သင့်ကားဘက်ထရီ ချာဂျင်မဝင်လျှင်

1198
Page(Test)

ကားတစ်စီး မောင်းနှင်နေစဉ် ဒက်ရှ်ဘုတ်မှာ ဘက်ထရီ Icon ပုံလေး မီးနီလင်းနေမယ်ဆိုရင် ဘက်ထရီချာဂျင် မဝင်တော့ကြောင်း သတိပေးတဲ့ မီးပဲ ဖြစ်ပါတယ်။ ဘက်ထရီချာဂျင်မဝင်ရင် ဘာဖြစ်မလဲ။ ဘက်ထရီအိုးထဲ မှာ ရှိနေဆဲ ပါဝါက ဘယ်လောက်ကြာကြာ အသုံးခံမှာလဲ။ ချာဂျင်မဝင်ဘဲ ကားကို ဆက်မောင်းရင် ဘာဖြစ်မလဲ။
ကားမောင်းနေရင်း ဘက်ထရီချာဂျင် မရတော့တဲ့ ပြသနာမျိုးကို ယာဉ်မောင်းသူတိုင်း ကြုံဖူးကြပါလိမ့်မယ်။ မြို့တွင်း ခရီးတိုလေးတွေ မောင်းနေရင်း ဒီလိုအခက်အခဲမျိုး ကြုံရတာ ပြသနာသိပ်မကြီးပေမဲ့ ခရီးဝေးသွားတဲ့အခါမျိုးမှာ ဒီလိုမျိုး ချာဂျင်မဝင်ရင်တော့ လမ်းမှာ ဒုက္ခတွေ့ နိုင်ပါတယ်။ ညအချိန် ကားမောင်းနေစဉ်မှာ ဒီလိုမျိုး ဒိုင်နမို ပြသနာ၊ ချာဂျင်မဝင်တော့တဲ့ ပြသနာက လမ်းပေါ်မှာ အရေးပေါ်ပြန်ပြင်လို့ မရခဲ့ ရင်တော့ လမ်းပေါ်မှာပဲ ညအိပ်ရပါလိမ့်မယ်။ ဘက်ထရီချာဂျင် မဝင်တော့ ရင် ခရီးအဝေးကြီးကို ဆက်မောင်းလို့ မရပါဘူး။ ဘက်ထရီထဲမှာ သိုလှောင်သိမ်းဆည်းထားတဲ့ လျှပ်စစ်ပါဝါအားတွေက ကြာကြာသုံးလို့ မရ ပါဘူး။
ဘက်ထရီချာဂျင် မဝင်တော့ရင် ကားစက် ချက်ချင်းရပ်ပြီး လမ်းဘေး အန္တရာယ်ကင်းတဲ့ နေရာမှာ ကားကို ရပ်ထားသင့်ပါတယ်။ ယာဉ်လမ်းကြောင်း ပေါ်မှာရှိနေရင် နောက်ကနေ ကားတစ်စီးစီးက ဝင်ဆောင့်မိနိုင်ပါတယ်။ ကားပျက်ကြောင်း တခြားကားသမားတွေသိအောင် စုံမီး အချက်ပြထွန်း ထားပါ။ ကားစက်ဖုံးလှန်ပြီး စစ်ဆေးပါ။ LED ဓာတ်မီးတစ်လက်တော့ လိုပါတယ်။ ဒိုင်နမိုပန်ကာကြိုး ပြတ်ထွက်တာလား၊ ပန်ကာကြိုး စားပြီး ချောင်နေသလား၊ ပန်ကာကြိုးမူလီ မြောင်းထဲက ပြုတ်ထွက်တာလား။ ဒိုင်နမိုဆော့ကတ်တွေ ချောင်နေသလား/လွတ်နေသလား၊ ဒိုင်နမိုမိန်းငုတ် တိုင်မှာ နတ်ခေါင်း(Nut) ချောင်နေသလား၊ အပူလွန်ကဲပြီး မိန်းကြိုး (ဝါယာ) ပြတ်ကျနေသလား စတာတွေ စစ်ဆေးကြည့်ပါ။

