ၏ မုန့်ဖုတ်ကျွမ်းကျင်မှုတို့ ပေါင်းစပ်ပြီး ဖန်တီးခဲ့သည့် ယင်းကားကိတ်မုန့်မှာ အဝေးထိန်းခလုတ်ဖြင့် မောင်းနှင်နိုင်သည့်အပြင် ရှေ့မီးကြီးနှင့် ဘရိတ်မီးများပါ အသုံးပြုနိုင်သည်ဟုဆိုသည်။
ယင်းကိတ်မုန့် ဖန်တီးပြီး ချိန်တွင် Stuart ၏ မွေးနေ့နှင့် တိုက်ဆိုင်သွားသဖြင့် Angie က မွေးနေ့လက်ဆောင်အဖြစ်ပေးရန် စိတ်ကူးမိသေးသော်လည်း သားငယ် Jake က ကိတ်မုန့်အား စားပစ်လိုက်သည်ဟုဆိုသည်။ ဟောင်ကောင် ကိတ်ဆိုင်တစ်ခုက ပြုလုပ်ခဲ့သည့် ဟွန်းတီး၍ရသလို အချက်ပြမီးများလည်း အသုံးပြုနိုင်သော အဝေးထိန်း အရုပ်ထရပ်ကား ဗီဒီယိုတစ်ခုလည်း ယခုနှစ်ဆန်းပိုင်းက အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူပေါင်း လေးသန်းရှိခဲ့ကြောင်း သိရသည်။
Ref: Daily Mail