သင့်ကားတစ်နေရာတွင် Breakdown ဖြစ်လျှင်

131

 

ကားမောင်းသွားနေစဉ် ခရီးလမ်းမဆုံးမီ ကားပျက်သည့်ဒုက္ခကို ကား သမားများ ကြုံဖူးကြပါသည်။ မြို့တွင်းမဝေးလှသော ခရီးစဉ်သို့ မောင်း သွားစဉ် ကားပျက်ပါက ပြဿနာမရှိသော်လည်း ခရီးဝေးထွက်စဉ် လမ်းခု လတ်တစ်နေရာ၌ သင့်ကား Breakdown ဖြစ်သွားပါက အခက်အခဲ များနှင့် ရင်ဆိုင်ရတတ်ပါသည်။
ကားတစ်စီးသည် စနစ်ပေါင်း(System)များစွာဖြင့် ဖွဲ့စည်းလည် ပတ်နေသော စက်ယန္တရားဖြစ်ပါသည်။ System တစ်ခု ချွတ်ယွင်းသွားလျှင် အင်ဂျင် ပုံမှန်လည်ပတ်မှုကို ထိခိုက်စေပြီး နောက်ဆုံးအင်ဂျင် Breakdown ဖြစ်ကာ မောင်းမရသောအခြေအနေတစ်ခုသို့ ရောက်ရှိသွားပါသည်။ Breakdown ဖြစ်စေသော အဓိကချွတ်ယွင်းချက်များမှာ-
(၁) ဘက်ထရီအား မရှိခြင်း
ကားတစ်စီးတွင် ဘက်ထရီပါဝါအားမရှိဘဲ အလုပ်မလုပ်နိုင်ပါ။ Battery Down သွားပါက ကားပါ Breakdown ဖြစ်သွားပါမည်။ ကားဒက်ရှ်ဘုတ်တွင် ဘက်ထရီပုံ မီးနီလင်းပါက ဘက်ထရီချာဂျင် မဝင်တော့ ကြောင်းပြသည့် လက္ခဏာဖြစ်ပါသည်။ ဘက်ထရီအားမရှိပါက ကားဟွန်းသံကို တိုးတိုးလေးသာ မြည်နိုင်သည်။ ဝိုက်ပါ နှေးကွေးသွားမည်။ မိုတာ မရုန်းနိုင်တော့ပါ။ မီးအလင်းပြင်းအား ကျသွားမည်။ အဲကွန်းဖွင့်မရတော့ပါ။ ပန်ကာကြိုး လျော့နေသလား၊ ဘက်ထရီခေါင်း ချောင်နေသလား၊ ဒိုင်နမို မိန်းကြိုး လွတ်နေသလား(Poor Connection) ၊ ဒိုင်နမို ဆော့ကတ် လွတ်နေလား စစ်ဆေးပါ။ သင့်ကား ဘက်ထရီသက်တမ်း ဘယ်လောက် ရှိပြီ ထင်ပါသလဲ။ ၂ နှစ်ကျော် အိုဟောင်းနေသော ဘက်ထရီများ မကောင်း နိုင်ပါ။ ဘက်ထရီမိုးရေခန်းပြီး ပလိတ်ပြား လုံးဝပေါ်နေသလား။ ဘက်ထရီ ကြောင့် Breakdown ဖြစ်လျှင် အားကောင်းသော ဘက်ထရီတစ်လုံးနှင့် ထောက်ပြီး အင်ဂျင်စက်နှိုးကြည့်ပါ။ ကားစက်နိုးသွားလျှင် အနီးဆုံး ကား ဝါယာရင်း၊ ဒိုင်နမိုမိုတာပြုပြင်ရေး ဆိုင်တစ်ဆိုင်သို့ သွားပြပါ။
(၂) မီးမမှန်ခြင်း (Ignition and Spark Plug)
