သင့်ကား ဘရိတ်ဆီ လဲစရာလိုပါသလား

995

သင့်ကားဘီးများ ပြေးနေ၊ လိမ့်နေရာမှ ကားတစ်စီးလုံး တုံ့ခနဲရပ်သွားသည်အထိ ဆောင်ရွက်ပေးနိုင်သော   ဆီ၊ သို့မဟုတ် ဘရိတ်ဆီသည် စင်စစ်လွန်စွာတောင့် တင်းသည်ဟု ဆိုနိုင်သော်လည်း ရေနှင့် ရေငွေ့ကို လက်ခံ၊ ပေါင်းစပ်တတ်(Hydroscopic)သော၊ တစ်နည်း ရေနှင့်ရေကိုစုပ်ယူ(Absorb)တတ်သဖြင့် ဆီ၏ဂုဏ်သတ္တိကို ချွတ်ယွင်းပျက်ပြား ပြောင်းလဲသည်ကို သိထားရန် လိုအပ်ပါသည်။

ကားဘရိတ်လိုင်း(စနစ်)အတွင်းသို့ ရေနှင့်ရေငွေ့ ဝင်ရောက်ရောနှောသွားသည်ကို မဆိုထားဘိ၊ ဘရိတ်ဆီပုလင်း(ဘူး)အသစ်ကို အဖုံးလုံအောင်မပိတ်မိလျှင် ရေ၊ ရေငွေ့ ပေါင်းစပ်လွယ်သဖြင့် အသုံးပြုပြီးလျှင်ပြီးချင်း အဖုံးကိုလုံအောင်ပိတ်ရမည်။

ကားများတွင် တပ်ဆင်အသုံးပြုနေကြသော ဘရိတ်ဆီသိုလှောင်ရာ အိုး၏အဖုံးသည် အထိုက်အလျောက်လုံသည်ဖြစ်သော်လည်း အဖုံးအပေါ်ဘက်တွင် လေဝင်/ထွက်နိုင်ရန် အပေါက်ငယ်(လေရှူပေါက်)ပါရှိကြသည်။ ဘရိတ်နင်းလိုက်၊ လွှတ်လိုက်ပြုလုပ်ရာတွင် ဘရိတ်အိုးနှင့်အတွင်းရှိ ဘရိတ်ဆီ၏အပေါ်ဘက် မျက်နှာပြင်တစ်ခုလုံးသည် တက်လိုက်၊ ဆင်းလိုက်ဖြစ်နေလေရာ လေရှူပေါက်ကိုဖြတ်၍ ဘရိတ်အိုးအတွင်းသို့ ပြင်ပမှလေများကို ဆွဲသွင်းခြင်း၊ ပြင်ပသို့ လေများမှုတ်ထုတ်ခြင်းများ ပြုလုပ်တော့သည်။ ထိုသို့ ဆီမျက်နှာပြင် အတက်/အဆင်းရှိပြီး လေအဝင်အထွက် ရှိလေသောကြောင့် ပြင်ပတွင်ရှိနေသောလေ (လေတွင်ပါဝင်နေသော)နှင့်အတူ ပါလာသည့် ရေငွေ့၊ ရေမှုန်နှင့် ဖုန်၊ သဲအမှုန်အမွှားလေးများသည် ဘရိတ်ဆီအိုးမှ တစ်ဆင့် စနစ်တစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားတော့သည်နှင့် စနစ်တစ်ခုလုံးကို သံချေးတက်ခြင်း၊ ဆားပေါက်ခြင်းတို့ဖြင့် ပျက်စီးရာပျက်စီးကြောင်းကို စတင်လေတော့သည်။

သို့သော် ရေဝင်သည်၊ ရေငွေ့ဝင်သည် ဖုန်၊ သဲမှုန်များဝင်သည်နှင့် ချက်ချင်းပျက်စီးခြင်းတော့မဟုတ်၊ အချိန်၊ ရက်များစွာကြာပြီးမှ တိုက်ခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လေ့ရှိသောကြောင့် အတော်အသင့် အဆင်ပြေသေးတော့သည်။

