ယခုနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း ဝယ်ယူရန်တင်ပြခဲ့သည့် ကား များကိုသာ စလစ်အစားထိုးစနစ် ကျပ်သိန်း ၃ဝ/၆ဝ ဝယ်ယူခွင့်ပြုမည် ဖြစ်ပြီး သတ်မှတ်ရက်နောက်ပိုင်း တင်ပြလာသောကားများကိုမူ ခွင့်ပြုပေး မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂ဝ၁၅ ခုနှစ် Consignment ပါမစ်လက်ကျန်ကားများကို နောက်ဆုံးသက်တမ်းတိုးခွင့်ပြုပေးခြင်းအဖြစ် ဇွန်လမှ အောက်တိုဘာလအတွင်း ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ကပ်၍ဖြစ်စေ၊ စလစ်အစားထိုးစနစ် ကျပ်သိန်း ၃ဝ/၆ဝ ဖြင့် ဝယ်ယူခွင့်ပါမစ်လျှောက်သည်ဖြစ်စေ ခွင့်ပြုဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ခွင့်ပြုပေးရာတွင် သတ်မှတ်ကာလအတွင်း မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီထံ ဝယ်ယူခွင့်ပြုရန် တင်ပြခဲ့သည့်ကားများကိုသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
”စီး/ကူးမှာ စလစ်အစားထိုးစနစ်နဲ့ ဝယ်ယူခွင့်ပြုဖို့အတွက် အောက်တိုဘာ ၃၁ ရက်မတိုင်ခင် တင်ပြထားတဲ့ ကားတွေကိုပဲ စလစ်အစားထိုးစနစ်နဲ့ ဝယ်ယူခွင့်ပြုမှာဖြစ်ပါတယ်၊ ဝယ်ယူခွင့်လျှောက်ဖို့ ကျန်နေတဲ့ကားတွေကို ECC မှာ အပ်နှံခိုင်းဖို့အတွက် စာရင်းလုပ်နေပါတယ်၊ ECC ကို မအပ်ရင် ဘယ်လိုအရေးယူမယ်ဆိုတာကို ကြီး/ကော်ကနေ မကြာခင်မှာ ကြေညာပေးမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စလစ်အစားထိုးစနစ်ဖြင့် ဝယ်ယူခွင့်ပြုခဲ့သည့် ဇွန်လမှ အောက်တိုဘာ ၃ဝ ရက်အတွင်း ကျပ်သိန်း ၃ဝ အစီအစဉ်ဖြင့် ကုမ္ပဏီငါးဆယ်မှ ကား အစီးရေ ၂၂၂ စီး၊ ကျပ်သိန်း ၆ဝ အစီအစဉ်ဖြင့် ကုမ္ပဏီ ၉၁ ခုမှ ကား အစီးရေ ၃၁၇ စီးတို့ကို ဝယ်ယူခွင့်ပြုရန် တင်ပြခဲ့သည်။ လက်ရှိတွင် ကညန၌ ငွေသွင်းထားသည့် ကျပ်သိန်း ၃ဝ ဖြင့် ၁၈၆ စီးနှင့် ကျပ်သိန်း ၆ဝ ဖြင့် ၁၉၇ စီးတို့ကို ဝယ်ယူခွင့်ပါမစ်ထုတ်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆန်းသစ်အောင်