အင်ဂျင်တစ်လုံး ပုံမှန်အလုပ်လုပ်နိုင်ရန် ဆီပို့စနစ် မှန်ကန်ကောင်း မွန်ဖို့လိုအပ်သကဲ့သို့ မီးပေးစနစ်ကောင်းရန်လည်း လိုအပ်ပါသည်။ မီး နှင့် ဆီမှန်မှ အင်ဂျင်လည်ပတ်မှု ကောင်းပါမည်။ မီးပေးစနစ်တွင် မီးပေး ကွိုင် ဒစ်စတြီဗျူတာ၊ ပလပ်ကြိုး၊ Spark Plug များ ကောင်းရမည်။ ခေတ်ပေါ်အင်ဂျင်များတွင် Ignition စနစ်နှင့် Plug များ ကောင်းရမည့်အပြင် အာရုံခံဆင်ဆာများလည်း ကောင်းရမည်။ မိုးရာသီ ရေကြီးရေလျှံသော လမ်းပေါ်တွင် ကားမောင်းပါက အထူးသတိထားရန် လိုပါသည်။ မီးပေး စနစ်မှအစိတ်အပိုင်းများ ရေစိုသွားပါက အင်ဂျင်မီးပျောက်သွားပြီး စက်ထိုး ရပ်သွားနိုင်ပါသည်။ ဒစ်စတြီဗျူတာသုံးသော ခေတ်ဟောင်းကားများတွင် ပို၍သတိထားရပါသည်။ ဓာတ်ဆီအရည်အသွေး ညံ့လွန်းလျှင် မီးပလပ်များ ကြာကြာအသုံးမခံပါ။ အရည်အသွေးကောင်းသော ပလပ် အမျိုး အစားကို ရွေးချယ်သုံးစွဲပါ။ ခရီးသွားလျှင် သင့်ကားထဲတွင် Spare plug နှင့် ပလပ် Spanner ဆောင်ထားပါ။
(၃) Alternartor ခေါ် AC/DC ဒိုင်နမိုချွတ်ယွင်းခြင်း
သင်ခရီးဝေးသွားစဉ် ဒိုင်နမိုမှ ချာဂျင်မဝင်တော့ပါက ခရီးဆက်သွား၍ မရတော့ပါ။ ဒိုင်နမိုချာဂျင် မဝင်တော့သည်နှင့် ကားဘက်ထရီထဲတွင် ရှိသော လျှပ်စစ်ပါဝါစွမ်းအင်သည် ခဏမျှသာ ထိန်းထားနိုင်ပါသည်။ ဘက်ထရီပါဝါ လုံးဝ Down သွားပါက ကားရပ်သွားပါမည်။ ဒိုင်နမို ချာဂျင်မဝင်လျှင် ဘက်ထရီမီးနီလင်းလာသည်ကို ဒက်ရှ်ဘုတ်တွင် တွေ့ရ မည်။ ကားကို လမ်းဘေးချရပ်ပြီး ဘောနတ်ဖုံးဖွင့်၍ စစ်ဆေးပါ။ ပန်ကာ ကြိုးပြတ်သလား၊ ဒိုင်နမို မိန်းကြိုးပူ၍ အရည်ပျော် ပြတ်ကျသလား၊ ဖျု့စ်ပြတ်သလား စစ်ဆေးပါ။ ဒိုင်နမိုအတွင်းပိုင်းမှ ပြဿနာတစ်ခုခုဆိုလျှင် ကားဝါယာရင်းဆိုင် သွားပြင်မှရပါမည်။ ဒိုင်နမိုကို တစ်နှစ်တစ်ကြိမ် ဆားဗစ်စင်လုပ်ပေးပါ။
(၄) အင်ဂျင်အပူချိန် မြင့်တက်ပြီး အပူလွန်ကဲခြင်း
