သိန်းငါးရာဝန်းကျင် အလယ်အလတ်ကားများ ရွေးချယ်စရာများလာခြင်းနှင့်အတူ လှုပ်ခတ်လာသည့် ကားသစ်ဈေးကွက်

338

 

ရန်ကုန်အဝယ်ရော၊ နယ်အဝယ်ပါ ပြန်ဆင်း၍ ကားအရောင်းအဝယ်မှာ ပြန်လည်လှုပ်ခတ်လာပြီး အကောက်ခွန်နှင့် ကနဦးမှတ်ပုံတင်ခဖြေလျှော့ ပေးထားခြင်းကြောင့် အခွန်သက်သာမှုနှင့်အတူ ဈေးကွက်အတွင်း အရောင်းစင်တာများမှ တင်သွင်းရောင်းချသည့် ကျပ်သိန်းလေးရာမှ ခြောက်ရာဝန်းကျင်အထိ ကားများမှာ ဈေးကွက်ဝေစု ပိုရလာသည်။ ကားသစ်ဈေးကွက်တွင် ရွေးချယ်စရာများလာခြင်းနှင့်အတူ အလဲအထပ်စနစ်နှင့် အရစ်ကျ စနစ်တို့ဖြင့် ဝယ်ယူနိုင်ခြင်းတို့ကြောင့်လည်း ဝယ်လိုအား ပိုများလာသည်။ ထို့ပြင် Covid-19 ရောဂါကူးစက်မှု ဖြစ်ပွားနေဆဲကာလဖြစ်၍ တက္ကစီအသုံး မပြုချင်သူများ Down Payment နည်းနည်းဖြင့် ဝယ်ယူခွင့်များရလာခြင်းကြောင့် ကားသစ်ဈေးကွက်မှာ ယခင်ဈေးကွက်အကြိုက် ညာမောင်းကားများထက် ဝယ်လိုအား တက်လာသည်။ ထို့ပြင် အခွန်သက်သာခွင့် ပေးထားခြင်းနှင့် ဝန်ထမ်းပါမစ်၏ ရိုက်ခတ်မှုများကြောင့် ညာမောင်းကားဈေးကွက်တွင် ကျပ်သိန်း ၁၅၀ မှ နှစ်ရာကြားကားများမှာ အရောင်းအဝယ် ရှိသော်လည်း ရောင်းချင်သူမှာ ပိုများနေပြီး ကျပ်သိန်းငါးရာအထက်တွင်မူ ဝယ်လိုအားနည်းသွားကာ ဈေးများလည်း ပြန်ကျသွားသည်။

“ဒီရက်ပိုင်းအရောင်းအဝယ်တွေ ပြန်လှုပ်လာပါတယ်၊ တချို့နယ် အဝယ်တွေ ပြန်ဆင်းတာပါသလို ကိုဗစ်ကာလမှာ ကိုယ်ပိုင်ကားနဲ့သွား ချင်လို့ Down Payment နည်းနည်းနဲ့ အရစ်ကျဝယ်ယူလာကြတာတွေကြောင့်လည်း ပါတယ်၊ နောက်ပြီး ကားဝယ်ဖို့ ရည်ရွယ်ထားပြီး သူတွေကျတော့ အခုချိန်မှာက အကောက်ခွန်ရော ကညနကပါ အခွန်တွေကို လျှော့ပေးထားလို့ ဈေးသက်သာနေတဲ့အတွက် ဒီကားတွေကို ဝယ်ကြတာများပါတယ်၊ CBU ကားအသစ်တွေ လက်ရှိမှာ ပိုရောင်းနေရပြီး ညာမောင်းကားတွေမှာက ၁၅၀ ၊ ၂၀ဝ ကြားမှာရှိတဲ့ ကားလေးတွေ အနည်းငယ်အေးသွားပါတယ်၊ လေးရာ၊ ငါးရာအထက် နံပါတ်ထွက်ပြီးသား ညာမောင်းတွေကတော့ ဈေးသိသိသာသာကျသွားသလို ဝယ်တာလည်း နည်းသွားတာ တွေ့ရပါတယ်၊ အရင်က သိန်းတစ်ထောင်ကျော် ပေးရတဲ့ ညာမောင်းကားတွေကို လက်ရှိမှာ ခုနစ်ရာဝန်းကျင်အထိ ချရောင်းတာတွေရှိပေမဲ့ CBU နဲ့ အသစ်တင်သွင်းရောင်းချနေတဲ့ တန်ဖိုးတူ မိုဒယ်မြင့်ကားတွေကို အဝယ်တွေက ပိုပြီးစိတ်ဝင်စားလာတာ တွေ့ရပါတယ်၊ အဓိကကတော့ အခွန်သက်သာနေတဲ့ကာလဖြစ်လို့ အရောင်းစင်တာက သွင်းရောင်းနေတဲ့ကားတွေက ဈေးသက်သာနေတာကြောင့်လည်း ပိုဝယ်ကြတယ်လို့ ထင်ပါတယ်၊ SKD ကားတွေကျတော့ ဝန်ထမ်းပါမစ်နဲ့ ဝယ်ဝယ်၊ ဒီအတိုင်းပဲ ဝယ်ဝယ် ထူးထူးခြားခြားသက်သာခွင့် မရှိလို့ ရိုက်ခတ်မှုနည်းနည်းရှိတဲ့အတွက် နည်းနည်းလေးအေးသွားတယ်၊ တချို့ Brand တွေကျတော့လည်း Promotion နဲ့ ရောင်းပေးလာကြတာ တွေ့ ရပါတယ်”ဟု Matt Glory Auto Service မှဒါရိုက်တာ ကိုသန့်စင်လင်း က ပြောသည်။

