သိန်း ၁၅ဝ ဝန်းကျင်ဖြင့်ရွေးချယ်ဝယ်ယူသင့်သည့်ကားများ

3160

ကျောင်းဖွင့်ရာသီ နီးလာတဲ့အတွက် နှစ်အစပိုင်းနဲ့ယှဉ်ရင် ဒီလထဲမှာ ၁၃ဝဝ စီစီကားတွေ အရောင်းအဝယ် ပြန်ဖြစ်လာပါတယ်။ နယ်လိုင်စင်ကားထက်စာရင် ရန်ကုန်လိုင်စင်ကားတွေ အရောင်းအဝယ်ပိုဖြစ်ပြီး ကျပ်သိန်း ၁၅ဝ ဝန်းကျင်နဲ့ မိုဒယ်မြင့်ကား လိုချင်တယ်ဆိုရင် Toyota Porte နဲ့ Suzuki Splash တို့ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Toyota Porte

 

 

 

 

Toyota Series ရဲ့ ၁၃ဝဝ စီစီ ကားတွေထဲမှာ ၂ဝ၁၁ မိုဒယ်ကစပြီး Vitz ၊ Ractis ၊ Passo တို့ ပုံပြောင်းသွားသလို Porte ကိုလည်း ရုပ်ပြောင်းပြီး ထုတ်လုပ်ထားပါတယ်။ ဘယ်ဘက်ခြမ်းမှာ Sliding Door တပ်ဆင်ထားလို့ Alphard အသေးစားဆိုပြီး လူသိများတဲ့ Porte ဟာ တခြား ၁၃ဝဝ စီစီကားတွေထက် အတွင်းခန်းကျယ်လို့ ဘက်စုံသုံး MPV ကားအနေနဲ့ အသုံးပြုဖို့သင့်တော်တဲ့ကားအမျိုးအစားဖြစ်ပါတယ်။ Toyota Porteကို ၂ဝဝ၄ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပြီး Vitz ကို အခြေခံထားတဲ့ Mini MPV ကားအမျိုးအစား ဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ကိုတော့ ၂ဝ၁၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး Spada လို့လည်း လူသိများပါတယ်။ Porte ရဲ့ ဘေးတံခါးတွေက Sliding Door တွေ ဖြစ်တဲ့အတွက် ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ပြင်သစ်နိုင်ငံထုတ် Peugeot 1007 နဲ့ ဆင်ပါတယ်။

အင်ဂျင်အမျိုးအစား

Porte ကို Auto Gear တစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထားပြီး အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ နှစ်မျိုးထုတ်လုပ်ထားပေမဲ့ 4WD အင်ဂျင်ကတော့ ၁၅ဝဝ စီစီပဲရှိပါတယ်။ Porte ရဲ့အင်ဂျင်အမျိုးအစားက Toyota ကထုတ်လုပ်တဲ့ Ractis ၊ Vitz တို့နဲ့တူပြီး အင်ဂျင်မိုဒယ်က 1NZ-FE/1NR-FE  ဖြစ်ပါတယ်။ ချက်စီ အနေနဲ့ခွဲမယ်ဆိုရင် ၁၃ဝဝ စီစီက NSP140 ၊ ၁၅ဝဝ စီစီ 4WD က NCP145 ၊ 2WD က NCP141 ဖြစ်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

၂ဝ၁၂ မိုဒယ်မှာ ရုပ်ပြောင်းသွားတဲ့ Porte ရဲ့ရှေ့ရုပ်က ပထမမျိုးဆက်နဲ့ယှဉ်ရင် လုံးဝကွာခြားသွားပါတယ်။ ရှေ့ရုပ်က ဘောနတ်၊ ရှဲလ်၊ ဘမ်ပါ၊ မီးခွက်တွေပြောင်းသွားပြီး အရွယ်အစားကလည်း အရင်မိုဒယ်တွေထက် အနည်းငယ်ပိုမြင့်သလို ပိုလည်းရှည်သွားပါတယ်။ အပြင်ရုပ်တွေပြောင်းသွားသလို အတွင်းခန်းက Dashboard ၊ ဒိုင်ခွက်နဲ့ ထိုင်ခုံတွေကအစ ပြောင်းသွားပါတယ်။ ၂ဝ၁၂ မိုဒယ်မှာ G ၊ F ၊ Y ၊ X ဂရိတ်တွေရှိပြီး G ဂရိတ်မှာ Digital Aircon ၊ Push Start ဖြစ်သွားပါတယ်။ ဂရိတ်အားလုံးမှာ ထိုင်ခုံ လျှောက်လမ်း၊ မှန်ချိုး/မှန်ခေါက်၊ ဘက်မှန်မီးခြောက် ပါရှိပါတယ်။

စျေးနှုန်း

၂ဝ၁၂ မိုဒယ် ၁၃ဝဝ စီစီ Porte ကို နယ်လိုင်စင် အက္ခရာအမြင့်နဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၆ဝ ဝန်းကျင်ရှိပြီး ရန်ကုန်လိုင်စင် နံပါတ်အနိမ့်တွေကတော့ ကျပ်သိန်း ၁၃ဝ နဲ့ ၁၅ဝ ကြားမှာ ရှိပါတယ်။

