သတိထားရမည့် ရာထူး၊ အာဏာနှင့် ဂုဏ်သိက္ခာ

152

 

မြန်မာနိုင်ငံမှာ တစ်နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိသည့် စာပေဆုပေးပွဲကို ၁၅-၁၂-၂၀၂၀ ရက်မှာ ပြုလုပ်သည်။ တစ်သက်တာစာပေဆု ရကြသည့် ဆရာကြီးတွေနှင့် အမျိုးသားစာပေဆု အသီးသီးရကြသည့် ဆရာ၊ ဆရာမတွေကို နိုင်ငံတော်သမ္မတကိုယ်တိုင်က တလေးတစား စကားပြော သည်။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံ၏ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည်၊ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သမ္မတသည် ပြည်သူတိုင်း ရိုသေလေးစား၊ အလေးထားသည်။ သက်ကြီးဝါကြီး စာပေပညာရှင်ကြီးများနှင့် ထူးချွန်သည့် ဆုရဆရာ၊ ဆရာမတွေကို တလေးတစားစကား ပြောသည်။ စာရေးဆရာ၊ ဆရာမဆိုသည့် ပုဂ္ဂိုလ်တွေမှာ ရာထူး၊ အာ ဏာရှိသူလည်း ပါကောင်းပါမည်၊ မရှိသူလည်း ပါမည်။ စာရေးဆရာ၊ ဆရာတွေမှာ ရာထူး၊ အာဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂုဏ်သိက္ခာရှိပြီးသူတွေ ဖြစ်သည်။ ဒါကိုသိသည့် နိုင်ငံတော်သမ္မတက တရိုတသေ၊ တလေးတစား နှုတ်ဆက်တာ၊ စကားပြောတာ မြင်ရတော့ ပီတိ ဖြစ်ရသည်။
ပြည်နယ်မြို့တော်တစ်ခုက စာပေဟောပြောပွဲဖိတ်သူတွေ ကျွန်တော့် အိမ်ရှေ့ကိုရောက်လာသည်။ ရန်ကုန်က တင်ခေါ်သွားရမည့် စာရေးဆရာ၊ ဆရာတွေ သက်သောင့်သက်သာ၊ လွတ်လွတ်လပ်လပ်၊ ချောင်ချောင်ချိချိ ထိုင်လိုက်နိုင်အောင် ဆိုသည့် ရည်ရွယ်ချက်ဖြင့် မော်တော်ယာဉ်ကျယ် ကျယ်ကြီးကြီးနှင့် လာကြိုသည်။ စူပါကာစတန် ကားသစ်ကြီးဖြင့် လာ ခေါ်တာ ဖြစ်သည်။ ကားပေါ်မှာ ဆရာမသီတာ(စမ်းချောင်း)ပါလာသည်။ ဆရာအောင်သင်းကို သွားပင့်ရဦးမည် ဖြစ်သည်။ တစ်ယောက်တစ်ခုံ လွတ်လပ်စွာ ထိုင်ကြသည်။ ဆရာကြီးဦးအောင်သင်းထိုင်ရန် နေမပူသည့် ဘက်အခြမ်းက အကောင်းဆုံးနေရာထိုင်ခုံကို ချန်ထားသည်။ ဆရာ အောင်သင်း ဆိုတာ ဂုဏဝုတ္တိ၊ ဝယဝုတ္တိထားရမည့် စာပေပညာရှင် ဖြစ်သည်။ ရိုသေရသည်။ လေးစားရသည်။ ဦးစားပေးရသည်။
စမ်းချောင်းမှာနေထိုင်သည့် ဆရာအောင်သင်းကို တင်ခေါ်ပြီးသော အခါ စူပါကာစတန်ကားကြီးသည် အရှိန်မြင့်မောင်းတော့သည်။ ဆရာ၊ ဆရာမတွေကို လာခေါ်သည့် စာပေကော်မတီနှင့် ယာဉ်မောင်းတို့က ရှေ့ ခန်းမှ ထိုင်ကြသည်။ စာရေးဆရာတွေက တစ်ယောက်တစ်ခုံစီဖြင့် လွတ် လပ်ချောင်ချိစွာ ထိုင်လိုက်သွားကြပါသည်။
