သင့်ကားတွင် ပုံမှန်လဲလှယ်ပေးရန် လိုအပ်ချက်များ

180

 

ကားတစ်စီးတွင် သုံးစွဲမှုသက်တမ်း ကြာလာသည်နှင့်အမျှ ပုံမှန်လဲလှယ်ပေးရသော အစိတ်အပိုင်းများရှိသည်။ အချိန်ကာလ အပိုင်းအခြားအလိုက် လဲလှယ်ပေးသင့်သော လိုအပ်ချက်များကို ဆောင်ရွက်ရန် နှောင့်နှေး ကြန့်ကြာနေပါက သင်နှင့် သင့်ကားအတွက် ဘေးကင်းလုံခြုံမှု(Safety) အားနည်းလာမည်။ အင်ဂျင်၏ စွမ်းဆောင်မှုကို ထိခိုက်မည်။ ကားသက် တမ်းတို၍ ပျက်စီးချွတ်ယွင်းမှု နောက်ဆက်တွဲပြဿနာများ တွေ့ကြုံရ၍ လမ်းခရီးတွင် ဒုက္ခရောက်နိုင်သည်။ ကားတစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းရာတွင် ယာဉ်ပိုင်ရှင်လက်စွဲ စာအုပ်ပါ အချက်များသာမက လက်ရှိဖြစ်ပေါ် နေသော ကားအစိတ်အပိုင်းချွတ်ယွင်းမှု ပြဿနာများကို စစ်ဆေး၍ လိုအပ်သလို ပြုပြင်ပေးရပါသည်။
အင်ဂျင် အအေးခံစနစ်မှ အအေးခံရည် (Coolant)သည် ကြာရှည် အသုံးခံသော ဓာတုပစ္စည်း ဖြစ်သည်။ ကားတစ်စီးသုံးစွဲမှု ခရီးမိုင် တစ်သိန်းကျော်လာလျှင် Coolant အအေးခံရည်ကို လဲလှယ်ပေးသင့်သည်။ အအေးခံစနစ်တွင် သုံးသော Coolant အရည်သည် ရေခဲသည်အထိ အအေးဒဏ်လွန်ကဲသော ဒေသများတွင် အသုံးပြုနိုင်ရန်အတွက် Anti-freeze အရည်အသွေးမျိုးရှိရန် ဓာတုပစ္စည်းများ ရောစပ်ထားသည်။ ထို့ပြင် အင်ဂျင်အတွင်းပိုင်း သံထည်ပစ္စည်းများကို သံချေးတက် ပွန်းစားခြင်းမှ လည်း Coolant အရည်က ကာကွယ်တားဆီးပေးသည်။ ကားတစ်စီး တွင် ငါးနှစ်မျှ သုံးစွဲပြီးသောအခါ Coolant အရည်တွင် ထိုဂုဏ်သတ္တိများ ကျဆင်းလာသည်။ အကယ်၍ သက်တမ်းကြာနေဖြစ်သော Coolant အရည်များကို အသစ်လဲလှယ်ပေးခြင်း ဆောင်ရွက်မပေးပါက အအေးခံစနစ်ရှိ အစိတ်အပိုင်းများ ပျက်စီးမည်။
ပြည်ပမှ တင်သွင်းလာသော ကားများတွင် ကားအသစ်များ ပါဝင် သလို အသုံးပြုပြီး တစ်ပတ်ရစ်ကားများ(Used Car)လည်း ပါဝင်သည်။ ကားသစ်စီးရေထက် Used Car စီးရေက ပိုများသည်။ Used Car များ ဝယ်ပါက နှစ်ရှည် အသုံးပြုထားသော Coolant အရည်များကို အသစ်လဲလှယ်ပေးသည်။ ပြန်လည်ဖြည့်တင်းပေးသော Coolant အရည်၏ အရည်အသွေးသည် မူလထက် မနိမ့်ကျသောအမျိုးအစားကို သုံးသင့်သည်။
ပြည်တွင်းကားဈေးကွက်၌ အရည်အသွေး နိမ့်ကျသော ဈေးပေါ ပေါ ပစ္စည်းများရှိနေ၍ ကားပစ္စည်းဝယ်ယူရာတွင် အထူးဂရုစိုက်သင့်သည်။ အအေးခံရည် Coolant အင်ဂျင် Cooling System တစ်ခုလုံး၏ အပူဓာတ် များကို သယ်ဆောင်ပေးသော အရည်ဖြစ်၍ အရည်အသွေး စံချိန်မီရန် အရေးကြီးပါသည်။ ကားရေတိုင်ကီတွင် ရေတစ်မျိုးတည်းသာ လွဲမှားစွာ လောင်းထည့်သုံးစွဲနေသော ယာဉ်မောင်းများ ရှိနေပါသေးသည်။ ရိုးရိုး သုံးရေနှင့် ဓာတုပစ္စည်းများပါသော Coolant အရည်တို့၏ ကွာခြားချက်ကို မသိ၍သုံးနေလျှင် နွေရာသီပူပြင်းသော အချိန်ကာလ၌ သင့်ကားအင်ဂျင် ရေဆူပါလိမ့်မည်။
အင်ဂျင် Overheat ဖြစ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဂတ်စ်ကတ်ပြတ်ခြင်း၊ အင်ဂျင် Head ကွဲခြင်း၊ ဗားများ ပျက်စီးခြင်း၊ အင်ဂျင် ပျက်စီးခြင်းများ ဖြစ်ပါသည်။ ကားရေတိုင်ကီထဲသို့ အလွယ်တကူ တွေ့က ရာ ရေကိုသာ သုံးနေလျှင် မသန့်စင်သောရေစေး(Hard Water)ကြောင့် အင်ဂျင်ဘလောက်နှင့် အင်ဂျင် Head ရေလိုင်းများတွင် ရေနွေးချိုးများ ကပ်တွယ်ပြီး အင်ဂျင်အပူချိန် မြင့်တက်လွယ်စေသည်။

