သိန်း ၂၅ဝ နှင့် သိန်း ၃ဝဝ ကြားရွေးချယ်ဝယ်ယူသင့်သည့်ကားများ

1195

အင်ဂျင်ပါဝါနည်းပြီး သိန်း ၃ဝဝ အောက်နဲ့ဘယ်မောင်း Hatchback ကားကိုဝယ်ယူမယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ် Hyundai i-30 နဲ့ ဂျာမနီ နိုင်ငံထုတ် Volkswagen Vross Polo တို့ကို ရွေးချယ်သင့်ပါတယ်။ဒီနှစ်ရဲ့ကားတင်သွင်းခွင့်မူဝါဒအရ ဂျပန်ညာမောင်းကားတွေတင်သွင်းလို့မရတော့တဲ့အတွက်လည်း Toyota Vitz ၊ Honda Fit ၊ Toyota Ractis တို့နေရာမှာ ဒီကားတွေကအစားထိုးစရာဖြစ်လာပါတယ်။

 

 

 

 

 

Hyundai i-30

Hyundai i-30က သေးငယ်တဲ့မိသားစုသုံး Hatchback ကားအမျိုးအစားဖြစ်ပြီး Hyundai ကုမ္ပဏီက ၂ဝဝ၇ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ i-30 ရဲ့ပထမမျိုးဆက်ကို ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်အထိထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကိုတော့ ၂ဝ၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်ထားပါတယ်။ဒုတိယမျိုးဆက် i-30 ဟာ၂ဝ၁၃ ခုနှစ်မှာ တူရကီနိုင်ငံရဲ့တစ်နှစ်တာအကောင်းဆုံး Compact Wagon ဆု၊ ၂ဝ၁၃ ခုနှစ်မှာ သြစတေးလျနိုင်ငံရဲ့ အမျိုးသားအဆင့်အကောင်းဆုံးကားဆုတွေကို ရရှိထားပါတယ်။ i-30 ဟာ ကိုယ်ထည်သေးသေးနဲ့ဆီစားနှုန်းသက်သာတာကြောင့် ရန်ကုန်မြို့တွင်းမှာအသုံးပြုဖို့သင့်တော်တဲ့ကားတစ်စီးဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

i-30 မှာ 1.4 L ၊ 1.6 L နဲ့ 2.0 L စတဲ့အင်ဂျင်ပါဝါ အမျိုးမျိုးရှိပြီး ဓာတ်ဆီအင်ဂျင် အပြင် ဒီဇယ်အင်ဂျင်တွေကိုပါထုတ်လုပ်ထားပါတယ်။ မြန်မာနိုင်ငံစျေးကွက်မှာတော့ Gamma 1.6 L ဓာတ်ဆီအင်ဂျင်ကို မြင်တွေ့ရများပါတယ်။ ဆီစားသက်သာဖို့အတွက်ကားဘော်ဒီကို အထူးပေါ့ပါးအောင်ပြုလုပ်ထားပြီး အင်ဂျင်အမြင့်ဆုံးစွမ်းဆောင်ရည်အဖြစ် Rpm 6300 မှာ မြင်းကောင်ရေ ၁၃ဝ ရရှိစေသလို အင်ဂျင်ရဲ့တုန်ခါမှုတွေကို လျော့ချပေးထားပါတယ်။ ဂီယာကိုတော့ Sport Mode ပါဝင်တဲ့အော်တိုဂီယာ ၆ချက်ကိုအသုံးပြုထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၂ဝ၁၅ မိုဒယ် i-30 မှာနောက်ပိုင်းကားမိုဒယ်တွေမှာပါတဲ့ Feature တွေအတိုင်း HID ရှေ့မီးကြီး၊ Push-Start ၊ မှန်ချိုးမှန်ခေါက်စနစ် စတဲ့ စနစ်တွေပြည့်ပြည့်စုံစုံပါဝင်ပါတယ်။ ကားရဲ့အပြင်ပိုင်းက လုံးကျစ်ကျစ် နဲ့ Sport ဆန်ဆန်ဖန်တီးထားပါတယ်။ ကားဘီးတွေမှာဆိုရင် ၁၇လက်မ အလွိုင်းဘီးတွေတပ်ဆင်ထားပါတယ်။ ကားရဲ့အတွင်းပိုင်း   သားရေချုပ်ထားတဲ့ ဒိုင်ခွက်ကာဗာနဲ့ Dashboard ဒီဇိုင်းကြောင့် Sport Type ဒီဇိုင်းကိုပိုပြီးပေါ်လွင်စေပါတယ်။ရှေ့ထိုင်ခုံနှစ်ခုကြားမှာ သက်သောင့်သက်သာရှိစေဖို့လက်တင်စရာတစ်ခုပါရှိသလို နောက်ထိုင်ခုံတွေကိုလည်း ပစ္စည်းတင်ဖို့အတွက် အခေါက်အသိမ်းပြုလုပ်နိုင်ပါတယ်။