မင်္ဂလာဒုံမြို့နယ်ရှိ ခရေပင်လမ်းဆုံအလွန် သပြေရိပ်စားသောက်ဆိုင်ကို ဝင်ကြသည်။ ကျွန်တော်တို့အားလုံးက ကိုယ့်အိမ်က စားသောက်ပြီး လိုက်လာကြတာဖြစ်လို့ ဗိုက်မဆာ။ ကော်ဖီလောက်သာ သောက်ကြသည်။ ယာဉ်မောင်းဆရာနှင့် စာပေကော်မတီပုဂ္ဂိုလ်တို့သာ ဆာနေကြ ဟန်တူသည်။ သူတို့စားချင်တာကို မှာစားကြသည်။ နေ့လယ်စာကို သထုံ မြို့က ဆိုင်မှာစားရမည်ဟုပြောသည်။ အထူးစီစဉ်ထားရန် မှာထားခဲ့ပြီဟု ပြောသည်။ သူတို့ပြည်နယ် မြို့တော်ကို ညနေ ၃ နာရီမှာရောက်အောင် သွားမည်ဟု သိရသည်။
သပြေရိပ်ဆိုင်က ထွက်သည့်အချိန်မှစပြီး စူပါကာစတန်ကားကြီး အရှိန်မြှင့်မောင်းတော့သည်။ လမ်းကလည်းကောင်း၊ ကားကလည်းကောင်း မောင်းသူလည်း ကျွမ်းတော့ စီးလိုက်ရတာ ဇိမ်ရှိသည်။ တိုးဂိတ်ကိုဖြတ်ပြီးသည့်အချိန်ကစပြီး မျက်စိမှိတ်ကာ မှိန်းလိုက်သွားသည်။ ဘုရားကြီး လမ်းဆုံမှ ယာဘက်ကို ကွေ့ချိုးလိုက်တာသိလိုက်သည်။ တောက်လျှောက် မောင်းတော့မည်ဖြစ်သည်။ နာရီကိုကြည့်လိုက်တော့ ၉ နာရီခွဲပြီးနေပြီ။ နေ့လယ်စာစားမည့်သထုံကို ၁၁ နာရီလောက်ရောက်မည်ဟု ပြောသည်။ မသီတာရော၊ ဆရာအောင်သင်းပါမျက်စိမှိတ်ပြီး မှိန်းလိုက်နေကြတာတွေ့ ရသည်။ နိုင်ငံကျော်ဟောပြောပွဲစူပါစတားကြီး ဆရာအောင်သင်းနဲ့အတူ ဟောရမည့်ပွဲဖြစ်သည်။ ဟောပြောတာ သတိထားရမည်ဟု သတိရလိုက်ပါသည်။ ဆရာနှင့် ပထမဆုံးတွဲဟောဖူးသည့် အုတ်တွင်းပွဲကအပြန်မှာ အဆူအကြိမ်း ခံရဖူးသည်။ မှတ်မိသေးသည်။
“ဗိုလ်စိုး၊ မောင်ရင်ဟောတာ၊ ပြောတာ မဆိုးပါဘူး၊ ပရိသတ်ကို မကြောက်ဘူးဆိုတာပြချင်လို့ ပရိသတ်ကို မလေးမစား၊ မခန့်လေးစား မလုပ်နဲ့၊ လက်ခုပ်သံရချင်လို့ အစိုးရကို ပုတ်ခတ်စော်ကားတဲ့ စကားတွေ မပြောနဲ့၊ ပရိသတ်ရယ်အောင် အပေါစားဟာသတွေနဲ့ ကလိမထိုးနဲ့၊ မောင်ရင်တို့၊ ကိုယ်တို့ဟာ လူရွှင်တော်တွေမဟုတ်ဘူး၊ စာရေးဆရာတွေ၊ နားထောင်တဲ့ပရိသတ်ကို ပညာပေးနိုင်အောင်၊ သူတို့ဘဝအတွက် အသုံးတည့်မယ့်စကားတွေကိုပြောနိုင်အောင် ကြိုးစားစမ်းပါ”