အင်ဂျင်အပူချိန်မြင့်တက်ပြီး ရေတိုင်ကီရေဆူသည်အထိ Over Heat ဖြစ်ပါက သင့်ကားအင်ဂျင် စက်ထိုးရပ်သွားပါမည်။ ခေတ်ပေါ် ကားများတွင် အင်ဂျင်အလွန်ပူလာပါက အလိုအလျောက် စက်ရပ်သွား စေရန် စီမံထားပါသည်။ အင်ဂျင်အအေးခံစနစ်တွင် ချွတ်ယွင်းအားနည်း ချက်တစ်ခုခုဖြစ်ပြီး အင်ဂျင်အပူချိန် မြင့်တက်လာရခြင်း ဖြစ်သည်။ အင်ဂျင် Overheat ဖြစ်လျှင် ပစ္စတင်များ အပူကြောင့် ပွတက်လာကာ အင်ဂျင် ကျပ်သွားပါသည်။ အင်ဂျင် Overheat ဖြစ်ခြင်းသည် အင်ဂျင်ကို ကြီး မားစွာ ပျက်စီးထိခိုက်စေပါသည်။ အင်ဂျင်အပူလွန်ကဲမှုသည် ချက်ချင်း မဖြစ်ပါ။ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဖြစ်ရပါသည်။ ကား မောင်းနေလျှင် အင်ဂျင်အပူချိန်ပြဂိတ်ကို ဂရုစိုက်ကြည့်ပါ။
အင်ဂျင် အအေးခံစနစ် ချွတ်ယွင်းစေသော အကြောင်းများစွာရှိ ပါသည်။ ပန်ကာကြိုးပြတ်ခြင်း၊ ပန်ကာကြိုးချောင်ခြင်း၊ Electric Fan မလည်ခြင်း၊ Water Pipe ပေါက်ပြဲခြင်း၊ ရေတိုင်ကီ ရေယိုနေခြင်း၊ Cap ဖုံးမကောင်းခြင်း၊ သာမိုစတတ် အလုပ်မလုပ်ခြင်း၊ ရေလည်အုံ မကောင်း ခြင်း၊ ရေလည်အုံမှ ဝိုင်းစီးလ်ပေါက်ပြီး ရေတိုင်ကီတွင် ရေနည်းသွားခြင်း၊ ရေတိုင်ကီတွင် ရေချိုးများ ကပ်နေခြင်း၊ ရေတိုင်ကီ လေဝင်လိုင်းများ လေပေါက်ပိတ်နေခြင်း စသော အကြောင်းအရာမျိုးစုံသည် အင်ဂျင် အအေးခံစနစ်ကို အားနည်းစေပါသည်။
မီးတိုင်မင် စောလွန်းခြင်း၊ ဘရိတ်ရှူးများ ငြိနေခြင်းများသည်လည်း အင်ဂျင်အပူချိန် မြင့်တက်စေသော အကြောင်းတစ်ခုဖြစ်ပါသည်။ အအေး ခံစနစ်ကို ဆားဗစ်စင်လုပ်ပါ။ ရေဆူပါက အင်ဂျင်အေးသွားအောင် အထိ စောင့်ပြီး စစ်ဆေးပါ။ အပြစ်ရှာကြည့်ပါ။
(၅) လောင်စာဆီ ပြဿနာ
အင်ဂျင်စက်တစ်လုံးတွင် Fuel System မကောင်းပါက အင်ဂျင် စက်သံမမှန်တော့ဘဲ ဒုက္ခပေးနိုင်သည်။ ဆီဂိတ်မကောင်း၍ ဆီတိုင်ကီတွင် ဆီကုန်သွားသည်ကို မသိလိုက်ခြင်း၊ ဓာတ်ဆီထဲတွင် ရေများရောပါ နေခြင်း၊ မသန့်ရှင်းသော ချက်ဆီများ၊ ဆီအညံ့များ ရောနှောပါလာခြင်း၊ Fuel Pump မကောင်းခြင်း၊ ဆီစစ်ဘူးပိတ်နေခြင်း၊ ကာပရိုက်တာမကောင်း ခြင်း၊ EFI ကားများတွင် Injector ပိတ်နေခြင်းစသော အကြောင်းများသည် Breakdown ဖြစ်စေသော အားနည်းချက်ပြဿနာများ ဖြစ်ပါသည်။
(၆) စက်နှိုးမိုတာမရခြင်း
