သီတင်းကျွတ်ရုံးပိတ်ရက်ရှည်နှင့် ခရီးသွားရာသီအဖွင့်

267

၀ဿန်ရာသီ ကုန်ဆုံးတော့မယ်။ ၀ဿန်ရာသီ ကုန်တော့မှာဖြစ်လို့ မုတ် သုံမိုးလည်း တဖြည်းဖြည်း ဆုတ်ခွာစပြုလာပြီ။ မုတ်သုံဆုတ်ခွာပြီဆိုတာနဲ့ ပွင့်လင်းရာသီက စလာပြီပဲ။ ပွင့်လင်းရာသီ စတာနဲ့ ပွဲလမ်းသဘင်တွေ၊ ပျော်စရာရွှင်စရာတွေ၊ လည်ပတ်သွားလာစရာတွေ တန်းစီလာပြီ။ ပွင့်လင်း ရာသီရဲ့ ပထမဆုံးစတင်တွေ့ရတဲ့ပွဲကတော့ သီတင်းကျွတ်ပွဲ။ ၀ါလကင်း လွတ်တာနဲ့ သီတင်းကျွတ်ပွဲက စပြီ။
၀ါတွင်းကာလ တစ်လျှောက်လုံး ၀ါဆိုကပ်နေခဲ့ရတဲ့ ရဟန်းသံဃာ အရှင်သူမြတ်တွေ သီတင်းကျွတ်မှာ ၀ါထွက်လို့ ပ၀ါရဏာပြုကြတယ်။ လူငယ်၊ သားသမီး၊ တပည့်တွေက သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို ကန်တော့ကြတယ်။
မယ်တော်မိနတ်သားကို ၀ါတွင်းကာလပတ်လုံး တရားတော်တွေ ချီးမြှင့်ခဲ့ပြီး တာ၀တိံသာက လူ့ပြည်ကို ပြနြွ်ကလာတဲ့အခါ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းမှာ မြတ်စွာဘုရားနှင့်တကွ သိကြား၊ ဗြဟ္မာ ခြံရံဆင်းသက်လာတာကို ဆီမီး၊ မီးကျည်၊ မီးပန်း၊ အမွှေးနံ့သာ တိုင်၊ ပန်း၊ ရေချမ်း၊ ဆွမ်းတွေနဲ့ ပူဇော်ကြတယ်။ ဆီမီး ထွန်းညှိပူဇော် ပွဲတွေ ကျင်းပပြုလုပ်တယ်။
ရာသီအားဖြင့် တူရာသီ၊ ရာသီရုပ်က ချိန်ခွင်ကိုင်ထားတဲ့ ယောကျာ်း ရုပ်၊ စန်းယှဉ်တဲ့နက္ခတ်က အသ၀နိနက္ခတ်၊ ပွင့်တဲ့ပန်းက ကြာ၊ ပွဲတော် သတ်မှတ်ချက်က မီးမြင်းမိုရ်ပွဲလို့ သီတင်းကျွတ်လနဲ့ ပတ်သက်ပြီး ရှေး ပညာရှင်တွေက သတ်မှတ်ခဲ့ကြတယ်။
မီးမြင်းမိုရ်ပွဲ အစဉ်အလာကနေ မီးထွန်းပွဲအစဉ်အလာ ဖြစ်လာတယ်။ ကြာပန်းတွေပွင့်တဲ့အချိန်ဖြစ်လို့ ဘုရားရှင်ကို ကြာပန်းတွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ပူဇော်နိုင်တယ်၊ ပူဇော်ကြတယ်။ ကြာပန်းလှိုင်လှိုင်ပွင့်တဲ့ အချိန်မှာ တချို့က ရည်ရွယ်ထားသမျှတွေ မကြန့်ကြာအောင်ဆိုပြီး ဘုရားရှင်ကို ကြာပန်းတွေနဲ့ လက်အုပ်ချီ ဆုတောင်းကြတယ်။ လူ အမျိုးမျိုးမှာ စိတ်အမျိုးမျိုးရှိကြတာပဲလေ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပဲ ပေါ့။ ပြောရရင်တော့ အများကြီး။
အဓိကပြောချင်တာကတော့ သီတင်းကျွတ်ပြီဆိုတာပဲ။ သီတင်း ကျွတ်တော့ ပွင့်လင်းရာသီ ရောက်လာပြီ။ ပွင့်လင်းရာသီရောက်တာနဲ့ ခရီးသွားတွေ ခရီးစဉ်တွေ အစပြုလာခဲ့ကြပြီ။