ကျွန်တော် ရှက်သွားသည်။ သင်ခန်းစာရလိုက်သည်။ ဆရာ့ကို ကျေးဇူးတင်မိပါသည်။ ပရိသတ် လက်ခုပ်တီးတာ၊ ရယ်တာကိုတွေ့ရတော့ တယ်ဟုတ်တဲ့ ငါပါလားလို့ ဂုဏ်ယူနေခဲ့တာဖြစ်သည်။ အဲဒီနောက်ပိုင်းကစပြီး ဆရာအောင်သင်းနဲ့ တွဲရသည့်ပွဲတွေမှာ တည်တည်ခံ့ခံ့ချည်း ဟောခဲ့ပါသည်။ ဒီညလည်း ပြည်နယ်မြို့တော်မှာ တည်တည်ခံ့ခံ့ဟောမည်ဟု ဆုံးဖြတ်သည်။
သထုံမြို့ကိုဝင်တော့ မြို့လယ်ကောင်က စားသောက်ဆိုင်ရှေ့မှာ ကားကြီးရပ်လိုက်ပါသည်။ ဆရာအောင်သင်းပါလာသည်ဆိုလို့ ဆိုင်ပိုင်ရှင် ကိုယ်တိုင် ကြိုဆိုနေပါသည်။ အထူး ခင်းကျင်းစီစဉ်ထားသည့်နေရာမှာ နေရာယူကြသည်။ အစားနှင့်အသောက် အကောင်းစားတွေ စားကြ၊ သောက်ကြသည်။ စာရေးဆရာ၊ ဆရာမဆိုတာ ဂုဏ်သရေရှိ၊ ပညာရှင်ဖြစ် လို့ ပြည်သူတွေက လေးစားကြတာကို သတိထားမိသည်။ ခရီးဆက်ကြရ မည်ဖြစ်လို့ စားတာသောက်တာ လက်စသတ်လိုက်ကြသည်။ လာရောက် နှုတ်ဆက်ကြသည့် ဒေသခံတွေကို နှုတ်ဆက်ပြီး ခရီးဆက်ခဲ့ကြသည်။
စာပေဟောရမည့် ပြည်နယ်မြို့တော်ကို ညနေ ၄ နာရီမှာ ရောက်သွားကြသည်။ မြို့က အကောင်းဆုံးဟိုတယ်မှာ နေရာချထားပေးသည်။ စာပေဟောပြောပွဲက ည ၈ နာရီမှဖြစ်လို့ ဆရာ၊ ဆရာမတွေကို အစား၊ အသောက်တို့ဖြင့် ဧည့်ခံကြသည်။ ဒေသခံလူငယ်တွေက ဆရာအောင် သင်းကို လာတွေ့ကြသည်။ မသိတာတွေ မေးကြသည်။ စကားဝိုင်းစည် ကားနေသည်။ ဆရာကလည်း လူငယ်တွေနဲ့တွေ့ရတော့ အားပါးတရ စကားပြောနေသည်။
အဲဒီအချိန်မှာ လင်ခရူဇာ ကားအဖြူရောင်ကြီးတစ်စီး ရောက်လာသည်။ ကားပေါ်မှ ဆင်းလာသူက စကားဝိုင်းကိုကြည့်ပြီး ပြောသည်။
“စာရေးဆရာတွေကို အုပ်ချုပ်ရေးမှူးက တွေ့ချင်တယ်တဲ့”
ဆရာအောင်သင်း အပါအဝင် စကားဝိုင်းမှာ ထိုင်နေသူအားလုံး အံ့အားသင့်သွားကြသည်။ ပြည်နယ်မြို့တော်က အုပ်ချုပ်ရေးမှူးဆိုတာ ရာထူးအတော်ကြီးသည်။ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သွားတွေ့ကြရမည့် စာရေးဆရာသုံးယောက်အနက် ကျွန်တော်နှင့် မသီတာတို့က ဘာ မျှမဟုတ်ကြသော်လည်း ဆရာအောင်သင်းဆိုတာ တက္ကသိုလ်က ဆရာ၊ စစ်တက္ကသိုလ်က ဆရာ၊ တိုင်းပြည်ကိုအုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်ကြီးတွေက ဆရာ့တပည့်တွေဖြစ်နေသည်။ သက်ကြီး စာပေပညာရှင် ဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက တွေ့ချင်တယ်ဆိုတော့ လာခေါ် သည့်ကားပေါ် တက်ကြရတော့သည်။ အဲဒီအချိန်ကစပြီး ဆရာအောင်သင်း သည် စကားတစ်ခွန်းမျှ မပြောတော့ပါ။ မျက်စိမျက်နှာ ပျက်နေပါသည်။ ကားခေါင်းခန်းကမထိုင်ဘဲ နောက်ခန်းက ထိုင်လိုက်သည်။