မိမိကားဘရိတ်ဆီတွေ့ရာ နေရာတိုင်း၌ ရေ၊ ရေငွေ့ဝင်ရောက်နေသည်ကို မြင်တွေ့ရခက်ခဲသော် လည်း အခြားမသန့်ရှင်းသော ဖုန်မှုန့်နှင့်အခြားသောအညစ်အကြေးများ ဆီအိုးအတွင်းဝင်ရောက်ခြင်းကို ကားဆီအိုးအဖုံးဖွင့် လက်နှိပ်ဓာတ်မီးကဲ့သို့သော အလင်းရောင် ကောင်းကောင်းဖြင့် ထိုးကြည့်လိုက်လျှင် အနည်းနှင့်အများ တွေ့ရှိနိုင်သည်။

ဘရိတ်စနစ်အတွင်းသို့ ဝင်လာသော ရေသည် ဘရိတ်စနစ် တည်ဆောက်ထားသော၊ ပါဝင်သောအစိတ်အပိုင်းများ(Brake Components)က ရေနှင့် ရေငွေ့တို့ကို ခုခံအားကောင်းသောပစ္စည်းများ အသုံးပြု၍လည်းကောင်း၊ ယင်းအစိတ်အပိုင်းများကို ရေနှင့် ရေငွေ့ တိုက်ခိုက်မှုခံနိုင်ရည်ရှိသောအလွှာ(Coating)များဖြင့် ဖုံးအုပ်ပံ့ပိုးထားခဲ့သောကြောင့်လည်းကောင်း နှစ်အတော်ကြာသည်အထိ ဘရိတ်စနစ်နှင့် ယင်းစနစ်တွင်အသုံးပြုနေသော ဆီ(ဘရိတ်ဆီ)ကို လဲရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ခြင်းဖြစ်သည်။ ဘရိတ်ဆီအတွင်း ရေ၊ ရေငွေ့အပါဝင်မှု ၃ ရာခိုင် နှုန်းနှင့် ယင်းအထက်ပါဝင်သော ဘရိတ်ဆီပေါ်တွင် ဖိအားပေး၍ တုံ့ပြန်ရရှိမှုဖိအား (ဝါ)စနစ်အတွင်း ဖိအားမတူညီနိုင်တော့ခြင်းနှင့် စနစ်အတွင်းပိုင်းများကို ဓာတုဆိုင်ရာ ပျက်စီးမှုများ (သံချေးတက်မှု၊ ဆားပေါက်မှုများ) ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်။

ရေနှင့်ရေငွေ့တို့ ဘရိတ်ဆီနှင့်(ပါဝင်)ပေါင်းစည်းမှု မဟုတ်ဘဲ ဖုန်မှုန့်၊ သဲမှုန့်နှင့် အခြားအမှုန်အမွှားများသာ စနစ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု စောဒကတက်စရာကရှိသေးသည်။ ယင်းအထွေထွေသော အမှုန်အမွှားများ ဝင်ရောက်မှုများလာသည့်ဆီက မြင်သာသည်။ အမည်းရောင်အမှုန်အမွှားနှင့် အနယ်အနှစ်များ ဘရိတ်ဆီအိုးအတွင်း တွေ့ရှိရသော်၊ စနစ်တွင် ပါဝင်သော ရော်ဘာပစ္စည်းအစိတ်အပိုင်းများအကြောင်းအမျိုးမျိုးကြောင့် ပျက်စီးကာ အမှုန်အဖြစ်လည်းကောင်း၊ အရည်ပျော် ပျက်စီးခြင်းကြောင့် လည်းကောင်း ဖြစ်သည်။

အမှုန်အမွှားလည်း မတွေ့ရ၊ ဘရိတ်ဆီအရောင်လည်း သိသာလောက်သည့် ပြောင်းလဲမှုမရှိ။ ရေ၊ ရေငွေ့သက်သက် ဝင်ရောက်ပူးပေါင်းမှုကို ဘရိတ်ဆီ စမ်းသပ်ကိရိယာငယ်(Brake Fluid)ဖြင့် အလွယ်စမ်းသပ်သိရှိနိုင်သည်။ ယင်းကိရိယာအဖျားရှိ ငုတ် (အညှောင့်)နှစ်ခုကို ဘရိတ်အိုးထဲရှိ ဆီအတွင်းအောက်ခြေသို့ ထိလုနီးပါးနှစ်ထားပြီး တိုင်းတာရသည်။ ကိရိယာပေါ်တွင် ဖတ်ရှုရသည့်စာအားဖြင့်လည်းကောင်း LED မီး ညွှန်ပြသည်ကိုဖတ်၍ ဘရိတ်ဆီတွင် ရေပါဝင်မှုသည် သတ်မှတ်ချက် ထိပြီ၊ ကျော်နေပြီ သို့မဟုတ် အခြေအနေကောင်းသည်စသဖြင့် ဖတ်ရှုသိရှိသည့်အတိုင်း ဆီကို ဆက်လက်အသုံးပြုသင့်/မသင့် လဲရန် လိုအပ်သည်ကို သိလွယ်သည်။

