ရန်ကုန်၊ မတ်
ခရီးသွားလာမှုများပြားသည့် သကြင်္န်မတိုင်မီနှင့် သကြင်္န်ကာလအတွင်း အဝေးပြေးယာဉ်စီးခ လက်မှတ်နှုန်းထား စျေးတင်ရောင်းချပါက YRTA ရုံးနှင့် Hotline ဖုန်းနံပါတ်များသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
သကြင်္န်ကာလအတွင်း သတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထားထက် ပိုမိုကောက်ခံပါက အဝေးပြေး(YRTA)ရုံးနှင့် Hotline ဖုန်းနံပါတ် ဝ၉-၄၄၈ ၁၄၇ ၁၄၉၊ ဝ၉-၄၄၈ ၁၄၇ ၁၅၃၊ ဝ၉-၄၄၈ ၁၄၇ ၁၅၄ တို့သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
”ကားလက်မှတ်တွေ စျေးပိုမရောင်းဖို့ ယာဉ်လိုင်းတွေကို ခေါ်ယူဆွေးနွေး ပြောကြားထားပါတယ်၊ တကယ်လို့ စျေးနှုန်းပိုရောင်းတဲ့ ယာဉ်လိုင်းရှိခဲ့ရင် အဝေးပြေး (YRTA) ရုံးချုပ်နဲ့ Hotline နံပါတ်တွေကနေ တိုက်ရိုက်တိုင်လို့ရတယ်၊ တိုင်ကြားမှုတွေရှိခဲ့ရင် စစ်ဆေးပြီး အရေးယူမှု ပြုလုပ်မှာပါ” ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ပြီးခဲ့သည့်နှစ်များက သကြင်္န် ကာလအတွင်း အဝေးပြေးယာဉ်စီးခ ပိုမိုကောက်ခံသည့် ယာဉ်လိုင်းကို ဒဏ်ငွေ ကျပ်ငါးသောင်းအရေးယူခဲ့ရာ ယခုနှစ်မှစပြီး ပိုမိုထိရောက်သည့်အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
သကြင်္န်ကာလအတွင်း အဝေးပြေးယာဉ်စီးခ ပိုမိုကောက်ခံခြင်းနှင့် မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်စီးခပိုမိုကောက်ခံပါကလည်း အဆိုပါ Hotline ဖုန်းနံပါတ်များသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။
ကြည်ပြာ