ဘက်ထရီချာဂျင် မဝင်တော့တာ ချွတ်ယွင်းချက် အပြစ်တစ်ခုခု ရှိ နေလို့ပါ။ အလွယ်တကူ စစ်ဆေးလို့ရနိုင်တဲ့ အားနည်းချက် ရှိသလား ရှာကြည့်ပါ။ တစ်ခါတလေ ဘာမဟုတ်တဲ့ ချွတ်ယွင်းချက် ပြသနာလေး တစ်ခုကြောင့် ဘက်ထရီချာဂျင် မဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဥပမာ ဒိုင်နမို ဆော့ကတ်ချောင်ပြီး လွတ်နေတာမျိုး၊ ပန်ကာကြိုးချောင်ပြီး မူလီကနေ ပြုတ်ကျနေတာမျိုးပါ။ ဒီလိုမျိုး အသေးအဖွဲလေးတွေကို စစ် ဆေးပြီး ပြုပြင်လိုက်ရင်လည်း ပြန်ကောင်းသွားတတ်ပါတယ်။
ဘက်ထရီခေါင်းချောင်နေရင် ချာဂျင်မဝင်တာမျိုး ဖြစ်တတ်ပါတယ်။ ကားဆိုတာမျိုးက အမြဲတမ်း ရွေ့လျားနေတာဆိုတော့ အင်ဂျင်တုန်ခါမှုတွေ၊ လမ်းအဆောင့်ဒဏ်တွေကြောင့် ဘက်ထရီခေါင်း ချောင်တာ၊ ဘက်ထရီ ကြိုးလွတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအားနည်းချက်ကလေးတွေ တစ်ခုမှ ရှာမတွေ့ရင်တော့ ဒိုင်နမိုထဲမှာ တစ်ခုခုဖြစ်နေလို့ပါပဲ။ ကာဗွန် တိုသွားတာလား၊ Filed ကွိုင် လောင်သွားတာလား၊ ဒိုင်အုပ်တွေ မ ကောင်းတာလား၊ ကတ်တောက် IC မကောင်းတာလား၊ ရိုတာထဲက ကွိုင်ကြိုး ပြတ်ထွက်တာလား၊ ရိုတာထိပ်က ကြေးကွင်းတစ်ခြမ်း စားနေ တာလား စတဲ့ ဒိုင်နမိုကြောင့် ဖြစ်တာမျိုးကို အသေးစိတ်စစ်ဆေးအပြစ်ရှာဖို့၊ ပြန်ပြုပြင်ဖို့၊ ဒိုင်နမို မိုတာ ဆားဗစ်ဆိုင်မှာ ပြသသင့်ပါတယ်။

Alternator လို့ ခေါ်တဲ့ AC/DC ဒိုင်နမိုဟာ ချာဂျင်အားသွင်းစနစ် မှာ အဓိကကျတဲ့အရာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးအတွက် လိုအပ်တဲ့ လျှပ်စစ်ပါဝါကို ဒိုင်နမိုကပဲ ထုတ်လုပ်ပေးပါတယ်။ အင်ဂျင်မိန်းမူလီနဲ့ ဒိုင်နမိုမူလီကို ပန်ကာကြိုး V-Belt နဲ့ ဆက်သွယ်ထားပါတယ်။ အင်ဂျင် လည်ပတ်အားကြောင့် ဒို်င်နမိုလည်ပြီး DC လျှပ်စစ်ထွက်တာပါ။ ဒိုင်နမိုဆိုတာ စက်မှုစွမ်းအင်ကို အသုံးချပြီး လျှပ်စစ်စွမ်းအင်ပြောင်းလဲပေးတဲ့ အရာပါ။ Alternator က ထုတ်လုပ်ပေးတာ AC လျှပ်စစ်ဖြစ်ပါတယ်။ မော်တော်ကားမှာသုံးတဲ့ လျှပ်စစ်အမျိုးအစားက DC လျှပ်စစ်ဖြစ်ပါတယ်။ AC ကို DC ဖြစ်အောင် ဒိုင်အုပ်တွေ ပြောင်းပေးပါတယ်။ ကားလေးတွေ မှာ 12 Volt သုံးပြီး ကုန်ကားကြီး၊ ဘတ်စ်ကားကြီးတွေမှာတော့ 24 Volt ကို သုံးပါတယ်။ ကားတွေမှာသုံးတဲ့ ဒိုင်နမို မိုတာတွေကိုလည်း 12 