လက်ရှိအချိန်မှာ မော်တော်ကားထုတ်လုပ်ရောင်းချခြင်းဟာ ကြီးမားတဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်နေသလို အသုံးပြုရတဲ့ သဘာဝအရင်းအမြစ်၊ ကိရိယာ၊ စွမ်းအင်တွေကလည်း မနည်းပါဘူး။ အဲဒီလို ကမ္ဘာပေါ်က တန်ဖိုးရှိရင်းမြစ်တွေ သုံးစွဲထားရပေမဲ့ ကားတစ်စီးကို စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ငါးနှစ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆို ၁ဝ နှစ်ကနေ နှစ် နှစ်ဆယ်ကြားမှာ အသစ်လဲစီးလေ့ရှိပါတယ်။ ဒါကြောင့် ပျက်စီးယိုယွင်းသွားတဲ့ ကားတွေကို ပြန်လည်ဖျက်ဆီးရတာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဒီပြဿနာကို အကောင်းဆုံးရင်ဆိုင် စိန်ခေါ်နိုင်မယ့် ရှေ့ပြေးနမူနာကားဒီဇိုင်းကို Albrecht Birkner နဲ့ Kenneth Cobonpue တို့က ပူးပေါင်းဖန်တီးပြီး ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းက မိတ်ဆက်ပြသသွားခဲ့ ပါတယ်။ Phoenix လို့ အမည်ပေးထားတဲ့ အဲဒီ နမူနာကားဟာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေမယ့် Green Car အမျိုးအစားဖြစ်ပြီး ပုံမှန်ကားတွေလို သံ၊ စတီး၊ ကာဗွန်ဖိုင်ဘာတို့နဲ့ တည်ဆောက်ထားတာမဟုတ်ဘဲ ဝါး၊ ကြိမ်တွေကိုပဲ အဓိက သုံးစွဲထားတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ပရိ ဘောဂ ပစ္စည်းတချို့ ပြုလုပ်ရာမှာသုံးတဲ့ ဝါးနဲ့ ကြိမ်ဟာ အလိုရှိရာ ပုံစံမျိုးစုံနီးပါး ပုံသွင်းဖန်တီးနိုင်သလို ကွေးဆန့်နိုင်မှု၊ ဖိအားခံနိုင်မှု၊ လှပမှု၊ မီးဒဏ်ခံနိုင်မှု စတဲ့ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားတာကြောင့် မော်တော်ကားတည်ဆောက်ရာမှာ သုံးရင်လည်း အခက်အခဲ မရှိနိုင်ဘူးလို့ Albrecht Birkner နဲ့ Kenneth Cobonpue တို့က ယုံကြည်ပြီး Phoenix ကို ပုံဖော်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ဒီဇိုင်နာနှစ်ဦးဟာ ကျွမ်းကျင်တဲ့ ရက်ကန်းသည်တွေအပါအဝင် လက်မှုပညာရှင်အဖွဲ့နဲ့အတူ ဘယ်လို စက်ပစ္စည်းကိရိယာမျိုးကိုမှမသုံးဘဲ လက်ချည်းသက်သက်နဲ့ Phoenix ကို တည်ဆောက်ခဲ့ကြတာပါ။ အပြင်ပိုင်းက သစ်ရွက်တစ်ရွက်နဲ့ဆင်တူတဲ့ Phoenix အတွက် ဝါး၊ ကြိမ်တို့ကို အဓိကသုံးစွဲပြီး လိုအပ်တဲ့ နေရာတချို့မှာ နိုင်လွန်၊ စတီးတို့ ထည့်သွင်းပုံဖော်ခဲ့ပါတယ်။ ကားရှေ့ပိုင်းကစပြီး ဒက်ရှ်ဘုတ်၊ ကြမ်းပြင်နဲ့ ထိုင်ခုံတွေကနေ ဖင်ပိုင်းအထိ အပြီးသတ် တည်ဆောက်ချိန် ၁ဝ ရက်သာကြာခဲ့ပြီးနောက် ရက်ကန်း ထည်တစ်ထည်လို တစ်ဆက်တည်း ဖြစ်နေတဲ့ Phoenix ကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။ အပင်ထွက်ပစ္စည်းတွေ အဓိကသုံးစွဲထားတဲ့ Phoenix ဟာ အလေးချိန်ပေါ့ပါးပြီး သက်တမ်းပြည့်သွားတဲ့အခါ တကူးတက ဖျက်ဆီးစရာမလိုဘဲ သဘာဝအတိုင်း ဆွေးမြည့်ပျောက်ကွယ်သွားမယ့် အယူအဆကို စတင်မိတ်ဆက်ပေးလိုက်တဲ့ ကားလို့ဆိုရင် မမှားပါဘူး။ ကားကိုယ်ထည်ကို လဲလှယ်ပြုပြင်ရင်လည်း ငွေကုန်ကြေးကျများမှာ မဟုတ်ပါဘူး။ ဒါ့ပြင် ကားတစ်စီးလုံးကို လက်နဲ့တည်ဆောက်ဖန်တီးတာဖြစ်လို့ အသုံးပြုမယ့်သူ လိုအပ်ချက်အတိုင်း စိတ်ကြိုက်ဖန်တီးပေးနိုင်တဲ့ အားသာချက်လည်း ရှိနေပါတယ်။ လူသားတွေရဲ့ လက်မှုပညာစွမ်းရည်ကို လှစ်ဟထုတ်ဖော်ပြသထားသလို သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ Phoenix ကို မောင်းနှင်ဖို့အတွက် သန့်ရှင်းတဲ့နည်းပညာ (Green Technology)သုံးစွဲဖို့ကိုလည်း စီစဉ် ထားပါတယ်။