သကြင်္န်အပြီးတွင် ၁၃ဝဝ စီစီကားများအရောင်းအဝယ်ပြန်ဖြစ်လာသည့်ရန်ကုန်ကားစျေးကွက်

1063

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်(YVQC)စနစ်ထွက်ပေါ်မလာသေးသောကြောင့် ကားစျေးကွက်အခြေအနေမှာ အေးစက်နေဆဲဖြစ်ပြီး  သကြင်္န်ကာလအပြီးတွင် ၁၃ဝဝ စီစီ ရန်ကုန်လိုင်စင်ကားများသာ အရောင်းအဝယ်အနည်းငယ်ရှိနေသည်။အများစုမှာ ရန်ကုန်လိုင်စင်ထုတ်ပေးမည့်အချိန်ကို စောင့်ကြည့်နေကြသောကြောင့် ကားအရောင်းစင်တာများမှတင်သွင်းထားသည့် Consignment ကားများလည်းအရောင်းအဝယ်အေးနေပြီး Toyota Wish၊Toyota Kluger၊Toyota Fielder တို့သာ အမေးရှိကြောင်း သိရသည်။နယ်အဝယ်များဆင်းလာသော်လည်း ၁၃ဝဝ စီစီ ကားများသာအဝယ်များသဖြင့် Honda Fit GE6(ပုံပြောင်း)၊Honda Insight နှင့် Honda Fit Shuttle တို့အရောင်းအဝယ်ပြန်ဖြစ်လာသည်။

”သကြင်္န်အပြီးမှာ ၁၃ဝဝ စီစီကားတွေအရောင်းအဝယ်ပြန်ဖြစ်လာပါတယ်၊နယ်လိုင်စင်နဲ့ Honda Fit GE6(ပုံပြောင်း)၊Honda Fit Shuttle တို့အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်လိုင်စင်နဲ့ဆိုရင် နံပါတ်အနိမ့် Toyota Vitz နဲ့ Honda Insight တွေရောင်းရပါတယ်၊ရန်ကုန်လိုင်စင်ထုတ်ပေးမယ့်အချိန်ကိုစောင့်နေကြတဲ့အတွက် စတိနံပါတ်ကားတွေထက်နံပါတ်ထွက်ပြီးသားကားတွေ အရောင်းအဝယ်ပိုဖြစ်ပါတယ်၊သိန်း ၃ဝဝ အထက် ကားတွေထဲမှာဆိုရင်တော့ ၂ဝ၁၂ မိုဒယ် Toyota Wish၊Toyota Fielder Van နဲ့ ၂ဝဝ၅၊၂ဝဝ၆ မိုဒယ် Toyota Kluger တို့အမေးများပါတယ်၊ကားစျေးကွက်အခြေအနေက ရန်ကုန်လိုင်စင်ထုတ်ပေးမှုအပေါ်မှာ မူတည်နေပြီး အခုအချိန်မှာတော့ အရောင်းအဝယ်ကပုံမှန်လောက်ပဲရှိမှာပါ၊နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေးကောက်ခံမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့်လည်း နယ်ကားတွေကိုအဝယ်ရှိနေသေးပါတယ်၊  တစ်ချို့ကလည်း နယ်လိုင်စင်ကားတွေကိုရောင်းပြီး ရန်ကုန်လိုင်စင်ကားတွေကိုပြန်ဝယ်ကြတာရှိပါတယ်၊ရန်ကုန််လိုင်စင်ကားနဲ့နယ်လိုင်စင်ကား စျေးကွက်အခြေအနေကတော့ မြို့ဝင်ကြေးတကယ်ကောက်ခံမှာပဲသိမှာပါ၊အခုအချိန်မှာတော့ ရန်ကုန်လိုင်စင်ကားနဲ့နယ်လိုင်စင်ကားကြားမှာ သိန်း ၃ဝ လောက်စျေးကွာဟနေပြီး ရန်ကုန်အဝယ်တွေကတော့ ရန်ကုန် လိုင်စင်ပဲရွေးချယ်ကြတာများပါတယ်”ဟု MMM ကားအရောင်းစင်တာမှ မန်နေးဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်ကဆိုသည်။

