သကြင်္န်ကာလနီးကပ်လာသော်လည်း   ကလေး-မန္တလေး ခရီးသွားနည်းပါးမှုကြောင့် ယာဉ်ငယ်လိုင်းအချို့ အရှုံးပေါ်

739

မန္တလေး၊ မတ်

ပွင့်လင်းရာသီရောက်တိုင်း ကလေး-မန္တလေး ခရီးသွားများပြားမှုကြောင့် အဝေးပြေးယာဉ်လိုင်းများ အလုပ်ဖြစ်ခဲ့သော်လည်း ယခုနှစ် မတ်လလယ်ပိုင်းတွင် ခရီးသွားနည်းပါးမှုကြောင့် ယာဉ်ငယ်လိုင်းအချို့ အရှုံးပေါ်သည်အထိ ဖြစ်နေကြောင်း သိရသည်။

”အခုက ပွင့်လင်းရာသီဆိုပေမဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေတော့ ပြီးသွားကြပြီ၊ တက္ကသိုလ်စာမေးပွဲတွေ ဖြေနေကြတာရော၊ ယာဉ်လိုင်းတွေ များလာတာရောနဲ့ ခရီးသည်က လုံးဝနည်းသွားတယ်၊ အခုဟာက ကလေးကနေ မန္တလေးကို ဟိုးအရင်က လေးရက်တစ်ခေါက်လောက် ပုံမှန်ပြေးရတဲ့ဟာ အခုကျတော့ ငါးရက်တစ်ခေါက်တောင် ခရီးသည်မရလို့ မထွက်ရတာတွေ ရှိနေတယ်၊ ဒီအတိုင်းဆို သကြင်္န်နားနီးမှပဲ အလုပ်ဖြစ်တော့မယ်ထင်တယ်”ဟု ကလေး-မန္တလေး ပြေးဆွဲနေသော ‘ရွှေလွင်ပြင်ယာဉ်လိုင်း’မှ ယာဉ်မောင်း ကိုသိန်းသန်းထွေးက ပြောသည်။

ယခင်က ကလေး-မန္တလေး ပြေးဆွဲသည့်ယာဉ်လိုင်း အနည်းငယ်သာရှိခဲ့သော်လည်း ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်လိုင်းသစ်လျှောက်ထားသူ များပြားခဲ့ရာမှ ယခုကဲ့သို့ ယာဉ်အသင်းနှင့် ခရီးသည်ဦးရေ မမျှတသည့်အခြေအနေရောက်သွားခဲ့သည့်အပြင် ယခုနှစ်ပွင့်လင်းရာသီတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ စသော အခြားမြို့ကြီးများသို့ ဘုရားဖူးနှင့် အလည်အပတ်ခရီးထွက်သူ နည်းပါးမှုကြောင့် ယင်းသို့ယာဉ်လိုင်းများတွင်ပါ ခရီးသည်ရရှိမှု နည်းပါးနေခြင်းဖြစ်နိုင်ကြောင်း ယာဉ်လိုင်းပိုင်ရှင်အချို့က သုံးသပ်သည်။

”ကလေး-ရန်ကုန် ခရီးစဉ် ကားတွေရော ကလေး-မန္တလေး ကားတွေမှာရော ဒီရက်ပိုင်းက ခရီးသည်ပုံမှန်လောက်ပဲ ရှိကြတာ၊ တချို့ အသင်းတွေလည်း ခရီးသည် တအားနည်းတာတွေတော့ ရှိမှာပေါ့၊ သကြင်္န်နီးနီးနဲ့ သကြင်္န်ပြီးလောက်မှ ခရီးသည်များလာမယ့်သဘောရှိတယ်၊ တစ်သင်းချင်းစီမှာ ခရီးသည်နည်းတယ်ဆိုတာလည်း ယာဉ်လိုင်းတွေက တအားများလာပြီလေ၊ ဒါကြောင့် မစက အနေနဲ့ ယာဉ်လိုင်းတွေကို စိစစ်ချထားပေးသင့်ပြီ”ဟု ကလေး-မန္တလေးပြေးနေဆွဲသည့် ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ၎င်းအမြင်ကို ဆိုသည်။

ယခင် ကလေးမြို့မှ ရန်ကုန်သို့ သွားလာသူ အများစုသည် ကလေး-မန္တလေး၊ မန္တလေး-ရန်ကုန် နှစ်ဆင့် စီးနင်းသွားလာကြရသော်လည်း ၂ဝ၁၈ ခုနှစ်အတွင်း ကလေး-ရန်ကုန် ယာဉ်လိုင်းများ အများအပြား ပေါ်ထွက်လာခဲ့ရာမှ ကလေး-ရန်ကုန်ခရီးသွား အများစုသည် တိုက်ရိုက်ယာဉ်လိုင်းများကိုသာ စီးနင်းလာကြခြင်းကြောင့်လည်း ကလေး-မန္တလေး ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသူ လျော့နည်းသွားခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်အသင်းများမှ စုံစမ်းသိရသည်။

”ကလေး-မန္တလေးယာဉ်လိုင်းတွေ များလာတော့ ခရီးသည်တင်ခတွေကို တစ်သင်းနဲ့ တစ်သင်း စျေးလျှော့ယူလာကြသလို ခရီးသည် နဲ့ ယာဉ်အစီးရေက မမျှတော့ဘူး ဖြစ်ကုန်တယ်၊ ရေရှည်မှာကားလိုင်းတွေ အရှုံးပြလာနိုင်တယ်၊ မစက အနေနဲ့လည်း နောက်ထပ်လျှောက်လာတဲ့အသင်းတွေကို ခွင့်မပြုပေးသင့်တော့ဘူး၊ ယာဉ်လိုင်းတွေများ၊ ကားအစီးရေများပြီး ခရီးသည်မရတော့ ခေါက်ကြေးမောင်းတဲ့ ယာဉ်မောင်းတွေအတွက် ငွေကြေး အဆင်မပြေတာတွေပါ ဖြစ်လာတယ်”ဟု ကလေး-မန္တလေး ယာဉ်မောင်းတစ်ဦးကလည်း ဆိုသည်။

လက်ရှိကလေး-မန္တလေး ခရီးစဉ်မှာ ခရီးသည်တစ်ဦးလျှင် ကျပ် တစ်သောင်းခွဲမှ သုံးသောင်းခွဲအထိ ကားအမျိုးအစားအပေါ် မူတည်၍ စျေးနှုန်းအသီးသီးရှိနေသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here