သမိုင်းတစ်လျှောက် အခမ်းနားဆုံး Motor Show အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည့် Yangon International Motor Show 2020

243

နိုင်ငံတစ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ကားပြပွဲတစ်ခုကို ကြည့်ပြီး ထိုနိုင်ငံ၏ စီးပွားရေးကောင်းမွန်မှုနှင့် Car Industry ဖွံ့ဖြိုးတိုးတက်မှုကို သိရှိနိုင်မည် ဖြစ်သည်။ နိုင်ငံတကာအဆင့် ကားပြပွဲတစ်ခု ကျင်းပရန် အတွက်လည်း ကျယ်ဝန်းခိုင်ခံ့သည့် Indoor Stadium ၊ ပါဝင်ပြသသည့် Car Brand အမျိုးအစားနှင့် အရေအတွက်၊ အရောင်းအဝယ်ပြုလုပ်ရန် အတွက် ထောက်ပံ့ပေးမည့်ဘဏ်စနစ်၊ စိတ်ပါဝင်စားစွာ လာရောက်ကြည့် ရှုဝယ်ယူသော ဧည့်သည်များနှင့် ရောင်းချရသည့် အရေအတွက် ပမာဏ အပေါ်မူတည်ပြီး ထိုပြပွဲ၏ အောင်မြင်မှုအတိုင်းအတာကို သတ်မှတ်နိုင် မည် ဖြစ်သည်။ Car Industry ဖွံ့ဖြိုးတိုးတက်ရန် လမ်းကြောင်းတစ်ခုအပေါ်တွင် ရောက်ရှိနေသော မြန်မာ့ကားလောကသည် Brand New ကားစျေးကွက် အားကောင်းလာခြင်းနှင့်အတူ နိုင်ငံတကာအဆင့် ကားပြပွဲများလည်း ကျင်းပပြုလုပ်လာနိုင်ပြီ ဖြစ်သည်။ ယခင်က ကုမ္ပဏီအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ကားပြပွဲများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံတကာအဆင့်မဟုတ်ဘဲ Brand Awareness ဖြစ်ရန် နှင့် အရောင်းမြှင့်တင်ရေးအတွက်သာ ဦးစားပေးပြုလုပ်ခဲ့ကြသည်။ အလျင်းသင့်သလို ကားအရောင်းပြပွဲများ ပြုလုပ်ရာတွင် ပြပွဲတစ်ပွဲနှင့်တစ်ပွဲ ကျင်းပပြုလုပ်သည့် ရက်များတိုက်နေခြင်း၊ နေရာအခက်အခဲနှင့် ကျယ်ဝန်းသည့် Indoor Stadium မရှိခြင်းကြောင့် ရာသီဥတုဒဏ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မှတ်မှတ်ရရဆိုလျှင် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလက မြို့မကျောင်းလမ်းရှိ မိုင်ဒါကွင်းတွင် ကျင်းပခဲ့သည့် ကားအရောင်းပြပွဲ၌ မထင်မှတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြပွဲပျက်စီးခဲ့သလို ကား များလည်း အတွင်းခန်း ရေဝင်ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခ့ဲ သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကကျင်းပခဲ့သည့် CarsDB Auto Show တွင်လည်း ရုတ်တရက် လေပြင်းတိုက်ခိုက်မှုကြောင့် ပွဲပျက်ခဲ့ရပြီး ကား များလည်း ဆုံးရံှုးမှု ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် စည်းစနစ်ကျပြီး အဆင့်မြင့်ကားပြပွဲများ ပြုလုပ်နိုင် ရန်အတွက် Automotive Association of Myanmar မှ GPI Myanmar နှင့် ပူးပေါင်းကာ Yangon Internatoinal Motor Show ခေါင်းစဉ်ဖြင့် ၂ဝ၁၉ ခုနှစ်မှစပြီး နိုင်ငံတကာအဆင့်ကားပြပွဲတစ်ခု ပြုလုပ် ခဲ့သည်။ AAM အသင်းနှင့် ပူးပေါင်းထားသည့် GPI Myanmar ဆိုသည်မှာ ထိုင်းနိုင်ငံ Motor Show များအား နှစ်ပေါင်းလေးဆယ်ကျော် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲအတွေ့အကြုံရှိသော Grand Prix International Public Co.,Ltd ၏ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။ Dr.Prachin Eamlumnow ဆိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Grand Prix International Public Co.,Ltd ကို ၁၉၇ဝ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ထိုင်း နိုင်ငံတွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် မဂ္ဂဇင်းများ၊ စာစောင်များ ထုတ်ဝေသလို မော်တော်ဆိုင်ကယ်ပြိုင်ပွဲများ၊ Off-Road Racing ပြိုင်ပွဲများ၊ Sport Racing ပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့် ကားပြပွဲများကို ကြီးမှူးကျင်းပသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ Grand Prix International Public Co.,Ltd သည် AAM အသင်း၏ ကမ်းလှမ်းချက်ဖြင့် ၂ဝ၁၉ ခုနှစ်မှစတင်ကာ မြန်မာ့ကားလောကထဲ ဝင် ရောက်လာခဲ့ပြီး ‘Navigating Automotive Industry of Tomorrow’ ဆိုသည့်ခေါင်းစဉ်အောက်တွင် Motor Show များကို ကျင်းပပြုလုပ်ခဲ့သည်။

