သိန်းနှစ်ရာဝန်းကျင်ကားများ အရောင်းအဝယ်ဖြစ်နေသော်လည်း အမြင့်ကားများ စျေးကွက်အေးနေသည့် ရန်ကုန်ကားစျေးကွက်

1697

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇွန်လအတွင်း YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ကားဝယ်ယူအသုံးပြုခွင့်ကို ခွင့်ပြုပေးဖွယ်ရှိရာ အင်ဂျင်ပါဝါမြင့်၊ တန်ဖိုးမြင့်ကားများမှာ အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက်ပြီးသား ကျပ်သိန်းနှစ်ရာအောက်ကားများသာ အဝယ်ရှိကြောင်း သိရသည်။ ရန်ကုန်လိုင်စင်ထုတ်ပေးမည်ဆိုပါက အင်ဂျင်ပါဝါမြင့်ကားများမှာ စလစ်တန်ဖိုးအစား အထိုက်အလျောက် စျေးကျဆင်းသွားနိုင်ပြီး စလစ်တန်ဖိုးလည်း လျော့နည်းသွားမည်ဖြစ်ရာ အမြင့်ကားဝယ်ယူသူများက YVQC စနစ် စတင်မည့်အချိန်ကို စောင့်ကြည့်နေကြသည်။ လက်ရှိအချိန်တွင် ရန်ကုန်လိုင်စင်ရယူမည့်ကားများအတွက် စလစ်လိုအပ်ချက်ရှိနေပြီး YVQC စနစ် စတင်ပါက စလစ်လိုအပ်ချက်လည်း လျော့နည်းသွားမည် ဖြစ်၍ ရန်ကုန်လိုင်စင် နှစ်နှစ်ဆယ်စလစ်သည် ကျပ်သိန်းတစ်ရာဝန်းကျင်အထိ ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။ ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးရာတွင် ပြည်တွင်းထုတ် SKD ကားများကိုလည်း ကုမ္ပဏီရောင်းစျေးအပေါ်မူတည်ပြီး ၃ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ရာ ယခုအချိန်တွင် ရန်ကုန်လိုင်စင်ရရန်အတွက် ထပ်ဆောင်းကြေး ပေးဆောင်စရာမလိုသောကြောင့် SKD ကားများမှာ ဝယ်လိုအား ပိုမိုမြင့်တက်နေသည်။

”ဒီရက်ပိုင်းမှာ အရောင်းအဝယ်တွေကောင်းနေပြီး သိန်းနှစ်ရာအောက် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားတွေ အရောင်းအဝယ်ဖြစ်ပါတယ်၊ သိန်းငါးရာအထက် အမြင့်ကားတွေ ဝယ်မယ့်သူကျတော့ ရန်ကုန်လိုင်စင်ထုတ်ပေးရင် စျေးကျသွားမလားဆိုပြီး မဝယ်သေးဘဲ စောင့်ကြည့်နေကြပါတယ်၊ ဒါပေမဲ့ YVQC စနစ်ကြောင့်တော့ ကားစျေးအတက်အကျက သိသိသာသာပြောင်းလဲမှာတော့မဟုတ်ပါဘူး၊ နောက်ပြီး ကားအရောင်းစင်တာတွေကနေ တင်သွင်းထားတဲ့ Consignment ကားတွေနဲ့ အပ်ကားရှားပါးလာတဲ့အတွက် စလစ်စျေးလည်း သိန်းတစ်ရာအောက်အထိ ကျဆင်းသွားဖို့ မရှိပါဘူး၊ CBU စနစ်နဲ့ တင်သွင်းထားတဲ့ Brand New ကားတွေ၊ ပြည်တွင်းထုတ် CKD ၊ SKD ကားတွေ ဝင်လာမယ့်အခြေအနေအပေါ်မူတည်ပြီး ဂျပန်ညာမောင်းကားစျေးက အထိုက်အလျောက်ကျဆင်းသွားဖို့ ရှိပေမဲ့လည်း သိသိသာသာကြီး ကွာဟသွားမှာ မဟုတ်ပါဘူး”ဟု ‘MMM ကားအရောင်းစင်တာ’ မန်နေဂျင်း ဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

YVQC စနစ်သည် လက်ရှိမော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒနှင့် ကိုက်ညီမှုရှိသည့် ဘယ်မောင်းကားများကို ဦးစားပေးတင်သွင်းခွင့်ပြုမည် ဖြစ်၍ ဂျပန်ညာမောင်း ကားစျေးကွက်အခြေအနေမှာ အပြောင်းအလဲ ရှိလာနိုင်မည် မဟုတ်ပေ။ ကားအရောင်းစင်တာများမှ ပြီးခဲ့သည့်နှစ် Consignment ပါမစ်ဖြင့် တင်သွင်းထားသော ဂျပန်ညာမောင်းကားများကို လက်ရှိမူအတိုင်း စလစ်ကပ်ပြီးမှသာ ရန်ကုန်လိုင်စင်ခွင့်ပြုပေးဖွယ်ရှိ၍ ကားဟောင်းစလစ်စျေးနှင့် နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများ၏ စျေးကွက်မှာ လက်ရှိအခြေအနေအတိုင်း ရှိနေဦးမည် ဖြစ်သည်။ လက်ရှိအချိန်တွင် ကားဝယ်ယူလိုသူများက YVQC စနစ် ကျင့်သုံးလျှင် ကားစျေးများ ပြန်ကျသွားမည်ဟု ထင်မှတ်နေကြသော်လည်း ရန်ကုန်လိုင်စင်ခွဲတမ်းတွင် ညာမောင်းကားများ ပါဝင်လာဖွယ်မရှိ၍ ကားစျေးအတက်အကျလည်း ရှိလာနိုင်မည် မဟုတ်ပေ။ ရန်ကုန်လိုင်စင်ဖြင့် ၂ဝ၁၆ မိုဒယ်နှင့်အထက် စျေးနှုန်းသင့်တင့်သည့် ဘယ်မောင်းကားများ အလုံးအရင်း ဝင်လာမှသာလျှင် ပြည်တွင်း၌ ရောက်ရှိနေသော ဂျပန်ညာမောင်းကားများ၏ စျေးတန်းလည်း ကျဆင်းသွားမည် ဖြစ်သည်။