အနည်းငယ်အဆင့်အတန်းမြင့်သော ဘရိတ်ဆီတွင် ရေပါဝင်မှုတိုင်းတာသည့်ကိရိယာငယ်များ၌မူ ကားမှ အသုံးပြုထားသော ဘရိတ်ဆီအမျိုးအစားကို ကိရိယာပေါ်တွင် ဖော်ပြထားသောအမျိုးအစားနှင့် ကိုက်ညီအောင် ရွေးချယ်ပေးရန် လိုအပ်သည်။ ဤကဲ့သို့ ရွေးချယ်မှုပြုရခြင်းသည် ရေ၊ ရေငွေ့တိုင်းတာမှုကို ပိုမိုတိကျသောအဖြေ ရရှိနိုင်မည်ဖြစ်သည်။

အင်ဂျင်ဝိုင်အဆင့်သတ်မှတ်မှုများကို စက်မှုလောကမှ လူတော်တော်များများ သိရှိကြသော်လည်း ဘရိတ်ဆီအရည်အသွေးသတ်မှတ်မှုများ သတ်မှတ်ချက်နှင့် သတ်မှတ်ပုံတို့ကိုသိသူအနည်းငယ်သာရှိသည်။ အလျဉ်းသင့်သဖြင့် ဘရိတ်ဆီအကြောင်း အနည်းငယ်ဖြည့်၍ ပြောလိုပါသည်။

ဘရိတ်ဆီကိုသယ်ယူပို့ဆောင်ရေးဌာန (Department Of Transportation – DOT) ဌာနသုံးခု အောက်မှ စံချိန်စံညွှန်း (သတ်မှတ်ချက်)အနိမ့်ဆုံး လိုအပ်ချက်မှာ DOT 3၊ DOT 4၊ နှင့် DOT 5.1 တို့ ဖြစ်ကြသည်။  DOT 3 နှင့် 5.1 နည်းတူ DOT 4 သည်လည်း ပိုလီသီလိန်းဂလိုက်ကိုလ်အခြေခံ အရည် (Polyethylene Glycol-Based Fluid) ဖြစ်ပြီး DOT 5  နှင့် ကွာခြားနေရခြင်းမှာ DOT 5 က စီလီကွန် (Silicon-Based)ကို အခြေခံထားသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ DOT 3၊ 4 နှင့် 5.1 သည် အခြေခံဆီ(Based-Fluid)တူညီကြပြီး DOT 5 နှင့် အခြေခံဆီ မတူညီခြင်းဖြစ်သည်။ အခြေခံဆီဆိုသည်မှာ အရပ်စကားဖြင့်ဆိုရသော် အဓိကထား စပ် (Blend)ထားသည့်ဆီဖြစ်သည်။ ယင်းဘရိတ်ဆီအားလုံးကို ယင်းတို့၏ ဆူမှတ်(အပူချိန်)ဖြင့် သတ်မှတ်သည်ကို တစ်ဖက်စာမျက်နှာပါ ‘ဘရိတ်ဆီဆူသည့် အပူချိန်အမျိုးမျိုး’ ဇယားကွက်တွင် လေ့လာနိုင်ပါသည်။

 

 

 

 

 