GPI Myanmar ၏ ဦးဆောင်မှုဖြင့် ၂ဝ၁၉ ခုနှစ်က ကျင်းပခဲ့သည့် Yangon International Motor Show တွင် BMW ၊ Toyota ၊ Suzuki ၊ Ford ၊ DFM ၊ Scania စသည့် Brand ခြောက်ခုသာ ပါဝင်ပြသခဲ့ပြီး ပြပွဲကို သိရှိသူလည်း နည်းသေးသောကြောင့် အောင်မြင် မှုမရခဲ့ပေ။ ထို့ပြင် လေပြင်းတိုက်ခိုက်မှုကြောင့် ပွဲပျက်ခဲ့ရသော CarsDB Auto Show ကို အစားထိုးပွဲအဖြစ် ထိုပွဲမတိုင်ခင် တစ်ပတ်အလို၌ ကျင်းပခဲ့သောကြောင့် ကားပြပွဲတစ်ခုနှင့်တစ်ခု အချိန်တစ်ပတ်သာကွာဟသွားရာ Yangon International Motor Show ကို လာရောက်ကြည့်ရှုသူ နည်းသွားခဲ့သည်။ ပြပွဲများ ပြုလုပ်ရန်အတွက် လအလိုက်၊ နှစ်အလိုက် ရေးဆွဲထားသော Event Calender သည် အလွန်အရေးကြီးပေသည်။ မြန်မာနိုင်ငံတွင် ထိုသို့ရေးဆွဲထားသော Event Calender မရှိပါ။ သို့ဖြစ် ၍လည်း တစ်ချိန်တည်းတွင် ပြပွဲနှစ်ပွဲ တိုက်ဆိုင်နေသဖြင့် အောင်မြင် သင့်သလောက် မအောင်မြင်ပေ။ ယခင်တစ်ပတ်က ကျင်းပပြီးခဲ့သည့် Yangon International Motor Show 2020 ပွဲနှင့် တပ်မတော်ခန်းမ၌ ကျင်းပခဲ့သည့် နိုင်ငံတကာစက်မှုနည်းပညာပြပွဲသည် ပွဲကျင်းပသည့်ရက် တိုက်နေသောကြောင့် ပြပွဲနှစ်ခုစလုံးလာရောက်ကြည့်ရှုသူ နည်းသွားခဲ့ သည်။ Yangon International Motor Show တွင် BMW ၊ Brilliance ၊ DFM ၊ Ford ၊ Fuso ၊ GAC ၊ Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Nissan ၊ Scania ၊ Suzuki ၊ Toyota ၊ Volvo စသည့် Brand များ ဝင်ရောက်ပြသသလို နိုင်ငံတကာနည်းပညာ ပြပွဲတွင်လည်း Borgward ၊ BAIC ၊ Changhe ၊ Jetour ၊ Lifan စသည့် Brand များ ဝင်ရောက်ပြသခဲ့သဖြင့် တစ်ချိန်တည်း၊ တစ်မြို့ တည်း၌ ကားပြပွဲနှစ်ခုကို တစ်ပြိုင်တည်းကျင်းပနေသလို ဖြစ်နေသည်။

GPI Myanmar မှ ဦးဆောင်ကျင်းပသည့် Yangon International Motor Show သည် ယခင်နှစ်က Car Brand ခြောက်ခုဖြင့် စတင် ကျင်းပခဲ့သော်လည်း ဒုတိယအကြိမ်တွင် Car Brand ၁၆ ခုအထိ ပါဝင် လာသဖြင့် အောင်မြင်မှုရရှိသည်ဟု ဆိုနိုင်သည်။ ပြီးခဲ့သည့် Yangon International Motor Show တွင် Brand အစုံမှ ကားအစီး ရှစ်ဆယ် ဝန်းကျင်သာ ရောင်းချရခဲ့သော်လည်း ယခုနှစ်တွင် ၂၇၃ စီး ရောင်းချနိုင် ခဲ့သလို ပြပွဲကာလသုံးရက်အတွင်း လာရောက်ကြည့်ရှုသူလည်း ၂၁,ဝဝဝ ကျော်အထိ ရှိခဲ့သည်။