YVQC စနစ်နှင့် ပတ်သက်ပြီး တိကျသည့်မူဝါဒများ ထွက်ပေါ်မလာသေးသည့်အတွက် ပြည်တွင်းထုတ် SKD ကားများနှင့် စျေးကွက်ထဲရှိ ၁၃ဝဝ စီစီကားများဖြစ်သော Toyota Probox ၊ Toyota Vitz ၊ Honda Fit ၊ Toyota Belta ၊ Fit Shuttle စသည့်ကားများသာ အဓိက အရောင်းအဝယ်ဖြစ်နေသည်။

”ဇွန်လဆန်းမှာ နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီကားတွေ အရောင်းအဝယ်ဖြစ်ပါတယ်၊ ကားအရောင်းစင်တာ ဖွင့်လှစ်ထားသူတွေကလည်း ကားသစ်သွင်းဖို့ ရှားလာတဲ့အတွက် စျေးကွက်ထဲက ရှိတဲ့ကားဟောင်းတွေကို ပြန်ရောင်းလာကြတယ်၊ တချို့ကလည်း အရောင်းအဝယ်ဖြစ်တဲ့ SKD ကားတွေကို Dealer ယူပြီး ရောင်းလာကြတယ်၊ အခုလတ်တလောမှာ Toyota Vitz ၊Toyota Probox ၊Honda Fit Shuttle နဲ့ ကားသစ်ထဲက Suzuki Ciaz ၊ Suzuki Ertiga တို့ အရောင်းအဝယ်ဖြစ်ပါတယ်၊ နံပါတ်မထွက်သေးတဲ့ စတိနံပါတ်ကားတွေကတော့ အရောင်းအဝယ် ဆက်ပြီးအေးနေပါတယ်၊ ရန်ကုန်လိုင်စင်နဲ့ ကားဝယ်ယူခွင့်ရရင်တော့ စတိနံပါတ်ကားတွေ အရောင်းအဝယ်ပြန်ကောင်းလာနိုင်ပါတယ်”ဟု     ‘United Eleven Motor ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုအောင်သူက ဆိုသည်။

ရန်ကုန်လိုင်စင် ပြန်ဖွင့်ပေးရာတွင် နယ်လိုင်စင်ကားများကို ထိရောက်သည့် အခွန်နှုန်းထားတစ်ခု သတ်မှတ်ပြီး ကောက်ခံမည်ဆိုပါက ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ကြား စျေးကွာဟချက် ပိုများသွားမည် ဖြစ်သည်။ ရန်ကုန်မြို့တွင် နေထိုင်သူများက နယ်လိုင်စင်ကားများကို ထုတ်ရောင်းပြီး ရန်ကုန်လိုင်စင်ကားများ ပြန်လည်ဝယ်ယူလာကြမည်ဖြစ်ရာ နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများ၏ ဝယ်လိုအားမှာ မြင့်တက်လာဖွယ် ရှိနေသည်။

”၁၃ဝဝ စီစီကားတွေ ထင်မှတ်မထားလောက်အောင် အရောင်းအဝယ်ဖြစ်နေပါတယ်၊ ကျပ်သိန်း ၂၅ဝ ဝန်းကျင် ကားတွေထဲမှာ Honda Fit Shuttle ဆိုရင် တော်တော်လေး ရောင်းရပါတယ်၊ နံပါတ်ထွက်ပြီးသား Toyota Kluger ၊ Toyota Harrier တို့ကတော့ အရောင်းအဝယ် နည်းနည်းပါးပါး ဖြစ်တယ်ဆိုပေမဲ့လည်း အဝယ်ရှားနေသေးပါတယ်၊ ရန်ကုန်လိုင်စင် ပြန်ထုတ်ပေးတဲ့အခါမှာ အရေအတွက်မကန့်သတ်ရင် စလစ်စျေး ကျသွားနိုင်ပါတယ်၊ ဒီရက်ပိုင်းမှာ ပစ်ကပ်နဲ့ လိုက်ထရပ်တွေလည်း တက်စျေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်”ဟု’RIXS Group’မှ မန်နေဂျင်း ဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

ရန်ကုန်လိုင်စင် ခွင့်ပြုပေးရာတွင် Quota ဖြင့် အရေအတွက်ကန့်သတ်ပါက စလစ်လိုအပ်ချက်ရှိနေဦးမည်ဖြစ်ရာ စလစ်စျေးများ ကျပ် သိန်းတစ်ရာအောက်အထိ ကျဆင်းသွားဖွယ်မရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။ လက်ရှိအချိန်တွင်လည်း ၁၃ဝဝ စီစီကားများအတွက် တိုက်ကြေစလစ်ကပ်ပြီး ရန်ကုန်လိုင်စင် ထုတ်ယူလျက်ရှိရာ တိုက်ကြေ စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၅ သိန်း ပေါက်စျေးရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here