စျေးနှုန်း

၂ဝ၁၅ မိုဒယ် Hyundai i-30 ရဲ့စျေးနှုန်းကတော့ ရန်ကုန်လိုင်စင်နဲ့အက္ခရာအပေါ်မူတည်ပြီး ကျပ်သိန်း ၂၅ဝနဲ့ ၂၇ဝ  ကြားမှာရှိပါတယ်။

 

 

 

 

 

Volkswagen Cross Polo

Polo ကို Volkswagen ကုမ္ပဏီကနေ ၁၉၇၅ ခုနှစ်မှာ Supermini Car အနေနဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။ဒီကားကို ဥရောပတွင်သာမက ကမ္ဘာအနှံအပြားမှာ Hatchback ၊Sedan ၊ Station Wagon အဖြစ်နဲ့ပုံစံအမျိုးမျိုးထုတ်လုပ်ခဲ့ပါတယ်။၂ဝဝ၉ မိုဒယ်ကစပြီး ပဥ္စမမြောက် မျိုးဆက်အဖြစ်ထုတ်လုပ်ခဲ့ရာ European Car of the Year ၊ Japan Import Car of the Year နဲ့ Five-Star Euro NCAP စတဲ့ဆုတွေကိုရရှိခဲ့ပါတယ်။ဂျာမနီနိုင်ငံထုတ်ကားဖြစ်တဲ့အတွက် ဂျပန်ကားတွေထက် ဘော်ဒီ၊ သံပြား ပိုထူပြီး အင်ဂျင်စက်စွမ်းအားကလည်း ပိုကောင်းပါတယ်။

 

အင်ဂျင်အမျိုးအစား

Volkswagen Polo မှာ အင်ဂျင်ပါဝါ ၁၁၉၇ စီစီနဲ့ ၁၃၉၄ စီစီ ၂ မျိုး ရှိပြီး   ၁၁၉၇ စီစီ ကိုပဲတင်သွင်းမှုများပါတယ်။အင်ဂျင်ပါဝါ ၁၂ဝဝ စီစီပဲရှိတယ်ဆိုပေမယ့် Turbo Engine ဖြစ်တဲ့အတွက် စက်စွမ်းအားမြင့်မားပါတယ်။အင်ဂျင်မိုဒယ်က CBZ  ဖြစ်ပြီး Chassis အနေနဲ့ခွဲမယ်ဆိုရင် Polo က 6RCBZ ဖြစ်ပြီး Cross Polo က 6CRBZW ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၂ဝ၁၃ မိုဒယ် Polo မှာ Active Bluemotion Technology  ၊ Tsi Comfortline Bluemotion Technology ၊ Tsi Highline နဲ့ Cross Polo စတဲ့ ဂရိတ်ခွဲတွေရှိပါတယ်။Cross Polo က Polo ရိုးရိုးထက် အရွယ်အစားမသိမသာကြီးသွားပြီး ရှေ့ရုပ်လည်း ကွဲထွက်သွားပါတယ်။ ဂရိတ် အမြင့်ဆုံးလို့ ဆိုနိုင်တဲ့ Cross Polo မှာ Digital Aircon ဖြစ်သွားပြီး အလွိုင်းဆိုဒ်ကလည်း ၁၇ လက်မ ဖြစ်သွားပါတယ်။ Cross Polo ဖြစ်သွားမယ်ဆိုရင် ရှေ့နောက်နှင်းခွဲမီးတွေနဲ့ ရှေ့စကွိုင်လာလည်းပါသွားပါတယ်။ရိုးရိုး Polo မှာ TSI Highline က Digital Aircon ဖြစ်သွားပေမယ့် အလွိုင်းဆိုဒ်က ၁၅ လက်မပဲရှိပါတယ်။ဒီဂရိတ်မှာလည်း ရှေ့နောက် နှင်းခွဲမီးတွေပါရှိသွားပါတယ်။ကျန်ဂရိတ်တွေမှာတော့ Manual Aircon ဖြစ်သွားပြီး အလွိုင်းအစား အော်ရီဂျင်နယ် ဘီးအဖုံးသာပါရှိပါတယ်။

စျေးနှုန်း

Volkswagen Polo  ကိုနံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ဂရိတ်အပေါ်မူတည်ပြီး သိန်း ၂ဝဝ ဝန်းကျင်မှာရှိပါတယ်။Cross Polo ကတော့ သိန်း ၂၅ဝ နဲ့ သိန်း ၂၇ဝ ကြားမှာရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here