Suzuki Splash

 

 

 

 

၁၃ဝဝ စီစီ City Car တွေထဲမှာ Suzuki Splash ဟာ ထုတ်လုပ်တဲ့သက်တမ်း မကြာသေးတဲ့အတွက် Swift ၊ Vitz ၊ Ractis ၊ Demio ၊ Belta ၊ Passo တို့နဲ့ယှဉ်ရင် လူသိနည်းနေပါသေးတယ်။ Suzuki Motor နဲ့ ဂျာမနီကားကုမ္ပဏီ Adam Opel AG တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့အတွက် ဥရောပဆန်တဲ့အငွေ့အသက်တွေ တွေ့ရပေမဲ့ ကားဒီဇိုင်းနဲ့ အတွင်းဂရိတ်အခြေအနေတွေကြောင့် Suzuki Swift လောက် စျေးကွက်အောင်မြင်မှု မရသေးပါဘူး။ Suzuki Splash ကို ၂ဝဝ၈ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး နှစ်စဉ်မထုတ်လုပ်တဲ့အတွက် ၂ဝ၁၄ ခုနှစ်အထိကို မိုဒယ် ငါးခုပဲ ရှိပါသေးတယ်။ ဒီကားကို Opel ကားကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး Opel Agila ကားရဲ့ဒီဇိုင်းကို အနီးစပ်ဆုံး ယူထားတာဖြစ်ပါတယ်။ Splash ကို Concept Car အနေနဲ့ 2006 Paris Auto Show မှာ ပြသခဲ့ပြီး ထုတ်လုပ်မှုအချောသပ် ဒီဇိုင်းကိုတော့ 2007 Frankfurt Auto Show မှာ ပြသခဲ့ပါတယ်။ ဂျပန်ပြည်တွင်းစျေးကွက်နဲ့ ဥရောပကားစျေးကွက်မှာ Splash ဟာ Suzuki Swift လောက် အောင်မြင်မှုမရသေးပေမဲ့ Suzuki Solio နဲ့ယှဉ်ရင်တော့ စျေးကွက်ဝေစုပိုရရှိထားပါတယ်။ ဒီကားကို အိန္ဒိယ Suzuki ကုမ္ပဏီကနေ Maruki Suzuki Ritz နဲ့ တရုတ်နိုင်ငံမှာ Changhe Suzuki ဆိုပြီး ထုတ်လုပ်ခဲ့တာရှိပါတယ်။

အင်ဂျင်အမျိုးအစား

Suzuki Splash ကို အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ၊ ၁၂ဝဝ စီစီနဲ့ ၁၃ဝဝ စီစီ ထုတ်လုပ်ထားပြီး ၁၃ဝဝ စီစီကိုတော့ ဒီဇယ်အင်ဂျင်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဂျပန်ပြည်တွင်းအသုံးပြုဖို့ ၁၂၄၂ စီစီကိုသာ အများဆုံးထုတ်လုပ်ထားတဲ့အတွက် ဂျပန်လေလံမှာလည်း ၁၂ဝဝ စီစီအနေနဲ့ပဲ ဝယ်လို့ရပါတယ်။ Chassis အနေနဲ့ကြည့်မယ်ဆိုရင် ၁ဝဝဝ စီစီ က K10B ၊ ၁၂ဝဝ စီစီက K12B ဆိုပြီး အလွယ်တကူ ခွဲလို့ရပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

မိုဒယ်တစ်ခုကို ဂရိတ်တစ်မျိုးတည်းနဲ့သာ ထုတ်လုပ်ထားတဲ့အတွက် မြန်မာပြည်ကထုတ်လုပ်တဲ့ Suzuki Ertiga လိုပဲ ရွေးချယ်စရာဆိုလို့ ကားအရောင်ပဲရှိပါတယ်။ ၂ဝ၁၁ မိုဒယ်မှာဆိုရင်လည်း Base Grade တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားပြီး နောက် Spoiler ၊ နောက် Wiper  ပါရှိပေမဲ့ ဘက်မှန်မီးခြောက်မပါဘဲ ပါးခြမ်းမီးပဲ ပါပါတယ်။ နောက်ပြီး Suzuki Swift လို Digital Aircon မဟုတ်ဘဲ လက်လှည့်ပဲ တပ်ဆင်ထားပါတယ်။ ဒီကားရဲ့ အားသာချက်ကတော့ အလွိုင်းဆိုက် ၁၅ လက်မဖြစ်သွားတဲ့အတွက် ကားအောက်ပိုင်း အနည်းငယ် မြင့်သွားပါတယ်။

စျေးနှုန်း

Suzuki Splash ကို ရန်ကုန်လိုင်စင် အက္ခရာအနိမ့်ထဲက ရွေးချယ်ဝယ်ယူမယ်ဆိုရင် အရောင်နဲ့ ကားအခြေအနေအပေါ်မူတည်ပြီး ကျပ်သိန်း ၁၃ဝ နဲ့ ၁၅ဝ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here