ပြည်နယ်မြို့တော်၏ အုပ်ချုပ်ရေးမှူးရုံးကို ရောက်သွားကြသည့် အခါ အုပ်ချုပ်ရေးမှူး၏အခန်းမှာ အထူးဧည့်သည်ရှိနေလို့ ဝင်ခွင့်မရကြဘဲ ရုံးခန်းအပြင်မှာ ရပ်စောင့်နေကြရပါသည်။ ဧည့်သည်မရှိတော့လို့ ဝင် တွေ့ကြရမည်ဆိုတော့ ဖိနပ်ချွတ်ပြီး ဝင်ကြရပါသည်။ အုပ်ချုပ်ရေးမှူး သည် ဝင်လာသည့် စာရေးဆရာသုံးယောက်ကို မော့တောင်မကြည့်ဘဲ စာရွက်တွေ၊ ဖိုင်တွေကို လက်မှတ်ထိုးနေပါသည်။ မော့မကြည့်ဘဲ ထိုင် ကြပါလို့ ပြောသည်။ သူ့စားပွဲကြီးရှေ့မှာ အသင့်ရှိနေသည့် ကုလားထိုင်တွေမှာ ဝင်ထိုင်ကြပါသည်။ ကျွန်တော်နှင့် မသီတာက ပုံမှန်ထိုင်ကြသော်လည်း ဆရာအောင်သင်းသည် သူ့လွယ်အိတ်လေးကို ရင်ဘတ်မှာပိုက်ပြီး ကုလားထိုင်ပေါ်မှာ မျောက်ထိုင်သလို တက်ထိုင်နေပါသည်။ အမတော် ကြေးပြန်မဆပ်နိုင်သည့် လယ်သမားက အင်္ဂလိပ်အရေးပိုင်ရှေ့မှာ ထိုင်နေ ပုံမျိုးဖြစ်နေပါသည်။ ကျွန်တော်တို့ကို မော့မကြည့်ဘဲ အလုပ်များဟန်ပြ နေသည့် အုပ်ချုပ်ရေးမှူးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပါသည်။
အုပ်ချုပ်ရေးမှူးသည် အလွန်အလုပ်များသည့်ဟန်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး စာရေးဆရာတွေကို ကြည့်သည်။ အလွန်အံ့သြ စရာကောင်းသည့်မေးခွန်းကို မေးသည်။
“စာရေးဆရာတွေဆိုတော့ နာမည်တွေပြောကြပါဦး”
ကျွန်တော်နှင့် မသီတာကို မသိဘူးဆိုတာ ခွင့်လွှတ်လို့ရပါသည်။ ဆရာအောင်သင်းကိုမသိတဲ့ အုပ်ချုပ်ရေးမှူးကို အံ့သြရတော့သည်။ တိုင်း ပြည်ကိုအုပ်ချုပ်နေတဲ့ သူ့ဆရာကြီးတွေအားလုံးက ဆရာအောင်သင်း၏ တပည့်တွေဖြစ်သည်။ သူ့အသက် ငါးဆယ်မျှသာရှိသည်။ အသားညိုသည်။ မျက်နှာကြော တင်းသည်။ နာမည်တွေ ပြောကြရသည်။ ဆရာက အောင် သင်းပါလို့ လေသံပြတ်ပြတ်ဖြင့်ဖြေသည်။ အဏ္ဏဝါစိုးမိုးပါ၊ မသီတာ(စမ်း ချောင်း)ပါဖြေကြရသည်။ နာမည်တွေကြားသော်လည်း တစ်ယောက်ကို မျှမသိ၊ မကြားဖူးသည့်အမူအရာ တွေ့ရသည်။
“ကောင်းပါပြီ၊ ညကျ အားရင်လာပြီး နားထောင်ပါ့မယ်၊ ပြန်နိုင် ကြပါပြီ”