အော်တိုဂီယာကားများ စက်နှိုးမိုတာမရတော့ပါက သင့်ကားကို ဆွဲယူသွားရန်သာ ဖုန်းဆက်သွယ်ပါ။ ကလပ်ပါသော ရိုးရိုးဂီယာ ကားများ မိုတာမရသော်လည်း ကားကို အခြားကားတစ်စီးနှင့် ဆွဲနှိုးနိုင်သည်။ ကားတစ်စီးတွင် စက်နှိုးမိုတာသည် အကြိမ်ရေများစွာ အလုပ်လုပ် ပေးရသဖြင့် ကြာလျှင် ပွန်းစားပျက်စီးပြီး မိုတာ လုံးဝမလည်နိုင်သော အခြေအနေမျိုးအထိ ဖြစ်သွားနိုင်သည်။ ဘက်ထရီ အားကောင်းပါလျက် မိုတာမရခြင်းမှာ ဝါယာရင်းပြဿနာကြောင့် ဖြစ်နိုင်သည်။ ကားသော့ အုံမှ မိုတာဆိုလိုနွိုက်ကွိုင်သို့ မီးမရောက်လျှင်လည်း မိုတာ လုံးဝ မလည်ပါ။ ဘက်ထရီနှင့် မိုတာတို့ တိုက်ရိုက် ဆက်သွယ်ထားသော ဘက်ထရီ ကေဘယ်လ်ကြိုးထိပ်မှ Lug ခေါင်းနှင့် နတ်ခေါင်း(Nut)များ ချောင်၍လွတ်နေသလား၊ ဘက်ထရီငုတ်ခေါင်းများ အဆက်ချောင် နေသလား စစ်ဆေးပါ။ အသုံးပြုအကြိမ်ရေများသော တက္ကစီနှင့် ဘတ်စ် ကားများမှ မိုတာများ ပွန်းစားပျက်စီးလွယ်ပါသည်။ အသုံးများသော မိုတာများကို ခြောက်လတစ်ကြိမ်ခန့် ဆားဗစ်ဝင်၍ ဆေးကြောသန့် ရှင်းသင့်ပါသည်။
(၇) ကလပ်ကြိုးပြတ်ခြင်း/ကလပ်ဝါရှာပေါက်ခြင်း
Manual ဂီယာစနစ်သုံးသော ကားများတွင် အင်ဂျင်နှင့် ဂီယာ ဘောက်စ်ကို ကလပ်ယူနစ်က ဆက်သွယ်ပေးသည်။ ကလပ်ခြေနင်းတံ နင်းချလိုက်လျှင် ကလပ်အုံမှ Pressure Plate ကွာသွားပြီး ကလပ် ပလိတ်ပြား Free ဖြစ်သွားမှသာ ဂီယာထိုး၍ရပါသည်။ ကလပ်စနစ်တွင် ကြိုးစနစ်နှင့် ဟိုက်ဒြောလစ်စနစ်ဟူ၍ နှစ်မျိုးရှိပါသည်။ ကြိုးစနစ်တွင် ကလပ်ကြိုး ပြတ်ထွက်သွားပါက ကလပ်အလုပ်မလုပ်တော့ပါ။ ဆီကလပ် တွင် ကလပ်ဆုံဝါရှာပေါက်သွားပါက ကလပ်နင်း၍ မရတော့ပါ။ ကလပ် မကစားနိုင်လျှင် ဂီယာထိုး၍ မရတော့ဘဲ ဒုက္ခရောက်ပါသည်။
ကလပ်ဝါရှာ ပေါက်တော့မည်ဆိုလျှင် ကြိုတင်လက္ခဏာပြတတ်ပါ သည်။ ကလပ်နင်းထားလျှင် တဖြည်းဖြည်းကျသွားခြင်း၊ အပေါ်ကလပ် ဆုံတွင် ဘရိတ်ဆီလျော့နည်းနေခြင်းများဖြစ်နေလျှင် ကလပ်ဝါရှာ ကြို တင်လဲထားနိုင်ပါသည်။ ကလပ်ဝါရှာ လဲလှယ်ပေးရသော အလုပ်သည် လွယ်ကူသဖြင့် အတွေ့အကြုံရှိသော ကားဆရာများသည် မိမိကိုယ်တိုင် ဝါရှာအသစ် လဲနိုင်ပါသည်။ သင့်ကားထဲတွင် ဘရိတ်ဆီဘူးတစ်ဘူးနှင့် ကလပ်ဝါရှာ အသစ်တစ်စုံ အရန်ဆောင်ထားပါ။ ဂွင်းခွ၊ ဝက်အူလှည့်၊ ပလာယာ စသော Hand Tools များ သင့်ကားထဲတွင် ဆောင်ထားရပါမည်။ ကလပ်ကြိုး တစ်ချောင်းဝယ်ယူ၍ရလျှင်လည်း ကလပ်ကြိုးကို မိမိဘာသာ လဲလျှင် ရပါသည်။ သို့မဟုတ် သင်သွားလေ့ရှိသော ဝပ်ရှော့သို့ ဖုန်းဆက် လိုက်ပါ။
(၈) ကားတာယာ ပျက်စီးခြင်း/ဘီးပေါက်လေလျော့ခြင်း
အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားသော အကြောင်းများတွင် တာယာကွဲထွက်ခြင်း၊ လေလျော့ ဘီးပေါက်ခြင်းများ သည် ရှေ့ဆုံးက ပါဝင်နေပါသည်။ တာယာလေပေါင်ဖိအား မှန်မှန် ချိန်ရန်၊ တာယာဘီးများကို စစ်ဆေးဂရုစိုက်ရန်၊ တာယာများကို ပန်းကုန် သည်အထိ မသုံးမိရန် အရေးကြီးပါသည်။ ခရီးဝေးမထွက်မီ တာယာများ ကို ဂရုတစိုက်စစ်ဆေးပါ။ အရန် Spare တာယာ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားပါ။ သက်တမ်းလွန်နေသော တိုက်ဆွေးတာယာ၊ လိမ်နေ သောတာယာများသည် High Speed တင်၍ မောင်းလျှင် ကွဲထွက်တတ် ပါသည်။ ကားမောင်းသွားနေစဉ် မမျှော်လင့်သော တစ်နေရာ၌ ရုတ်တ ရက် သင့်ကား Breakdown ဖြစ်သွားပါက အောက်ပါအတိုင်း ဆောင် ရွက်ပါ။
– ယာဉ်လမ်းကြောင်း အန္တရာယ်ကင်းစေရန် လမ်းဘေးမြေအမာခံ ရှိသောနေရာသို့ ကားကို တွန်းရွှေ့ပါ။
– အချက်ပြ စုံမီးဖွင့်ထားပါ။
– သင့်ကားနောက် ကိုက် ငါးဆယ်ခန့်အကွာတွင် ကားပျက်နေ ကြောင်း အခြားကားများမှ သိသာရန် ရောင်ပြန်တြိဂံပြားကို လမ်းဘေး တစ်ဖက်တွင် ထောင်ပြထားပါ။
– စက်ဖုံးဖွင့်၍ Breakdown ဖြစ်ရသော အကြောင်းရင်းကို ရှာ ကြည့်ပါ။
– သင့်ကားအကြောင်း ထဲထဲဝင်ဝင်နားမလည်ပါက သင့်မက္ကင်းနစ် ဆရာထံ ဖုန်းဆက်ပါ။
– သို့မဟုတ် အခြားအငှားကားတစ်စီးကို အကူအညီတောင်း၍ သင့်ကားကို ဝပ်ရှော့သို့ ဆွဲယူသွားနိုင်ရန် ကြိုးစားပါ။
– အချို့သော ပြဿနာငယ်လေးများသည် သင်ကိုယ်တိုင် ကြိုးစား ဖြေရှင်းပါက သင့်ကားကို ပြန်မောင်း၍ ရနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here