သကြင်္န်ကာလအပြီးတွင် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ၁၃ဝဝ စီစီကားများ၏စျေးကွက်က ပြန်ပြီးလှုပ်ခတ်လာကာ Toyota Vitz၊ Toyota Belta၊Toyota Ractis၊Honda Fit၊Honda Insight၊Honda Fit Shuttle တို့အဝယ်လိုက်နေသည်။အမြင့်ကားတစ်ချို့အရောင်းအဝယ် ဖြစ်နေသော်လည်း Consignment ပါမစ်ဖြင့်တင်သွင်းထားသည့်စတိနံပါတ်ကားများမှာ ဝယ်လက်နည်းပါးနေကြောင်းသိရသည်။၁၃ဝဝ စီစီကားများ အရောင်းအဝယ်ဖြစ်လာချိန်တွင် ရန်ကုန်အဝယ်များကရန်ကုန်လိုင် စင်ကားကိုသာရွေးချယ်ဝယ်ယူသောကြောင့် နယ်လိုင်စင်ကားများသည် နယ်အဝယ်ဆင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

”သကြင်္န်အပြီးမှာ စျေးကွက်နည်းနည်းလှုပ်လာပါတယ်၊စတိနံပါတ်ကားတွေကတော့ အရောင်းအဝယ်ဖြစ်တာနည်းပြီး နံပါတ်ထွက်ပြီးသား ကားတွေလောက်ပဲအဝယ်ရှိတယ်၊၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသားကားတွေထဲက သိ်န်း ၂ဝဝ ဝန်းကျင် I၊J၊K အက္ခရာတန်းထဲက Honda Fit Shuttle၊Toyota Ractis၊Honda Insight တို့အရောင်းအဝယ်ဖြစ်ပါတယ်၊  အခုအချိန်မှာ မူဝါဒတွေအပြောင်းအလဲမရှိတော့ပေမယ့် ရန်ကုန်မှာပြေးဆွဲနေတဲ့ နယ်လိုင်စင်ကားတွေကိုမြို့ဝင်ကြေးကောက်မယ်ဆိုရင်တော့ စျေးကွက်ကပြန်ပြီးလှုပ်ခတ်လာမှာပါ၊နောက်ပိုင်းမှာ စျေးကွက်အခြေအနေကတော့ ကြီးကြီးမားမားအပြောင်းအလဲရှိလာမှာတော့ မဟုတ်ပါဘူး၊အခုအချိန်မှာတော့ အရင်လတွေကထက်စာရင် စျေးမေးတဲ့သူတွေရှိလာတဲ့အတွက် ပြန်ပြီးလှုပ်ခတ်လာပါတယ်၊မန္တလေးကားစျေးကွက်မှာလည်း အရင်လတွေကထက်စာရင် အရောင်းအဝယ်ပြန်ကောင်းလာတာတွေ့ရပါတယ်၊နယ်ဝယ်လက်တစ်ချို့က ရန်ကုန်ဆင်းပြီးဝယ်ကြတဲ့အခါ ရန်ကုန်လိုင်စင်ကားကိုပဲ ဝယ်တာများပါတယ်၊နယ်လိုင်စင်ကားတွေက သူ့စျေးကွက်နဲ့သူအရောင်းအဝယ်ဖြစ်ပေမယ့် ရန်ကုန်လိုင်စင်ကားလောက်တော့ မသွက်ပါဘူး”ဟု ကားဝယ်ရောင်းကိုစိုင်းကဆိုသည်။

Consign ပါမစ်ကားများအရောင်းအဝယ်ငြိမ်နေသည့်အတွက် စလစ်စျေးများမှာ သကြင်္န်မတိုင်ခင်နှင့်သကြင်္န်အပြီးတွင် အပြောင်းအလဲမရှိပဲငြိမ်သက်နေသည်။စလစ်စျေးကွက်တွင်လည်း ရန်ကုန်လိုင်စင်စလစ်ကိုသာ အဝယ်များနေသဖြင့် နယ်စလစ်များမှာ စျေးကွက်အေးနေသည်။သကြင်္န်အပြီးတွင် ရန်ကုန်လိုင်စင်သက်တမ်းနှစ် ၂ဝ စလစ်သည် ၁၂၄ သိန်းဝန်းကျင်၊တိုက်ကြေစလစ်သည် သိန်း ၁ဝဝ ဝန်းကျင်ရှိပြီးလို အပ်သည့်သူတစ်ချို့သာ ဝယ်ယူကြသဖြင့် စျေးကွက်အေးစက်နေကြောင်း သိရသည်။

ကိုရဲ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here