ဇယားတွင် ဖော်ပြထားသည့်အတိုင်း ဒုတိယကော်လံထိပ်နှင့် တတိယကော်လံထိပ်ခေါင်းစည်းတွင် Dry Boiling Point နှင့်  Wet Boiling Point (ဆီခြောက်ဆူမှတ်နှင့် ဆီစိုဆူမှတ်)၏ အဓိပ္ပာယ်မှာ ဘရိတ်ဆီ ပါကင်ပိတ်ဘူးအတွင်းရှိ လေနှင့်လုံးဝမတွေ့ရသေးသော ဘရိတ်ဆီသစ်နှင့် အသုံးပြုနေသော(လက်စ)ဘရိတ်ဆီတို့ကို ခွဲခြားထားခြင်းဖြစ်သည်။ ခွဲလည်းခွဲခြားသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်မျိုးတို့၏ ဆူမှတ်များသည်လည်း ကွာခြားလွန်းသောကြောင့် ဖြစ်သည်။ ဘရိတ်ဆီသည် ရေ၊ ရေငွေ့နှင့် အမြန်ပေါင်းစပ်နိုင်သဖြင့် ဘူးသစ်အတွင်းမှ ဘရိတ်ဆီသည်သာ ဆီခြောက်ဖြစ်သည်ဟု ဆိုထိုက်ပေမည်။ တစ်နည်းအားဖြင့် ကားဘရိတ်အိုးအတွင်း တွေ့ရသည့် ဆီတိုင်းသည် ဆီအစိုသာဖြစ်သည်။

ပုံတွင်ဖော်ပြထားသည့်အတိုင်း ဘရိတ်ဆီအတွင်း ရေ၊ ရေငွေ့ ပါဝင်မှုများလေလေ၊ ယင်းဘရိတ်ဆီ၏ဆူမှတ်(အပူချိန်)သည် နိမ့်ကျလေလေဖြစ်သည်။ အရည် (ဆီ)ဆူမှတ် နိမ့်ကျလေလေ၊ အငွေ့ပြန်မှု လွယ်ကူလာလေလေဖြစ်သည်။ ပွနှုန်းလည်း များလေလေဖြစ် သည်။ အငွေ့(ရေအငွေ့)ပါဝင်ခြင်းနှင့် ဘရိတ်စနစ်အတွင်း လေခိုမှု၊ ရေငွေ့ ခိုအောင်းမှုဖြစ်ပေါ်လာခြင်းတို့သည် ဘရိတ်အုပ်ရာတွင် ကမောက်ကမဖြစ်ကာ အဆင်မပြေလာစေသည်မှာ အလားတူ တစ်ထပ်တည်း နီးပါးဖြစ်သည်။

သို့သော် အမှုန်အမွှားအနယ်များက ဘရိတ်ကို ကမောက်ကမ ဖြစ်စေသည်နှင့် ရေ၊ ရေငွေ့တို့က ဒုက္ခဖြစ်စေသည်မှာ မတူကြပေ။ ဘရိတ်စနစ်အတွင်း လှုပ်ရှားနေရသော ပစ္စည်းများက ထိတွေ့နေရသော မလှုပ်မရှားရသည့် အခံပစ္စည်း(ပစ္စတင်နှင့်ဆလင်ဒါများ)များထက် အပွန်းအစင်းများကို လျင်မြန်စွာဖြစ်ပေါ်စေသည်။ ဆိုလိုသည်မှာ မပျက်စီးမပွန်းပဲ့ရန်၊ ရေ၊ ရေငွေ့နှင့် အလွယ် မထိတွေ့နိုင်စေရန် ကာကွယ်ထားသော အလွှာပါးများကို အမှုန်အမွှားတို့က ပျက်စီးအောင်ကူညီလိုက်ကြသဖြင့် အချိန်မတိုင်မီ ရေ၊ ရေငွေ့တို့ကို ထိတွေ့ခွင့်ရခြင်းကြောင့် (ပစ္စတင်နှင့်ဆလင်ဒါများ၏) မျက်နှာပြင်များ ဆားပေါက်ခြင်း(ကျောက်ပေါက်မာများဖြစ်ခြင်း၊ ခြလမ်းကြောင်းဖြစ်ပေါ်စေခြင်း) နည်းတူ အပေါက်များ မညီမညာ ကျယ်သွားခြင်း၊ ပစ္စတင်များ (ပုံပျက်ကာ) ဆိုက်သေးသွားခြင်း စသည်တို့ အချိန်စောစီးစွာဖြစ်ပေါ်တော့သည်။