ဝန်ထမ်းပါမစ်များတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန် ကြားရေးမှူးပါမစ်များသာ ရောင်းချချင်သူရှိပြီး ဒုညွှန်နှင့်အထက် ပါမစ်များမှာ တင်သွင်းမည့်သူများကြောင်း သိရသည်။ ကားအရောင်းအဝယ် ဈေးကွက်တွင် SUV ကားသစ်များ ဝင်ရောက်လာခြင်းနှင့်အတူ ထိုကားများအပေါ် စိတ်ဝင်စားသူလည်းပိုများလာသည်။ အရောင်းပြခန်းများမှ တင်သွင်းလာသည့် SUV ကားများထဲတွင် Beijing X7 ၊ Haval H6 ၊ Geely Coolray ၊ Ford Territory နှင့် SKD ကားများထဲတွင် Hyundai Creta ၊ Hyundai Tuscon ၊ Jetour X70
တို့မှာ စိတ်ဝင်စားမှု ပိုများ နေသည်။

“မန္တလေးဘက်မှာက ပြီးခဲ့တဲ့ရက်တွေကတော့ Stay at Home နှစ်ပတ်ဖြစ်လို့ မရောင်းရဘူး၊ မန္တလေးဈေးကွက်မှာက အိမ်စီးကားတွေ ဝယ်ယူတာ များကြပါတယ်၊ အခုရက်ပိုင်း အဝယ်ဆင်းကြပေမဲ့ ညာမောင်းကားတွေမှာ အရင်လူကြိုက်များတဲ့ Fit ၊ Vitz တို့တောင် အဝယ် အေးသွားပါတယ်၊ အခုနောက်ပိုင်း ဈေးကွက်ထဲမှာက မိုဒယ်မြင့်တဲ့ကားတွေ ဝင်ရောက်လာကြတော့ အသစ်တွေကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်၊ ဝန်ထမ်းပါမစ်ကတော့ ကျပ်သိန်းနှစ်ဆယ်၊ ၄၅ ၊ ၆၅ ၊ ၁၅၀ ဆိုပြီး ရောင်းကြဝယ်ကြတာတွေ တွေ့ရပေမဲ့ ဒု-ညွှန်အောက်ပဲ ရောင်းချင်တဲ့သူ များတာ တွေ့ရပါတယ်၊ မန္တလေးဈေးကွက်မှာက ကွက်ကျားကွက်ကျားပဲ ရောင်းရပြီး ပုံမှန်အတိုင်းပဲ အရောင်းအဝယ်မသွက်သေးပါဘူး”ဟု Shwe Sar Yay Trading Co.,Ltd မှဒါရိုက်တာ ကိုအေးနိုင်က ပြောသည်။

ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်းများတွင် မိုဒယ်အသစ်များ တင်သွင်းလာခြင်းကြောင်း ရွေးချယ်စရာကားများခြင်း၊ အလဲအထပ် စနစ်နှင့်အတူ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ခြင်း၊ Promotion အစီအစဉ်များဖြင့် ရောင်းချပေးနေခြင်းတို့ကြောင့် ပြန်လည်လှုပ်ခတ်လာသော်လည်း ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ အရောင်းအဝယ်များဆက်ပြီး အေးနေသည်။

“အနီရော၊ အနက်ရော ဒီရက်ပိုင်း အရောင်းအဝယ်အေးပါတယ်၊ ယာဉ်ရောင်းဝယ်ရေးစခန်းနဲ့ တစ်နိုင်တစ်ပိုင် ရောင်းတဲ့သူတွေကျတော့ လက်ငင်းရောင်းတာဖြစ်တဲ့အတွက်ရယ် ကားဟောင်းရောင်းတာဖြစ်တဲ့အ တွက်ရယ်ကြောင့် အဝယ်အေးကြပါတယ်၊ နောက်ပြီး အငှားယာဉ်တွေ ဆိုရင်လည်း ကုမ္ပဏီတစ်ခုက သူတို့ကားတွေပါ လက်ဝယ်ရှိသူတွေ ပြန် အပ်ပါဆိုပြီး နိုင်ငံပိုင်သတင်းစာမှာ ကြေညာထားတော့ အဲ့ဒီနံပါတ်တွေ ဆိုတာထက် အခြားယာဉ်တွေကရော ဝယ်လို့ဖြစ်ပါ့မလားဆိုပြီး စောင့် ကြည့်တဲ့အတွက် အဝယ်အေးနေပါတယ်၊ ဝယ်/ရောင်းတော်တော်များများ ကတော့ ဝယ်/ရောင်းကောက်ဈေးရရင် ဝယ်ကြပေမဲ့ ယာဉ်မှန်၊မမှန်စစ်လို့ မရသေးတာရယ် ကားဈေးမငြိမ်သက်သေးတဲ့အတွက် သိပ်မဝယ်ရဲကြဘူး” ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here