ATF ပါဝါဆီလဲပေးခြင်း
Auto ဂီယာစနစ်သုံးသော ကားစီးရေ တိုးပွားလာပါသည်။ Auto ဂီယာစနစ်သည် Manual ဂီယာထက် ပိုမိုကောင်းမွန်ပြီး ကားမောင်းရာတွင် လွယ်ကူခြင်း၊ သက်သာခြင်းများကြောင့် လူကြိုက်များလာသည်။ ပြည်ပမှ တင်သွင်းလာသော လူစီးကားငယ်များတွင် Auto ဂီယာစနစ် ပါသော ကားစီးရေက ပိုများလာသည်။
ယနေ့ခေတ် Auto-transmission Fluid များသည် Synthetic Lubricant ပါဝင်သဖြင့် ကြာရှည်အသုံးခံသည်။ သို့သော်လည်း ATF ပါဝါဆီများသည် အသုံးပြုချိန်ကြာလာပါက အရည်အသွေး ကျဆင်းလာ တတ်သည်။ Auto-transmission ကျွမ်းကျင်သူ Experts များ၏ အဆို အရ ခရီးမိုင် ငါးသောင်းခန့်သုံးပြီးပါက ATF ပါဝါဆီကို ဖောက်ချပြီး ဆီသစ် လဲပေးသင့်သည်။
ပြည်ပမှ တင်သွင်းလာသော တစ်ပတ်ရစ် Used Car များသည် ကီလိုမီတာ ငါးသောင်းမှ ကီလိုမီတာ တစ်သိန်းကျော်အထိ သုံးထား သော ကားများဖြစ်၍ ပါဝါဆီ၏ အရောင်နှင့် အခြေအနေကို စစ်ဆေးပြီး ATF ပါဝါဆီ လဲပေးသင့်သည်။ Auto ဂီယာစနစ်တွင် ATF ပါဝါဆီ သည် အဓိကျပြီး အရေးကြီးသော ချောဆီဖြစ်သည်။ ပါဝါဆီအရောင် ညိုမည်းပြီး အရည်အသွေး ကျလာခြင်း၊ ဆီ Level ကျဆင်း၍ လျော့ နည်းနေခြင်းများသည် Auto ဂီယာ၏ လုပ်ဆောင်ချက်များကို ထိခိုက် စေသည်။

