မိသားစုသုံးဖို့ပဲဖြစ်ဖြစ်၊ တက္ကစီခိုင်းဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းသုံးဖို့ပဲဖြစ်ဖြစ် အင်ဂျင်ပါဝါနည်းပေမဲ့ ဝန်ကျယ်တဲ့ ၆၆ဝ စီစီ Minivan တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ တွေ့ရပါတယ်။ ဒီကားလေးတွေက အင်ဂျင်ပါဝါ ၆၆ဝ သာရှိပေမဲ့ စက်ဆွဲအားကောင်းမွန်ပြီး လူရောပစ္စည်းပါတင်လို့ရတဲ့အတွက် အပေါ့စားကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ နောက်ပြီး ရုံးသုံး၊ ကုမ္ပဏီသုံးဖယ်ရီအဖြစ်လည်း သင့်တော်တဲ့ကားအမျိုးအစား ဖြစ်ပါတယ်။
Daihatsu Atral Minivan
Daihatsu Atral Minivan ကို ၁၉၈၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ ပါတယ်။ အင်ဂျင်နဲ့ နည်းပညာပိုင်းမှာ Daihatsu Hijet ကိုအခြေခံထားတာဖြစ်ပြီး Minibus အသေးစားအဖြစ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီကားရဲ့အမည်နာမကို ပြင်သစ်ဘာသာစကား Charming ၊ ဂျပန်လို Attria(စွဲဆောင်မှုနှင့်ပျော်ရွှင်မှုပြည့်ဝသော)ဆိုတဲ့အဓိပ္ပာယ်နဲ့ ပေးထားတာဖြစ်ပါတယ်။ ဥရောပမှာ Atria ကို Hijet နဲ့အပြိုင် မှာယူမှုများတဲ့အတွက် စျေးကွက်အောင်မြင်မှုရတဲ့ကားအမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကားစျေးကွက်မှာတော့ ၆၆ဝ စီစီ Minivan တွေကို Wagon ကားတွေအတိုင်း အခွန်ကောက်ခံတဲ့အတွက် Carry Truck တွေနဲ့ယှဉ်မယ်ဆိုရင် သိန်း ၄ဝ လောက်စျေးပိုများပါတယ်။
အင်ဂျင်အမျိုးအစား
အင်ဂျင်ပါဝါ ၆၆ဝ စီစီသာရှိပေမဲ့ စက်ဆွဲအား ကောင်းပြီး အော်တိုဂီယာ ၄ ချက်ကို 2WD၊4WD နှစ်မျိုးထုတ်လုပ်ထားပါတယ်။ 2WD ရဲ့Chissis က ABA-S3231G ဖြစ်ပြီး 4WD ရဲ့ Chissis က ABA-S331G ဖြစ်ပါတယ်။ အင်ဂျင်မိုဒယ်ကတော့ KF-DET ဖြစ်ပြီး အမျိုးအစားက 3 Cylinder DOHC 12 Valves IC-Turbo အင်ဂျင်ဖြစ်ပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်
Daihatsu Atrai က တစ်ခြား ၆၆ဝ စီစီ Minivan တွေထက် အတွင်း ဂရိတ်ပိုမြင့်ပါတယ်။ ဘေး Slide Door အပါအဝင် တံခါး ၄ ချပ်ဖြစ်ပြီး ၅ ယောက်စီးအမျိုးအစားဖြစ်ပါတယ်။ ပစ္စည်းတင်တဲ့ နောက်ခန်းကလည်း ကျယ်ဝန်းပြီး နောက်ထိုင်ခုံတွေကိုလည်း ခေါက်ပြီးအသုံးပြုနိုင်ပါတယ်။ ၂ဝ၁ဝ မိုဒယ် မှာ Custom Turbo R ၊Custom Turbo RS ၊ Custom Turbo RS Limited စတဲ့ဂရိတ်တွေရှိပြီး ပါဝါတံခါး ၂ ချပ်နဲ့ Aircon Auto ဖြစ်ပါတယ်။ မှန်ချိုးမှန်ခေါက်၊ဘက်မှန်မီးခြောက်နဲ့ မှန်ကာလာလည်း ပါရှိပါတယ်။ Limited ဂရိတ်မှာဆိုရင် ရှေ့နောက်ထိုင်ခုံလက်တင်ပါရှိသလို Push Start ဖြစ်တာများပါတယ်။