Volt နဲ့ 24 Volt ဆိုပြီး ခွဲခြားထားပါတယ်။ ဒိုင်နမိုတစ်လုံး ထုတ်လုပ် ပေးတဲ့ ဗို့အားနဲ့ လျှပ်စီးကြောင်း အမ်ပီယာပမာဏကို I.C ကတ်တောက်က ထိန်းချုပ်ပေးပါတယ်။ ဒိုင်နမိုက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ကား တစ်စီးလုံး လျှပ်စစ်ပစ္စည်းတွေမှာ သုံးစွဲတဲ့အပြင် ဘက်ထရီကိုလည်း ချာ ဂျာ သွင်းပါတယ်။
ကားတစ်စီးမှာ DC လျှပ်စစ် စွမ်းအားပါဝါနဲ့ အားလုံးအလုပ်လုပ် တဲ့အတွက် ဘက်ထရီမှာ ပါဝါအားအပြည့်ရှိဖို့ အရေးကြီးပါတယ်။ ဘက် ထရီ အားမရှိတာနဲ့ မနက်ပိုင်း ကားစက်နှိုးရတာ ဒုက္ခရောက်ပါတယ်။ ချာဂျင်အားမဝင်တဲ့ ဘက်ထရီမှာ ပါဝါအား မရှိတာကြောင့် ကားစက်နှိုးရ တာ ခက်ခဲပါတယ်။ ဘက်ထရီကောင်းမှ မိုတာအား ကောင်းပါတယ်။ ဘက်ထရီ Down သွားလို့ ကားတွန်းနှိုးရတဲ့ ဒုက္ခတွေ၊ ဘက်ထရီဆိုင် သွားပြီး ထောက်နှိုးဘက်ထရီ သွားငှားရတဲ့ဒုက္ခတွေက လွတ်ကင်းအောင် ကားဘက်ထရီကို ဂရုစိုက်ထိန်းသိ်မ်းဖို့ လိုပါတယ်။ ကားသမားဆိုတာ ကိုယ်မောင်းတဲ့ကားကို ဂရုစိုက်ထိန်းသိမ်းရပါတယ်။

မနက်ပိုင်း ကားစက်နှိုးတဲ့အချိန် ဘက်ထရီ အားမရှိရင်၊ ဒါမှမဟုတ် မိုတာလည်တာ နှေးကွေးနေရင် ဘက်ထရီကို စစ်ဆေးဖို့လိုပါတယ်။ ဘက်ထရီကို ချာဂျာဝင်အား ကောင်း/မကောင်း အမ်ပီယာတိုင်းကြည့်ဖို့ လိုပါတယ်။ ချာဂျင်အမ်ပီယာ ဘယ်လောက်ရှိသလဲသိနိုင်ဖို့ ဒိုင်နမိုဆားဗစ် ဆိုင်မှာ တိုင်းကြည့်လို့ရပါတယ်။
ဘက်ထရီအား ကောင်း/မကောင်း အလွယ်တကူ စစ်ဆေးလို့ရပါ တယ်။ မီးကြီး ဖွင့်ကြည့်ပါ။ မီးအလင်းရောင် ပြင်းရမယ်။ ကားမီးကြီး အလင်းပြင်းအား ကျနေမယ်၊ အရောင်မှိန်နေမယ်၊ ကားဟွန်းသံလည်း တိုးတိုးလေးပဲ ဖြစ်နေမယ်ဆိုရင်တော့ ဘက်ထရီကျ  (Down) သွားတာ သေချာပါတယ်။ မိုတာမှာ တစ်ခုခု ချွတ်ယွင်းချက်အပြစ်ရှိလို့ ဖြစ်ပါလိမ့် မယ်။ မိုတာအာမေချာထိပ်က ကြေးစိတ်ခေါင်းတွေ စားနေတာလား၊ ကာဗွန်တိုနေတာလား၊ ဆိုလီနွိုက် မကောင်းတာလား၊ ဘက်ထရီခေါင်း/ ဘက်ထရီကြိုးတွေ ချောင်ပြီး လွတ်နေသလား စတဲ့ မိုတာပြသနာတွေသိရ အောင် မိုတာဆားဗစ် ပြင်ဆိုင်မှာ ဖြုတ်ဆေးပြီး လိုအပ်တာ ပြုပြင်ပါ။
