သတ်မှတ်ချက်နှင့် မကိုက်ညီသည့် မြို့တွင်း YBS ယာဉ်များကို အရေးယူတော့မည်

739

ရန်ကုန်၊ မတ်

YBS စနစ်အတွက် သတ်မှတ်ထားသော အချက်များနှင့် မကိုက်ညီသည့် မြို့တွင်းခရီးသည်တင်ယာဉ်များကို အရေးယူတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YBS စနစ်တွင် ပြေးဆွဲမည့်ယာဉ်များအတွက် စည်းကမ်းချက်များ သတ်မှတ်ထုတ်ပြန်ထားပြီး ဖြစ်ရာ ယင်းအချက်များနှင့် မကိုက်ညီသည့် မြို့တွင်း YBS ယာဉ်များ ကို သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီ များမှတစ်ဆင့် အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရ သည်။

”YBS စနစ်အတွက် ပြေးဆွဲမယ့်ယာဉ်တွေက ဘယ်လိုအချက် နဲ့ ကိုက်ညီရမယ်ဆိုတာ စည်းကမ်းချက် ထုတ်ပြန်ထားပြီးပါပြီ၊ အဲဒီ အချက်တွေနဲ့ ကိုက်ညီမှု မရှိတဲ့ ယာဉ်တွေကို အရေးယူဖို့ စီစဉ်နေပါတယ်၊ ပထမအဆင့်အနေနဲ့ မြို့ လယ်ကောင်မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းက ကားတွေကို အရင်ဆုံးစိစစ် ပြီး အရေးယူမယ်၊ လိုအပ်တဲ့သတ်မှတ်ချက်အပေါ် မူတည်ပြီး မြို့ပြင် ဆက်စပ်လိုင်းတွေမှာ ပြောင်းလဲပြေးဆွဲမလား၊ ဘယ်လို အရေးယူမလဲ ဆိုတာကတော့ သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ပြေးဆွဲမည့်ယာဉ်များသည် Aircon အပြည့်အဝဖွင့်ပေးရန်၊ ယာဉ်အကူမပါရှိရန်၊ ငွေပုံး တပ်ဆင်ထားရပြီး ခရီးသည်များမှ ငွေပုံးထဲသို့ ယာဉ်စီးခကိုယ်တိုင်ထည့်ဝင်ရန်၊ ရှေ့ပေါက်တက် နောက်ပေါက်ဆင်းစနစ် ကျင့်သုံးရန် နှင့် ကြံ့ခိုင်ပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်သော ယာဉ်များ ဖြစ်ရမည် ဖြစ်ကြောင်း YRTA မှ သိရသည်။

မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်အစီးရေငါးထောင်ကျော် ရှိသည့်အနက် စည်းကမ်းချက်များ နှင့် မကိုက်ညီသည့် ယာဉ်အစီးရေ တစ်ထောင်ဝန်းကျင်ရှိနေပြီး မြို့ လယ်အတွင်း ပြေးဆွဲနေသည့်ယာဉ် ၃ဝ ရာခိုင်နှုန်းခန့်ရှိနေကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here