“ပြီးခဲ့တဲ့ Motor Show နဲ့ယှဉ်ရင် ဒီနှစ်ပြပွဲမှာ ရောင်းအားအများ ကြီး တက်လာပါတယ်၊ အထူးသဖြင့် SKD Car Brand တွေက အရေ အတွက် ပိုပြီးရောင်းရတယ်၊ တခြား Brand တွေလည်း သူ့ Target နဲ့သူ ရောင်းရမယ်ထင်ပါတယ်၊ ဒါဟာ အစကောင်းတယ်လို့ ပြောလို့ရ ပါတယ်၊ ဒီပွဲကနေပြီး ကားတွေရောင်းအား တိုးတက်ဖို့လည်း မျှော်လင့်ပါ တယ်၊ မနှစ်ကနဲ့ ဒီနှစ်ယှဉ်ရင် စျေးကွက်စီးပွားရေးတိုးတက်မှုက အရမ်း မြန်ဆန်ပါတယ်၊ ထိုင်းနိုင်ငံမှာဆိုရင် Economic Standard အရ ရောင်းအားတစ်ခုရှိပြီးသားဆိုတော့ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်၊ မနှစ်ကနဲ့ ဒီနှစ်ယှဉ်ရင် ပူးပေါင်းပါဝင်တဲ့ Car Brand တွေ ပိုများလာတဲ့အတွက် ဝမ်းသာပါတယ်၊ အထူးသဖြင့် Automobile Media နဲ့လည်း လက်တွဲခွင့်ရတာ အထူးပင်ဝမ်းသာပါတယ်၊ ကျွန်တော် တို့အနေနဲ့ မှန်ကန်တဲ့ စီးပွားရေးလမ်းကြောင်းပေါ်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်၊ ထိုင်းမှာဆိုရင် ကျွန်တော်တို့က မီဒီယာတစ်ခုအနေနဲ့ ရပ် တည်တာဖြစ်ပြီး ဒီမှာကျတော့ ပြပွဲကျင်းပပြုလုပ်သူအဖြစ်နဲ့ လုပ်ကိုင်တာ ဖြစ်ပါတယ်၊ ထိုင်းနိုင်ငံမှာ ြေBangkok International Motor Show ကို ကျင်းပပြုလုပ်ခဲ့တာ အကြိမ် လေးဆယ်ရှိပါပြီ၊ ၄၁ ကြိမ်မြောက်ပြပွဲကို လာမယ့် မတ်လကုန်နဲ့ ဧပြီလဆန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်၊ ပြပွဲ ကျင်းပပြုလုပ်သူအနေနဲ့ စိတ်လှုပ်ရှားစရာကောင်းပါတယ်၊ ရောင်းအား ကောင်းဖို့လည်း မျှော်လင့်ပါတယ်၊ ကားတွေ ရောင်းအားတိုးတက်ဖို့ အတွက် အကောင်းဆုံးကြိုးစားသွားရမှာ ကျွန်တော်တို့ တာဝန်ဖြစ်ပါ တယ်၊ ပြပွဲကာလအတွင်း ဗိုင်းရပ်စ်ကူးစပ်မှုမရှိအောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားပါတယ်”ဟု GPI Myanmar မှ Managing Director Mr.Anothai Eamlumnow က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် ကားပြပွဲတစ်ခု ပြုလုပ်ရန် အခက်အခဲများစွာ ရှိသည်။ ပြည်ပမှ တိုက်ရိုက်တင်သွင်းသော CBU ကား များကို ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူခွင့်မရခြင်း၊ ကျယ်ဝန်းသည့် Indoor Stadium နှင့် လုံလောက်သည့်ကားပါကင်၊ Test Drive ကွင်းများ မရှိ ခြင်း၊ ကားတင်သွင်းခွင့် ပေါ်လစီများ မတည်ငြိမ်ခြင်း၊ ပြပွဲများကျင်းပပြု လုပ်ရန် စီစဉ်တကျ ရေးဆွဲထားသော Event Calender များမရှိခြင်းတို့ကြောင့် အဆင့်မြင့်ပြီး အောင်မြင်သည့် ကားပြပွဲတစ်ခု ပြုလုပ်ရန် မလွယ်ကူပေ။ Yangon Internatoinal Motor Show ကျင်းပပြုလုပ်သည့် Yangon Convention Center သည် Car Brand ၁၆ ခုအတွက် လုံလောက်သည်ဟုဆိုနိုင်သော်လည်း လာမည့်နှစ်ပြပွဲတွင် ပါဝင်ပြသသည့် Brand အရေအတွက် တိုးလာပါက နေရာအခက်အခဲ ရှိလာမည်ဖြစ်သည်။ အဓိကပြသနာမှာ Test Drive ကွင်းမရှိခြင်းနှင့် လုံလောက်သည့် ကားပါကင်နေရာ မရှိခြင်းတို့ကြောင့် ပြပွဲကို ရောက်လာပြီးမှ ခန်းမထဲမဝင်ဘဲ ပြန်လည်သွားသူလည်း အများအပြား ရှိခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင် ကားပြပွဲပြုလုပ်ရန် YCC ထက် အဆင်ပြေသည့်နေရာ မရှိပေ။ ထိုအခက် အခဲများကြားထဲမှ အကောင်းဆုံးဖြစ်အောင် လုပ်ပြနိုင်ခဲ့သော GPI Myanmar နှင့် ငွေကြေးများစွာသုံးစွဲပြီး ပါဝင်ပြသခဲ့သည့် Brand များ၏ အားထုတ်မှုကြောင့် Yangon Internatoinal Motor Show 2020 သည် သမိုင်းတစ်ေလျှာက် အခမ်းနားဆုံး Motor Show အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here