စျေးနှုန်း
၆၆ဝ မီနီဗင်တွေဟာ ကားအနေအထားနဲ့ အက္ခရာအပေါ်မူတည်ပြီး ၁ဝ သိန်းကနေ သိန်း ၂ဝ ကြား စျေးကွာဟပါတယ်။ Daihatsu Atrai Minivan ကတော့ Push Start ဖြစ်ပြီး ထိုင်ခုံလက်တင်ပါတယ်ဆိုရင် သိန်း ၁၅ဝ ဝန်းကျင်ရှိပြီး ပုံမှန်ဂရိတ်ကတော့ သိန်း ၁၃ဝ ဝန်းကျင်ရှိပါတယ်။
Nissan Clipper Rio
Nissan Clipper Rio ကို Mitsubishi Town Box နဲ့ ယှဉ်တွဲသိကြပြီး ဒီကားနှစ်စီးရဲ့ ရုပ်ကလည်း Brand Logo ကလွဲပြီး တော်တော်လေး ဆင်ပါတယ်။ ဒီကားအမျိုးအစားကို ၁၉၉၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁ဝ စုနှစ် တစ်ခုကျော်ကြာ ၂ဝ၁၁ ခုနှစ်၊နိုဝင်ဘာလမှာတော့ ထုတ်လုပ်မှု အဆုံးသတ်ခဲ့ပါတယ်။ မြန်မာပြည်ကားစျေးကွက်မှာ Pick-Up ကားတွေ နေရာကို Carry Truck ကားလေးတွေ အစားထိုးဝင်ရောက်လာပြီးနောက်ပိုင်း ဒီကားလေးတွေနဲ့ အမျိုးအစားတူတဲ့ Mini Van တွေလည်း အသုံးပြုမှုများလာပြီ ဖြစ်ပါတယ်။
အင်ဂျင်အမျိုးအစား
Clipper Rio ကို အင်ဂျင်ပါဝါ ၆၅၇ စီစီနဲ့ ထုတ်လုပ်ထားပါတယ်။ အော်တိုဂီယာ ၄ ချက်ကို 2WD၊4WD အင်ဂျင်နှစ်မျိုးနဲ့ထုတ်လုပ်ထားပါတယ်။ Clipper Rio ရဲ့အင်ဂျင်မိုဒယ်က 3G83 ဖြစ်ပြီး ဒီကားနဲ့ ရုပ်ဆင်တဲ့ Mitsubishi Town Box နဲ့ အင်ဂျင်ချင်းတူပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
တံခါး ၅ ချပ်ဖြစ်ပြီး ရှေ့တံခါး ၂ ချပ်က မှန်အတင်အချပါဝါဖြစ်ပြီး နောက်ဆွဲတံခါး ၂ ချပ်ကတော့ မှန်အတင်အချက လက်လှည့်ဖြစ်သွားပါတယ်။ UV Filter ပါဝင်တဲ့အတွက် မှန်ကာလာ ပါရှိပါတယ်။ Clipper Rio ၂ဝ၁ဝ-၂ဝ၁၁ မိုဒယ်မှာ E၊G ၊E Four ၊G Four ၊E Aero Version၊ G Aero Version ၊E Four Aero Version ၊G Four Aero Version စတဲ့ ဂရိတ်တွေရှိပြီး Aero Version ဂရိတ်တွေက ရှေ့ Spoiler နဲ့ နှင်းခွဲမီးပါသွားတဲ့အတွက် ရုပ်မသိမသာလေး ပြောင်းသွားပါတယ်။E ဂရိတ်မှာ ထိုင်ခုံအရောင်က မိတ်ကပ်ရောင်ဖြစ်ပြီး ကျန်ဂရိတ်တွေကတော့ အနက်ရောင်ဖြစ်သွားပါတယ်။ ၂ဝ၁ဝ မိုဒယ်ရဲ့ ဂရိတ်အားလုံးမှာ နောက် ထိုင်ခုံလက်တင်ပါသွားပါတယ်။
စျေးနှုန်း
Nissan Clipper Rio ရဲ့ စျေးက Daihatsu ၊Suzuki Mini Van တွေရဲ့ အောက်မှာရှိပြီး ၂ဝ၁ဝ မိုဒယ်ဆိုရင် Aero Version တွေက သိန်း ၁၃ဝ ဝန်းကျင်ရှိပြီး ရိုးရိုးဂရိတ်တွေကတော့ ကျပ်သိန်း ၁၂ဝ ဝန်းကျင်ရှိပါတယ်။