မိုဒယ်မြင့် ကားအကောင်းစားများတွင် ပါဝင်သော ဘရိတ်စနစ်တည်ဆောက်သည့် သံ၊ သတ္တု၊ ရော်ဘာပစ္စည်းများ (ဝါရှာ၊ဆီးလ်)စသည့် အသားများ(Materials)နှင့် အသုံးပြုသည့် ဘရိတ်ဆီ မှန်ကန်မှု (DOT3၊ DOT4၊ DOT5၊ DOT5.1)နှင့်တံဆိပ်များ၊ ကားအသုံးပြုသည့် ဒေသပတ်ဝန်းကျင် (တော၊ ရွာ လှည်းသွားသည့် မြေလမ်းများ)ဖုန်၊ သဲမှုန် ထူထပ်သော လမ်းများ၊ ရေ၊ ရေငွေ့များသော၊ မိုးများသော ဒေသ စသည်တို့အပေါ် မူတည်၍ လည်းကောင်း၊ ကား အသုံးပြုသည့် သက်တမ်း ၂ နှစ်၊ လေးနှစ်စသဖြင့်)အပေါ် မူတည်၍ လည်းကောင်း၊ အိုးအတွင်း ရေပါဝင်မှုကို တိုင်းတာကြည့်၍ လည်းကောင်း၊ အနှစ်အနယ်များ ပါဝင်နေမှုအပေါ် မူတည်၍လည်းကောင်း ဘရိတ်ဆီကို လဲသင့်၊ မလဲသင့် ဆုံးဖြတ်ရာ၏။

ကားတစ်စီးနှင့်တစ်စီး လဲချိန်တန်သောအချိန် မတူညီခြင်းမှာ အထက်တွင်ဖော်ပြထားသည်က သင့်အားမြင်သာပြီဖြစ်သော်လည်း ဘရိတ်ဆီကို မည်သို့ အသစ်လဲရမည့် အခြေခံကို သိထားရန်လိုအပ်ပေသေးသည်။ ဘရိတ်ဆီအိုးအတွင်းမှ ဆီအားလုံးကို ဖယ်ရှားရန် အိုးအတွင်းမှ ဆီစစ်ဖီလ်တာနှင့် ဆီမျက်နှာပြင်လှုပ်လျှင် ဆီမဖိတ်မစဉ်စေရန် ထည့်ထားသောဖော့(ပါလျှင်)ဖယ်ရှားလိုက်ပါ။ ဘရိတ်အိုးအတွင်းမှ ပစ္စည်းများဖယ်ရှားချိန်တွင် ကားကိုယ်ထည်ပေါ်သို့ ဆီအစက်အပြောက်များကျပါက ဆေးအရောင်(Paint Work)ပျက်တတ်သည်ကို သတိထားဆောင်ရွက်ပါ။ ဘရိတ်ဆီအိုးအတွင်းမှ ဘရိတ်ဆီအတွင်းသို့ သင့်လျော်သော (သံ၊အမာချောင်း မဟုတ်သော) တုတ်ငယ်တစ်ခု ဖြင့် မွှေနှောက်လိုက်ပါ။ ဆီအတွင်းသို့ ပလတ်စတစ်ပိုက်ရှည်တစ်ချောင်းကို အသုံးပြုကာ ဆီကုန်သည်အထိ စုပ်ယူလိုက်ပါ။ ပိုက်အရှည်ဖြစ်ခြင်းကြောင့် ပါးစပ်အတွင်း ဝင်နိုင်ရန် ခက်ပါလိမ့်မည်။ ဤသို့ ပိုက်ဖြင့် စုပ်ထုတ်သောနည်းသည် အနည်းငယ်အန္တရာယ်ဖြစ်တတ်သဖြင့် ဘက်ထရီထိန်းသိမ်းရေးလုပ်ရာတွင် အသုံးပြုသောရေစုပ်သည့် ဖန်ပြွန်ငယ်သည် လွန်စွာအသုံးတည့်သည်။ သို့သော်ဖန်ပြွန်၏နောက်မှ ရော်ဘာဘောလုံး ကို ဘရိတ်ဆီက တိုက်ခိုက် အစေးပြန်စေနိုင်သဖြင့် ရော်ဘာဘောလုံးအထိ ဆီကို မစုပ်မိရန် သတိပြုရာ၏။ သို့သော် ကားပြုပြင်၊ ထိန်းသိမ်းရေးဆိုင်ရာ ပစ္စည်း အရောင်းဆိုင်များတွင် ရော်ဘာကို အစေးမပြန် မတိုက်ခိုက်သလို ဘက်ထရီအက်စစ် တိုက်ခိုက်သည် ကိုလည်း ခံနိုင်ရည်ရှိသော နှစ်မျိုးသုံးအရည်စုပ် ဖန်ပြွန်အကြည်များကိုလည်း ဝယ်ယူအသုံးပြုနိုင်သည်။

