ရန်ကုန်၊ မတ်
သကြင်္န်ကာလအတွင်း အဝေးပြေးကြားကားများ ပြေးဆွဲနေခြင်းကို စီမံချက်တစ်ခုအနေဖြင့် အဓိကထား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ယခုနှစ်သကြင်္န်ကာလတွင် အဝေးပြေးကြားကားများ ပြေးဆွဲခြင်းကို အဓိကထား ကြပ်မတ်ဆောင်ရွက်မည်ဖြစ်သလို ထိုယာဉ်များနေရာတွင် YRTA အစိုးရအဖွဲ့ မှ လိုအပ်သည့်ကားအရေအတွက်ကို အစားထိုးပြေးဆွဲရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
”သကြင်္န်ကာလအတွင်းမှာ ဒဂုံဧရာ အဝေးပြေးဝင်းရှေ့မှာ ကြားကား ပြေးဆွဲနေတာတွေ ရှိတယ်၊ ဖယ်ရှားဖို့ အဖွဲအစည်းလည်း ဖွဲ့ထားပြီးပါပြီ၊ ဒီကားတွေနေရာမှာ အစားထိုးပြေးဆွဲပေးဖို့ အစိုးရက ကားတွေလည်း စီစဉ်ပြီးပါပြီ၊ ယာဉ်လိုင်းတွေက ပြေးဆွဲမယ့်ကားပေါ်မူတည်ပြီး အစိုးရဘက်က ဘယ်လောက်ပြေးဆွဲပေးရမလဲဆိုတာ စီစဉ်ရမှာပါ၊ ယာဉ်လိုင်းတွေရဲ့ စီးပွားရေးထိခိုက်မှာလည်းစိုးတဲ့အတွက် ကားဘယ်လောက်ပြေးဆွဲပေးမလဲဆိုတာ ညှိနှိုင်းပြီး လိုအပ်တဲ့ကားအရေအတွက်ကို လုံလောက်အောင် အစိုးရဘက်က ဖြည့်စွက်ပြေးဆွဲပေးမှာ ဖြစ်ပါတယ် ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အထွေထွေအတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောသည်။
သကြင်္န်ကာလအတွင်း ဒေသအသီးသီးကို သွားလာကြမယ့် ခရီးသွားပြည်သူတွေအတွက် အခက်အခဲမရှိစေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သကြင်္န်အထူးကားများ ပြေးဆွဲပေးရန် စီစဉ်နေပြီး ယာဉ်အစီးရေနှင့် ပြေးဆွဲပေးမည့်ရက်များကို ထုတ်ပြန်ကြေငြာပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြေးဆွဲပေးရာတွင် ရန်ကုန်-မန္တလေးခရီးစဉ်တစ်လျှောက် နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များကို အဓိကထား စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