ပြန်နိုင်ကြပြီဆိုတော့ ပြန်ခဲ့ကြပါသည်။ ဆရာအောင်သင်းသည် စကားတစ်ခွန်းမျှ မပြောတော့ပါ။ ညကျတော့ ပြည်နယ်ခန်းမကြီးမှာ ဟောကြပါသည်။ အုပ်ချုပ်ရေးမှူးြွကလာပြီး နားထောင်ပါသည်။ သူ့ အတွက်ချထားသည့် ဆိုဖာကုလားထိုင်မှာ ခြေကလိမ်ချိတ်ထိုင်နေပါသည်။ မသီတာရှေ့ထွက်၊ ကျွန်တော်က အလယ်ဟောကြသည်။ ဆရာအောင် သင်းနောက်ပိတ်။ ဆရာ စင်ပေါ်တက်ရန် ခေါ်သည့်အချိန်မှာ ပြဿနာ တက်လေတော့သည်။ ဆရာသည် ထိုင်ရာကထလိုက်ပြီး ပုဆိုးကို ပြင်စည်း ကာ အော်ပြောသည်။
“ငါ စင်ပေါ်မတက်ဘူးကွ၊ အောက်က ရပ်ဟောမယ်၊ ဟောတဲ့ သူနဲ့ နားထောင်တဲ့ပရိသတ်ကို ကျည်တစ်ကမ်းအကွာ လုပ်ထားတယ်၊ ဒါစာပေဟောပြောပွဲကွ၊ တံတားဖွင့်ပွဲ မဟုတ်ဘူး၊ သေမှာကြောက်ရင် လာပြီး နားမထောင်နဲ့၊ ကျောင်းသူ၊ ကျောင်းသားတွေ၊ ကလေးတွေအား လုံး ရှေ့ကိုလာကြ၊ ငါလက်တို့ပြီး စကားပြောလို့ရတဲ့အကွာအဝေးမှာ လာပြီး နားထောင်ကြ”
ဆရာကရပ်ပြီး အော်ပြောနေသည်။ ခန်းမကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ နောက်မှာ ထိုင်နေကြသည့် လူငယ်တွေ၊ ကလေးတွေ အကုန်လုံး ရှေ့ကိုပြေးလာကြပြီး ဆရာ့အနီးက ကြမ်းခင်းမှာ ဖင်ချထိုင်လိုက် ကြသည်။ ဒီတော့မှ စာပေကော်မတီကလည်း ပြေးပြေးလွှားလွှား ဖြစ်ကုန် ကြပြီး ဆရာ့အတွက် ကုလားထိုင်လာချ၊ မိုက်ကရိုဖုန်း လာပေးဖြစ်ကုန် ကြသည်။ မိုက်ကရိုဖုန်းရတယ်ဆိုလျှင်ပဲ လေသံမြှင့်ပြီး ပြောတော့သည်။
“နင်တို့ ပညာတတ်အောင် သင်ကြ၊ ပညာတတ်တွေဖြစ်အောင်ကြိုးစားကြ၊ ပညာမတတ်တဲ့ကောင်တွေ အုပ်ချုပ်နေလို့ တိုင်းပြည်ဟာ စုတ်ပြတ်သတ်နေပြီ၊ ဒီတိုင်းပြည်ကို နင်တို့ကယ်မှ ရတော့မယ်၊ ငါနင်တို့ကို အားကိုးတယ်၊ နင်တို့ကို ဟောချင်လို့ လိုက်လာတာ၊ ကျန်တဲ့အကောင် ဘယ်ကောင်ကိုမှ ဂရုမစိုက်ဘူး”
အားနာစရာလည်း ကောင်း၊ မျက်နှာပူစရာလည်း ကောင်းလိုက်တာ တော့ မပြောချင်လေတော့ဘူး။ စာရေးဆရာကို တွေ့ချင်သူသည် စာရေးဆရာရှိတဲ့နေရာကိုလာပြီး တွေ့ရမည်ဆိုတဲ့ ဂါရဝတရားကို ကျွန်တော်ရော၊ မသီတာပါ သတိမထားမိခဲ့ကြသော်လည်း ဆရာအောင်သင်းလို ပုဂ္ဂိုလ်မျိုးကိုခေါ်ပြီးတွေ့သည့် ရာထူးရှိသူ၊ အာဏာရှိသူများ သတိထား ရမည့်ကိစ္စ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here