ဘရိတ်ဆီ လဲပေးခြင်း
Brand New ကားသစ်များတွင် တပ်ဆင်ထားသော ဘရိတ်စနစ် သည် မေ့လောက်အောင် ကြာရှည်အသုံးခံသည်။ အော်ရီဂျင်နယ် ဘရိတ် ဝါရှာ၊ ဘရိတ်ဆီများဖြစ်၍ ကြာကြာခံခြင်းဖြစ်သည်။ ကားသုံးစွဲမှု နှစ် ကြာလာပါက ဘရိတ်ဆီများတွင် ပြင်ပလေထုမှ ရေငွေ့များဝင်ပြီး ဘရိတ် ဆီညစ်ပတ်၍ အရောင်ပြောင်းလဲလာမည်။ ဘရိတ်ဆီတွင် သံချေးတက် ခြင်းကို ကာကွယ်တားဆီးနိုင်သော စွမ်းရည်ရှိသည်။ ဘရိတ်ဆီတွင် ရေ ငွေ့ရိုက်၍ ရေပါဝင်မှု ရာခိုင်နှုန်းမြင့်တက်လာပါက ထိုကဲ့သို့ သံချေးတက် ခြင်းကို တားဆီးနိုင်သောစွမ်းရည် ကျဆင်းလာမည်။ အရည်အသွေး ကျ ဆင်းသော ဘရိတ်ဆီကို ဆက်သုံးနေလျှင် ဘရိတ်ဝါရှာနှင့် ဘရိတ်ဆလင် ဒါ၊ ပစ္စတင်များ ပွန်းစားပျက်စီးမည်။
ဘရိတ်သုံးစွဲမှု သုံးနှစ်မှ လေးနှစ်အတွင်း ဘရိတ်ဆီအသစ် လဲပေးပါ။ နိုင်ငံခြားဖြစ် အရည်အသွေးမှန် ဘရိတ်ဆီ DOT3 အဆင့်ကို အနည်းဆုံး သုံးပါ။ ဘရိတ်ဆီကို ရေရောစပ်သုံးစွဲခြင်းသည် မိုက်မဲသော လုပ်ရပ်ဖြစ် ပါသည်။ ဘရိတ်ဆုံ၊ ဘရိတ်ပစ္စတင်များကိုပင် ရေနှင့် မဆေးရပါ။ ဘရိတ် ဆီဖြင့်သာ ဆေးရပါသည်။ အချို့သော မက္ကင်းနစ် စက်ဆရာများသည် ဘရိတ်ဆီချွေတာရာရောက်အောင် ရေရောစပ်ပြီး သုံးလေ့ရှိသည်။
ကားပစ္စည်း လက်လီဆိုင်များကလည်း ဘရိတ်ဆီကို ရေနှင့်ရောစပ် ပြီးမှ ရောင်းချလေ့ရှိသည်။ လွဲမှားနေသော အယူအဆတစ်ခုမှာ ဘရိတ် ဆီအစစ်သည် ပြင်းလွန်း၍ပူသည်။ ဝါရှာများမခံနိုင်၍ ရေရောသုံးစွဲသင့် သည်ဟု ထင်နေကြခြင်းဖြစ်သည်။ လုံးဝ လွဲမှားနေသော အယူအဆဖြစ် ပါသည်။ အော်ရီဂျင်နယ် ဘရိတ်ဆီကို မည်သည့်အရာနှင့်မျှ ရောစပ် ရန်မလိုပါ။ ပြည်တွင်းဖြစ် စံချိန်မမီသော ဘရိတ်ဆီများနှင့် တရုတ်လုပ် ဘရိတ်ဆီများ လုံးဝ မသုံးပါနှင့်။