ဒီနှစ်သီတင်းကျွတ်မှာ ရုံးပိတ်ရက် ရက်ရှည်ဖြစ်နေတယ်။ သီတင်း ကျွတ်ရုံးပိတ်ရက် ရက်ရှည်လို့ ခရီးသွားမယ့်သူတွေ ပိုပြီးများပြားမှာ အသေ အချာပါပဲ။ မြန်မာပြည်မှာ တစ်ချိန်က ခရီးသွားဖို့ စိတ်ကူးမရှိခဲ့ကြပေမဲ့ ယခုအချိန်မှာတော့ ထစ်ခနဲဆို ခရီးသွားချင်တဲ့ ခရီးထွက်ခြင်းအလေ့အထ က ရှင်သန်နေခဲ့ပါပြီ။ ရုံးပိတ်ရက်ရှည်နဲ့ကြုံရင် ခရီးပိုထွက်ကြတယ်။
တချို့ကလည်း ရုံးပိ်တ်ရက်ရှည်ရင် မွေးရပ်ဇာတိပြန်ကြတယ်။ ဆွေ မျိုးအသိုက်အ၀န်း၊ မိဘညီအစ်ကိုမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေ ချင်ကြတယ်။ ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ရှေး ဟောင်းနှောင်းဖြစ်၊ ငယ်မူငယ်သွေးစကားတွေနဲ့ ငယ်ရုပ်ဆင်ချင်ကြသေး တယ်။
ပြောရရင်တော့ ရုံးပိတ်ရက်ရှည်ကြုံတွေ့တိုင်း ခရီးသွားတတ်သူ တွေအတွက် ဒီနှစ်သီတင်းကျွတ်က ခရီးသွားဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ ဒီတော့ ခရီးထွက်ကြတယ်။ သွားကြလာကြမယ်။
အဲဒီလို သွားလာတဲ့နေရာမှာ သယ်ယူပို့ဆောင်ရေးက အဓိကအရေး ပါတယ်။ ရထားနဲ့သွားမယ့်သူတွေအတွက် ရထားလက်မှတ်၊ ကားနဲ့ သွားလာမယ့်သူတွေအတွက် ကားလက်မှတ်၊ သငေ်္ဘာရွက်လှေနဲ့ သွား မယ့်သူတွေအတွက် သငေ်္ဘာစက်လှေ လက်မှတ် စတဲ့ လက်မှတ်တွေ လွယ်လင့်တကူ ၀ယ်ယူရရှိနိုင်ဖို့ လိုပါတယ်။
တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလိုပဲ လက် မှတ် အလွယ်တကူ၀ယ်မရဘဲ အိုးနင်းခွက်နင်းဖြစ်နေရင် လက်မှတ်မှောင် ခို၊ နေရာမှောင်ခိုရောင်းချသူတွေဆီက ဈေးအဆမတန်၀ယ်ယူနေကြရမှာ ပါ။ အဲဒီလို ၀ယ်ယူရရင် ခရီးသွားပြည်သူတွေအတွက် များစွာနစ်နာရုံ သာမက ခရီးသွားလုပ်ငန်းအတွက်လည်း ထိခိုက်စေနိုင်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစကာလပါ။ ဒီအချိန်မျိုးမှာ မြန်မာနိုင်ငံတွင်း ခရီးသွားခြင်းနဲ့ ပတ်သက်လို့ ပြည်ပ ဧည့်သည်ရော၊ ပြည်တွင်းဧည့်သည်တွေကိုပါ စိတ်ကျေနပ်စရာဖြစ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွက် သီတင်းကျွတ်လဟာ ခရီးသွားရာသီအစပါ။ အစမှာပဲ ရုံးပိတ်ရက် ရက်ရှည်ဖြစ်လို့ ခရီးသွားသူတွေ များပြားပါလိမ့်မယ်။ စစချင်း များပြားစွာသွားမယ့် ခရီးသည်တွေ စိတ်ချမ်းသာဖို့လိုပါတယ်။
အစကောင်းမှ အနှောင်းသေချာဆိုသလို ပွဲဦးထွက်ခရီးသွား၀န် ဆောင်မှုတွေ အဆင်ပြေနိုင်မှာဖြစ်လို့ ဒီနှစ်သီတင်းကျွတ် ရုံးပိတ်ရက်ရှည် အဖွင့်ခရီးသွားလုပ်ငန်း အောင်မြင်ချောမောအောင် တာ၀န်ရှိသူတိုင်း ၀ိုင်း ၀န်းဆောင်ရွက်သင့်ကြောင်း ရေးသားလိုက်ရပါတယ်။

မောင်ပံသု

LEAVE A REPLY

Please enter your comment!
Please enter your name here