သကြင်္န်ကာလအပြီးအထိစျေးကွက်အေးစက်နေဦးမည့် ရန်ကုန်ကားစျေးကွက်

1090

ကိုရဲ

အခွန်အကောက်ဥပဒေအပြောင်းအလဲအရ ၁၅ဝ၁ စီစီနှင့် ၂ဝဝဝ စီစီကြား ကားများသာ အထူးကုန်စည်ခွန် သက်သာခွင့်ရသွား၍ ကားစျေးကွက်က သိသိသာသာ ပြောင်းသွားမည်မဟုတ်ပေ။ လက်ရှိနှစ်၏ ကားတင်သွင်းခွင့်မိုဒယ်သတ်မှတ်ချက်အရလည်း ဘယ်မောင်းကားသစ်များသာ တင်သွင်းခွင့်ရသောကြောင့် ကားတန်ဖိုးနှင့် အခွန်ပေးဆောင်ရသည့် နှုန်းထားများ များနေရာ မြန်မာပြည်ကားစျေးကွက်နှင့် ကိုက်ညီမှုမရှိသေးပေ။ ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် တင်သွင်းထားသည့် Toyota Premio ၊ Toyota Allion စသည့်ကားများကိုလည်း စျေးကွက်အခြေအနေပေါ်မူတည်ပြီး ထိန်းရောင်းကြတော့မည်ဖြစ်၍ ကားစျေးများက ကျဆင်းသွားမည်မဟုတ်ကြောင်း ကားလုပ်ငန်းရှင်များကသုံးသပ်ထားကြသည်။အခွန်ဥပဒေအပြောင်းအလဲတွင် ၁၅ဝ၁ စီစီနှင့်၂ဝဝဝ စီစီကြား ကားများကိုအထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းလျော့ချပေးရုံမှလွဲပြီး ကြီးကြီးမားမားပြောင်းလဲမှုမရှိသလို ရန်ကုန်လိုင်စင်ပြန်ချပေးမည့်မူဝါဒထွက်ပေါ်လာရန်လည်း ကြန့်ကြာနေဦးမည်ဖြစ်၍ ကားစျေးကွက်က သကြင်္န်အပြီးထိအေးစက်နေဦးမည်ဖြစ်သည်။

”အားလုံးမျှော်လင့်ထားတာက ဝင်ငွေခွန်တွေလျော့လိုက်ရင်ကားစျေးပြန်ကျသွားပြီး အရောင်းအဝယ်တွေကောင်းလာမယ်လို့ ထင်ခဲ့ကြတာပါ၊ဒါပေမယ့် ၁၅ဝ၁ စီစီနဲ့ ၂ဝဝဝ စီစီကြားကားတွေကိုပဲ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းလျော့ပေးလိုက်တာကလွဲပြီး ကြီးကြီးမားမားမပြောင်းတဲ့အတွက် စျေးကွက်ကသိသိသာသာကောင်းမလာပါဘူး၊YVQC စနစ်နဲ့ရန် ကုန်လိုင်စင်ကားတင်သွင်းမှု မူဝါဒကလည်းဧပြီလအတွင်းထုတ်ပြန်ဖို့မရှိဘူးလို့ သိရတဲ့အတွက် သကြင်္န်အပြီးထိကောင်းလာဖို့မရှိပါဘူး၊၁၅ဝ၁ စီစီ နဲ့ ၂ဝဝဝ စီစီကြားကားတွေကို အထူးကုန်စည်ခွန်လျော့ချလိုက်ပေမယ့်လည်း ဂျပန်ယန်းစျေးနဲ့လေလံစျေးတွေမြင့်တက်နေတဲ့အတွက် စျေးက ဘာမှမထူးခြားသွားပါဘူး၊ဒီရက်ပိုင်းမှာ အရောင်းအဝယ်ကအနည်းကျဉ်းပဲဖြစ်ပြီး ကျောင်းဖွင့်ရာသီရောက်မှ ပြန်ကောင်းလာနိုင်မယ်လို့မျှော်လင့်ပါတယ်”ဟု ကားလုပ်ငန်းရှင်ကိုသောမတ်ကိုကိုကဆိုသည်။

အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီနှင့် ၂ဝဝဝ စီစီကြား ကားများထဲတွင် ဥရောပမှ တင်သွင်း၍ရသည့် Volkswagen New Bettle ၊ Volkswagen Passat ၊ Mazda 6 ၊ Peugeot 5008 ၊ Peugeot 508 စသည့် ကားများရှိသော်လည်း မူရင်းကားတန်ဖိုးမြင့်မားခြင်းနှင့် Invoice အပေါ်ပေးဆောင်ရသည့် အခွန်မြင့်မားသောကြောင့် တင်သွင်းရန်မလွယ်ကူကြောင်းသိရသည်။တင်သွင်းရန်မိုဒယ်မြင့်မားခြင်း၊ တင်သွင်းရန်အတွက် ကားရှားပါးခြင်း၊ အခွန်နှုန်းထားများ မြင့်မားစွာပေးဆောင်နေရခြင်းကြောင့် ကားစျေးကွက်အခြေအနေက နှစ်မကုန်ခင်အထိ ဂျပန်ညာမောင်းကားများသာ ဦးဆောင်နေဦးမည်ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း သိန်း ၂ဝဝ အောက် ၁၃ဝဝ စီစီကားများသာ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝင်ငွေခွန်များ ပြောင်းလဲမှုမရှိ၍ ထိုကားများ၏ စျေးမှာလည်း ကျဆင်းနိုင်စရာမရှိကြောင်း ကားတင်သွင်းသူများကသုံးသပ်ထားကြသည်။

”ဒီရက်ပိုင်းမှာ အရောင်းအဝယ်အေးတယ်ဆိုပေမယ့် စျေးလာမေးတဲ့သူတွေရှိပါတယ်။၁၅ဝ၁ စီစီနဲ့ ၂ဝဝဝ စီစီကြားကားတွေကိုအထူးကုန်စည်ခွန်လျော့ချလိုက်တဲ့အတွက်ကြောင့် Toyota Wish ၊ Mitsubishi RVRတို့စျေးအနည်းငယ်ပြန်ဆင်းပြီး အဝယ်လိုက်လာနိုင်ပါတယ်။ဝင်ငွေခွန်မလျော့တဲ့အတွက်တော့ ကားစျေးကကျသွားဖို့မရှိပါဘူး၊ရန်ကုန်လိုင်စင်တွေပြန်ဖွင့်ပေးရင်တော့ စျေးကွက်ပြန်ကောင်းလာဖို့ရှိပါတယ်၊ သကြင်္န် နားနီးလာတဲ့အတွက် သိန်း ၁၅ဝ နဲ့ သိန်း ၂ဝဝ ကြား ၁၅ဝဝ စီစီကားလေးတွေနဲ့ သိန်း ၃ဝဝ နဲ့ သိန်း ၄ဝဝ ကြား Toyota Wish / Toyota Kluger / Toyota Alphard တို့အရောင်းအဝယ်ဖြစ်ပါတယ်”ဟု အောင်က မကားအရောင်းစင်တာမှ မန်နေဂျာကိုငယ်က ဆိုသည်။

ဧပြီ ၁ ရက်မှစ၍ မော်တော်ယာဉ်များကို အထူးကုန်စည်ခွန်စည်းကြပ်ရာတွင်   ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအတွင်း ကားများကို ၁ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအတွင်း ကားများကို ၃ဝ ရာခိုင်နှုန်းနှင့် ၄ဝဝဝ စီစီအထက်ကားများကို ၅ဝ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ ကားစျေးများ ကျဆင်းရန်အတွက် အများမျှော်လင့်ထားသည့်အတိုင်း ဝင်ငွေခွန်များကိုမူ ဥပဒေကြမ်းတွင် ပါရှိသည့်အတိုင်းဖြစ်မလာဘဲ လက်ရှိ ဘတ်ဂျက်နှစ်အတိုင်းသာ ကောက်ခံမည်ဖြစ်ရာ ကျပ်သိန်း ၃ဝဝ အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃ဝ၁ သိန်းမှ ကျပ်သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းဆက်လက်ကောက်ခံမည်ဖြစ်သည်။သို့ဖြစ်၍ ကားစျေးကွက်သည် အပြောင်းအလဲကြီးကြီးမားမားရှိလာမည်မဟုတ်သဖြင့် ယခုနှစ်ကုန်အထိ ဂျပန်ညာမောင်းကားများသာ စျေးကွက်ကိုဆက်ပြီး ဦးဆောင်နိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများကသုံးသပ်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here