ဘက်ထရီ အသစ်လဲခြင်း
ကားတစ်စီးတွင် စွမ်းအင်များ သိုလှောင် သိမ်းဆည်းထားနိုင်သော ဘက်ထရီသည် အရေးကြီးသောအရာ ဖြစ်သည်။ ဘက်ထရီအားမရှိပါက ကာစက်နှိုးရသည်မှာ ခက်ခဲမည်။ ချာဂျင်အားသွင်းစနစ်တွင် ချွတ်ယွင်း ချက် အပြစ်တစ်ခုရှိ၍ ဘက်ထရီအား အပြည့်မဝင်သော ပြဿနာမျိုးဖြစ် တတ်သည်။ မနက်စောစော ကားအင်ဂျင် စတင်နှိုးချိန်တွင် ဘက်ထရီအား မရှိဘဲ စက်နှိုးမိုတာပင် လုံးဝ မလည်နိုင်တော့သည်အထိ ဖြစ်တတ်သည်။ ဘက်ထရီထိန်းသိမ်းမှု ညံ့ဖျင်းလျှင်လည်း ဘက်ထရီအားမဝင်၍ စက်နှိုး မရသည်ကို ဘက်ထရီမကောင်းတော့ဟု လွဲမှားစွာ ယူဆတတ်သည်။
ခဲ၊ အက်ဆစ် ဘက်ထရီတစ်လုံး၏ သက်တမ်းသည် ပူသောဒေသ များတွင် သုံးနှစ်ခန့် အသုံးခံနိုင်သည်။ အချို့ အရည်အသွေးညံ့သော ဘက်ထရီများမှာ တစ်နှစ်ကျော်ကာလနှင့်ပင် ဘက်ထရီအခန်းပျက်သည်။ AGM (Absorbent Glass Mat) ဘက်ထရီများသည် တစ်နှစ်ကျော်မှ ၂ နှစ် သက်တမ်းအထိ အသုံးခံသည်။
ကားသုံးစွဲမှု ခရီးမိုင်များသော တက္ကစီအငှားယာဉ်များထက် ကိုယ် ပိုင်ယာဉ်များက ဘက်ထရီသက်တမ်း ပို၍ကြာရှည်ခံသည်။ ဘက်ထရီ တစ်လုံး၏ သက်တမ်းသည် ချာဂျင်အားသွင်းစနစ်၊ ဘက်ထရီထိန်းသိမ်း နိုင်မှု၊ သုံးစွဲမှု အကြိမ်အရေအတွက် စသော အချက်များစွာ အပေါ်တွင် မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေသည်။
ဘက်ထရီတစ်လုံးအား အချိန်မတိုင်မီ အသစ်လဲလှယ်ရလျှင် ဘက် ထရီဆားဗစ်ဆိုင်တွင် ပြသ၍ စစ်ဆေးသင့်သည်။ သင့်ကား ဘက်ထရီ တစ်လုံးသည် ငါးနှစ်နီးပါးကြာအောင် သုံးခဲ့ပြီးဖြစ်လျှင် ဘက်ထရီအသစ် တစ်လုံး လဲပေးသင့်သည်။ Maintenance Free Battery များသည် အက်ဆစ်မကြာခဏ တိုင်းတာဖြည့်ပေးနေရသော ဘက်ထရီများထက် ဈေးပိုကြီးသော်လည်း အရည်အသွေးကောင်းသဖြင့် သုံးစွဲသင့်သော ဘက်ထရီ ဖြစ်ပါသည်။
တိုင်မင် Belt ကြိုး လဲလှယ်ခြင်း
Overhead Camshaft Engine များတွင် တိုင်မင် Belt ကြိုးကို ရော်ဘာကြိုးဖြင့် သုံးသည်။ Timing Belt ကြိုးသည် Camshaft ၊ Water Pump တို့ကိုလည်ပတ်ရန် အင်ဂျင် ကရိုင်းမူလီနှင့် ဆက်ထား သည်။ Timing Belt ကြိုးသည် Camshaft ကို လည်ပတ်စေပြီး ပစ္စတင် တစ်လုံးချင်းစီ၏ ဗားအဖွင့်/အပိတ်များကို တိုင်မင်ကိုက် ဖြစ်စေသည်။ Timing Belt ကြိုးပျက်သွားလျှင် Camshaft တိုင်မင်များ လွဲချော်သွားပြီး ဗားများထောက်ကာ အင်ဂျင်ပျက်စီးသွားမည်။ ထို့ကြောင့် အင်ဂျင်တစ်လုံး တွင် Timing Belt သည် အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။
ပုံမှန် Timing Belt တစ်ချောင်း၏ သက်တမ်းသည် ခရီးမိုင် ခြောက်သောင်းမှ တစ်သိန်းအထိ အသုံးခံသည်။ မိမိအသုံးပြုခဲ့သော ခရီး မိုင်များကို မှတ်တမ်းတင်ထားပြီး တိုင်မင် Belt ကို သက်တမ်းမကုန်မီ ကြိုတင် လဲလှယ်ပေးသင့်သည်။ လုံးဝပြတ်မှလဲမည်ဆိုလျှင် နောက်ကျ သွားပြီဖြစ်၍ အင်ဂျင် Head နှင့် Camshaft များ ပျက်စီးသွားမည်။ အချို့သော အင်ဂျင်များတွင် ရော်ဘာ Belt ကြိုးအစား ချိန်းကြိုးကိုသုံး သည်။ ချိန်းကြိုးသက်တမ်းသည် မိုင် နှစ်သိန်းအထိ အသုံးခံသည်။
ရော်ဘာ Belt သည် အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံတွင်းထွက် ဆီများကြောင့် ပျက်စီးနိုင်သည်။ တိုင်မင် Belt ကြိုးတွင် ဆီများ ပေကျံ နေပါက သက်တမ်းမပြည့်မီ Belt ကြိုးပြတ်နိုင်သည်။ Oil Seal မကောင်းသော Camshaft မှ ယိုစိမ့်နိုင်သောဆီများသည် Belt ကြိုးကို ဒုက္ခပေးနိုင်သည်။

အင်ဂျင်ဝိုင်ချောဆီ လဲလှယ်ခြင်း
ပုံမှန် လဲလှယ်ပေးရသော ဆီများတွင် အင်ဂျင်ဝိုင်လည်း ပါသည်။ ယေဘုယျအားဖြင့် မိုင် သုံးထောင်မှ ငါးထောင်အတွင်း အင်ဂျင်ဝိုင်အသစ် လဲပေးသင့်သည်။ အရည်အသွေးကောင်းသော Synthetic Motor Oil ကို သုံးစွဲပါက မိုင် တစ်သောင်းကျော်မှသာ ချော်ဆီအသစ် လဲပေးသင့်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here