ဘက်ထရီအခြေအနေ ကောင်း/မကောင်း သေချာအောင် ဒစ်ဂျစ် တယ်မီတာနဲ့ ထောက်တိုင်းကြည့်နိုင်ပါတယ်။ ဗို့အား 12.66 V အထက် ရှိနေရင် ဘက်ထရီမှာ အားအပြည့်ရှိပါတယ်။ 2.24 V ဆိုရင်တော့ ဘက်ထရီထဲမှာ ပါဝါအား ၇၅ ရာခိုင်နှုန်းပဲ ကျန်ပါတယ်။ 12.45 V မှာ ပြနေရင်တော့ ပါဝါအား ၅ဝ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ သုံးလို့ အဆင် မပြေတော့ပါဘူး။ ဘက်ထရီဆားဗစ်ဆိုင်ကိုပို့ပြီး အားပြန်သွင်းပါ။ မိုးရေ၊ အက်ဆစ်၊ ပါဝါ ဒီဂရီနဲ့ Level ကို စစ်ဆေးပါ။
အားပြည့်နေတဲ့ ဘက်ထရီတစ်လုံးရဲ့ အက်ဆစ်ပြင်းအား ဒီဂရီက 1.280 ရှိရပါတယ်။ 1.220 အောက်ကို ဆင်းသွားရင်တော့ ဘက်ထရီ အား မရှိပါဘူး။ အားအပြည့်ရှိတဲ့ ဘက်ထရီဖြစ်မှ မိုတာဆွဲအားကောင်း ပါတယ်။ ကြာကြာလည်း အနှိုးခံပါတယ်။ ကားဘက်ထရီတစ်လုံးရဲ့ အဓိကတာဝန်က ဝါယာရင်းစနစ်တစ်ခုလုံးမှာ တည်ငြိမ်တဲ့ ဗို့အားရှိဖို့နဲ့ စက်ရပ်ထားတဲ့ အခြေအနေမှာလည်း သိုလောင်ထားတဲ့ လျှပ်စစ်ပါဝါအား တွေကို ကားတစ်စီးလုံးအတွက် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။
ကားဘက်ထရီတစ်လုံးရဲ့ သက်တမ်းဟာ ၂ နှစ်ကနေ လေးနှစ်အထိ အသုံးခံပါတယ်။ ချာဂျာအားသွင်းစနစ်ကောင်းမယ်ဆိုရင် ဘက်ထရီ ထိန်းသိမ်းရ သက်သာပြီး သက်တမ်းလည်း ကြာကြာခံနိုင်ပါတယ်။ ဘက် ထရီထိန်းသိမ်းဖို့ ဒါတွေကို ဂရုစိုက်ပြီး လုပ်ဆောင်ပေးပါ။ ဒါမှသာ ဘက်ထရီသက်တမ်းပြည့် သုံးစွဲနိုင်မှာပါ။

– ဘက်ထရီငုတ်တိုင်တွေ၊ ဘက်ထရီခေါင်းတွေ အမြဲသန့်ရှင်းနေ အောင် ထားပါ။ အက်ဆစ်ကြောင့် ဘက်ထရီခေါင်းနဲ့ ဘက်ထရီကြိုးထိပ် တွေမှာ ဆားပေါက်တတ်ပါတယ်။ ဘက်ထရီဆားပေါက်ရင် ဆော်ဒါရည် နဲ့ဆေးပါ။ ရေနွေးပူပူနဲ့ လောင်းဆေးပါ။
– ဘက်ထရီအိုးအတွင်း အက်ဆစ် Level မကြာခဏစစ်ဆေးပါ။ နွေရာသီမှာ အက်ဆစ်ရည်တွေ ခန်းတတ်ပါတယ်။ ဘက်ထရီပလိတ်ပြား တွေ ပေါ်နေအောင်အထိ အက်ဆစ်ရည် ခန်းခြောက်တာမျိုး မဖြစ်ပါစေနဲ့။ ဘက်ထရီမိုးရေ ထပ်ဖြည့်ပေးပါ။
– ဘက်ထရီအိုးခွံ ကွဲအက်ခြင်း၊ အဖုံးမလုံခြင်း၊ အက်ဆစ်ယိုစိမ့်ခြင်း ရှိ မရှိ စစ်ဆေးပါ။