ဘရိတ်ဆီအိုးအတွင်း သန့်ရှင်းသွားသည်အထိ ဘရိတ်ဆီအသစ်ဖြင့် ဖလှယ်ကာ သန့်ရှင်းရေး(Flush)ပြုလုပ်လိုက်ပါ။ ထို့နောက် ဘရိတ်စနစ်(လိုင်းများ) အတွင်းရှိ ဆီများကိုလေချူသည့်နည်းဖြင့် တွန်းထုတ် နင်းထုတ်ပြုလုပ်ရန် အကူအညီတစ်ယောက်ဖြင့် ဆောင်ရွက်ပါ။ ဘရိတ်ဆီအိုးအတွင်း ဆီပြတ်မှုမရှိပါစေနှင့်။ လေချူခေါင်း(Airbleeding Nipple)ပေါက်မှဆီအသစ်အသန့် လိုက်လာသည်အထိ ဆောင်ရွက်ပါ။ လေချူသည့်အလုပ်ကို အစီအစဉ်အတိုင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဘရိတ်မာစတာအိုး (Brake Master Pump/Master Cylinder)မှ လေချူခေါင်းမှ(မာစတာဆလင်ဒါတွင် လေချူခေါင်းပါသည့် အမျိုးအစား ဖြစ်ပါက)စတင်ပါ။

ကားသည် စတီယာရင် ဘယ်ကိုင်း ဖြစ်လျှင် နောက်ညာ ဘရိတ်အိုး (Rear Right Wheel)၊ နောက်ဘယ်၊ ရှေ့ညာနှင့် နောက်ဆုံးရှေ့ ဘယ်ဘရိတ်အိုးများကို အစီအစဉ်အတိုင်း လေချူရင်း ဆီသစ်လဲသောနည်း ဖြစ်ပါသည်။ ဘရိတ်မာစတာအိုးနှင့် အဝေးဆုံးမှစတင်ပြီးပြုလုပ်ရခြင်းကို ညွှန်ကြားခြင်းဖြစ်ပါသည်။ ယခုကားသည် ဘရိတ်ဆီအသစ် လဲပြီးဖြစ်ပါပြီ။ ထိုသို့ဘရိတ်ဆီအသစ်လဲပြီးတိုင်း တာတိုခရီးကို ဘရိတ်စမ်း ကားမောင်းကြည့်ပြီး လိုအပ်သည်များ ဆောင်ရွက်ရန် ကျန်ရှိနေပါတော့သည်။

ပုံမှန်အိမ်သုံးကားများ၏ ဘရိတ်ဆီကို တစ်နှစ်မှ ၂ နှစ်အထိ အသုံးပြုပြီးလျှင် အသစ်လဲလှယ်ရန် အကြံပြုသူများရှိသလို အချို့ကားများမှာ ၁ဝ နှစ်သုံးစွဲပြီးသည့်တိုင် ဘရိတ်၊ ဘရိတ်ဆီနှင့်ပတ်သက်၍ မည်သို့သော ချွတ်ယွင်းချက်မျှ မရှိသဖြင့် ဘရိတ်ဆီသည် လဲရန်မလိုအပ်ဟု ဆိုသူကဆိုသည်။ ကားအကောင်းစားကြီးများတွင်ပင်လျှင် ရေငွေ့ပါဝင်မှုများ တိုင်းတာသိရှိရသဖြင့် ဘရိတ်ပစ္စည်းများ(Brake Components) မပျက်စီး၊ အတိုက်အခိုက်မခံရမီ လဲလိုက်ရသည်များလည်း ရှိသည်။

သင့်အနေဖြင့် ဘရိတ်ဆီအသစ်မလဲမီ ဘရိတ်ဆီစမ်းသပ်သော သင့်ကိရိယာငယ်ကို ဘရိတ်ဆီအသစ် တွင်လည်းကောင်း၊ ရေတွင်လည်းကောင်း နှစ်ကာ ကြိုတင်စမ်းသပ်စစ်ဆေးထားသင့်သည်။ သို့မှသာ ဘရိတ်ဆီ လဲသင့်၊ မလဲသင့်သည်ကို သင့်အနေဖြင့်  ရဲရဲကြီး ပြောချနိုင်ပေလိမ့်မည်ဖြစ်ပါသတည်း။

 

သန်းထွန်းတင် ( စက်မှု )

LEAVE A REPLY

Please enter your comment!
Please enter your name here