– ဘက်ထရီချာဂျင်အဝင် မှန်ပါစေ။ ချာဂျင်အမ်ပီယာ များလွန်းလျှင် ပွက်ပွက်ဆူလာတတ်ပါတယ်။ ဘက်ထရီကို ချာဂျင်သွင်းတဲ့ ဗို့အားက 13.8V ကနေ 14.3 V လောက်ပဲ ရှိသင့်ပါတယ်။
– နောက်ဆုံး အိမ်အပြန် ကားသိမ်းချိန်မှာ ကားမီးတွေ၊ ခလုတ်တွေ အားလုံးကို ပိတ်ပြီးမှ ကားတံခါးကို ပိတ်ပါ။
– ဘက်ထရီအိုးကို ဖမ်းထိန်းထားတဲ့ ဘရတ်ကတ်တွေ၊ နတ်(Nut) တွေ တင်းကျပ်နေပါစေ။
– ဘက်ထရီအခန်းတိုင်းရဲ့ အက်ဆစ်ပြင်းအား သိပ်သည်းဆဟာ တူညီနေဖို့ လိုပါတယ်။ Cell တစ်ခန်းက အက်ဆစ်ပြင်းအားက ပျော့ နေတာမျိုး ဖြစ်နေလို့မရပါ။
– ဘက်ထရီငုတ်နဲ့ ဘက်ထရီကေဘယ် ခေါင်းတွေ တင်းကျပ်နေဖို့ လိုပါတယ်။ ဘက်ထရီကြိုးတစ်စက Body Earth ကြိုးချပြီး ထိမိနေဖို့လို သလို ကျန်တစ်စ(မီးကြိုး) က မိုတာဆိုလီနွိုက်ငုတ်မှာ ထိထိမိမိ တင်း ကျပ်နေဖို့ လိုပါတယ်။
– ဘက်ထရီချာဂျင် ဝင်တာမှန်ဖို့ လုပ်ငန်းသုံးကား၊ Taxi ဆိုရင် လေးလတစ်ကြိမ်လောက် ဒိုင်နမိုကို စစ်ဆေးသင့်ပါတယ်။ ကိုယ်ပိုင်ကား ဆိုရင်တော့ အသုံးနည်းတာကြောင့် တစ်နှစ်ခွဲ၊ ၂ နှစ်လောက်မှ တစ်ကြိမ် ဒိုင်နမိုကို ဆားဗစ်ဆင်လုပ်ပါ။
– မိုးရေအက်ဆစ် ထပ်ထည့်စရာမလိုတဲ့၊ ထိန်းသိမ်းစရာမလိုတဲ့ Maintenance Free Battery တစ်မျိုးလည်း ရှိပါတယ်။
– ဘက်ထရီကို လက်အိတ်နှင့် ကိုင်တွယ်ပါ။ ဘက်ထရီမှာ ခဲသတ္တု အဓိကဖြစ်တာကြောင့် ခဲဆိပ်သင့်တာကို ဂရုစိုက်ပါ။ ဘက်ထရီကိုင်ပြီး တိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။
ဘက်ထရီအား ပြည့်/မပြည့် ဘက်ထရီကို ဝါယာကြိုးတစ်ချောင်း နဲ့ ငုတ်နှစ်ငုတ်ကိုထောက်ပြီး မီးခတ်ကြည့်တာမျိုး လုံးဝမလုပ်ပါနဲ့ ဘက်ထရီအိုး ကွဲတတ်ပါတယ်။ အားသွင်းထားတဲ့ ဘက်ထရီအိုးထဲမှာ ဟိုက်ဒရိုဂျင် ပေါက်ကွဲခြင်းဖြစ်ပြီး ဘက်ထရီအိုးပါ ပေါက်ကွဲတတ်ပါတယ်။ ဘက်ထရီအိုးကွဲပြီး ပွင့်ထွက်တာနဲ့ အက်ဆစ်တွေ မျက်နှာကို စဉ်နိုင်ပါ တယ်။ အန္တရာယ်မဖြစ်အောင် သတိထားပြီး ကိုင်တွယ်ပါ။ ဘက်ထရီ ထိန်းသိမ်းမှုကောင်းပြီး ချာဂျင်အဝင်မှန်ပါက သင့်ကားဘက်ထရီဟာ အမြဲတမ်း အသင့်အနေအထားမှာ ရှိနေနိုင်မှာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here