သကြင်္န်ကာလနီးကပ်လာသော်လည်း စံချိန်တင်အရောင်းအဝယ်အေးနေသည့် မန္တလေးဆိုင်ကယ်စျေးကွက်

1014

မန္တလေး၊မတ်

ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ထိုင်းငွေ ဘတ်စျေး အပြောင်းအလဲကြောင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များအားလုံး ကျပ်လေးသောင်းနီးပါး စျေးတက်သွားခဲ့သည့် မန္တလေးဆိုင်ကယ်စျေးကွက်တွင် သကြင်္န်ပွဲတော်ကာလ နီးကပ်လာသော်လည်းထိုင်းဆိုင်ကယ်များမှာ အရောင်းအေးနေဆဲဖြစ်ပြီး တရုတ်ဆိုင်ကယ်များသာ အရစ်ကျဖြင့် ပုံမှန်ရောင်းချရမှုရှိကြောင်း မန္တလေးမြို့ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းများထံမှသိရသည်။

”အစက စာမေးပွဲတွေဖြေပြီးရင် ရောင်းရမယ်မှတ်ထားတာ၊အခုကျတော့ စာမေးပွဲတွေပြီးလို့ သကြင်္န်နီးလာပေမယ့် ဆိုင်ကယ် အဝယ်နည်းတယ်၊တစ်ရက်မှ ၅စီး၊ ၆စီးလောက်ပဲရောင်းရတာ၊ဒါတောင် အရင်အပတ်က ဘတ်စျေး အပြောင်းအလဲကြောင့် စျေးတက်ရမယ့်ဟာ စျေးမတက်ဘဲရောင်းလို့ ဒီလောက်ရောင်းရသေးတာ၊ စျေးသာတက်ရောင်းရင် ရောင်းတောင်ရောင်းရပါ့မလားမသိဘူး၊ ဒီရက်ပိုင်းက မန္တလေးမြို့ပေါ်ကပဲ ဆိုင်ကယ်လာဝယ်တာရှိတယ်”ဟု မန္တလေးမြို့ Auto ၃၈ ဆိုင်ကယ် အရောင်းပြခန်းပိုင်ရှင် ကိုအောင်ရီစိုး ကပြောသည်။

ယခင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံထုတ်Click,Scoopy ဆိုင်ကယ်များ အနည်းငယ်အဝယ်လိုက်လေ့ရှိသော်လည်း ယခုနှစ်တွင် မတ်လတတိယပတ်အထိ စံချိန်တင်အရောင်းအေးနေကြောင်း၊ထို့ပြင် တစ်ဆိုင်နှင့် တစ်ဆိုင်စျေးအပြိုင်အဆိုင် လျှော့ရောင်းလာကြသည့်အပြင် အရစ်ကျ ရောင်းချမှု များပြားလာခြင်းကြောင့်လည်း လက်ငင်းစနစ်ဖြင့် ရောင်းချသော ဆိုင်ကယ်ဆိုင်များ  စျေးကွက်ပျက်နေကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ စုံစမ်းသိရသည်။

”အရင်နှစ်ကသကြင်္န်နားနီးရင်ကို ဆိုင်ကယ်တွေ အထိုက်အလျောက်ရောင်းရတယ်၊ ဒီနှစ် စာမေးပွဲတွေပြီးသွားပေမယ့် စျေးဦးမပေါက်တဲ့ရက်တွေတောင် ရှိနေတယ်၊ အဓိကတော့ မန္တလေးမှာက ထိုင်းဘီးရောင်းတဲ့ဆိုင်များလာတာနဲ့အမျှ တစ်ဆိုင်နဲ့တစ်ဆိုင်စျေးလျှော့ပြီး အပြိုင်အဆိုင်ရောင်းကြတယ်၊စျေးအနည်းဆုံးလျှော့ပေးနိုင်တဲ့ဆိုင်ရောင်းရတာပဲ၊ကျွန် တော်တို့ဆိုင်ဆို အရစ်ကျလည်းမရောင်းတော့ အဝယ်တော်တော်ကြီးကို အေးနေတယ်၊ တစ်ရက်မှ Click, Scoopy i ၂စီးလောက်ပဲ ရောင်းရတယ်၊ အဓိကတော့ ထိုင်းဘီးရောင်းတဲ့ဆိုင်တွေ များလာတာနဲ့အမျှစျေးကွက်မျှသွားတာလည်း ပါမှာပေါ့”ဟု မန္တလေးမြို့ Auto Star ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် ကိုစိုးမြင့်ထွန်းက သုံးသပ်သည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် ထိုင်းဆိုင်ကယ်များအရောင်းအေးနေသော်လည်း မတ်လစတုတ္ထပတ်၌ တရုတ်နိုင်ငံထုတ် Star Sky, Keeto, Yamasuki စသောတံဆိပ်များ၏ CZI P-4, MSX, CBR 150 စသော ဆိုင်ကယ်များမှာပုံမှန် အရောင်းအဝယ်ဖြစ်နေပြီး စျေးအတက်အကျမရှိကြောင်း အဆိုပါဆိုင်များထံမှ သိရသည်။

”သကြင်္န်နားနီးတော့ ဆိုင် Promotion လုပ်နေတာရောနဲ့ တရုတ် CZI, MSX ဘီးနဲ့ Ninja ဘီး တွေ တစ်ရက် သုံးစီးနှုန်းလောက် ပုံမှန်ရောင်းရတယ်၊ များသောအားဖြင့်တော့ အရစ်ကျလာဝယ်ကြတာများတယ်၊ သကြင်္န်နားနီးတော့ ဘီးကြီးတွေ ကလပ်ဘီးတွေအဝယ်လိုက်လာတယ်”ဟု မန္တလေးမြို့ ဆိုင်ကယ်နန်းတော်ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်စျေးကွက်တွင် မတ်လ စတုတ္ထပတ်၌ ၂ဝ၁၇ မိုဒယ် ထိုင်း Click ဒလက် ကျပ် ၂,၄ဝဝ,ဝဝဝ၊ Click စပုတ် ကျပ် ၂,၃ဝဝ,ဝဝဝ၊ Scoopy i ဒလက် ကျပ် ၂,၄ဝဝ,ဝဝဝ၊ Scoopy i စပုတ်- ကျပ် ၂,၃ဝဝ,ဝဝဝ၊ Wave 100 ကျပ် ၁,၁၅ဝ,ဝဝဝ နှင့် တရုတ်နိုင်ငံထုတ် CZI P-4 (Sawbwar)ကျပ် ၅၈ဝ,ဝဝဝ၊ ငါးရိုး 125 (Star Sky)ကျပ် ၆၄ဝ,ဝဝဝ၊ 125 R (Star Sky)ကျပ် ၆၃ဝ,ဝဝဝ၊ Smash (Star Sky)ကျပ် ၆၈ဝ,ဝဝဝ၊ MSX (Star Sky) ကျပ် ၉၈ဝ,ဝဝဝ တို့တွင် ပေါက်စျေးများရှိနေသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းစျေးကွက်တွင်လည်း မတ်လစတုတ္ထပတ်၌ ထိုင်းနိုင်ငံထုတ်မိုဒယ်နိမ့်ဆိုင်ကယ်များမှာ စံချိန်တင် အရောင်းအေးစက်နေပြီး တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များသာ သကြင်္န်ပွဲတော်ကာလနီးကပ်လာမှုကြောင့် အဝယ်လိုက်နေကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။

”ဒီမတ်လထဲ အခြေအနေ တော်တော်ဆိုးနေတယ်၊ ထိုင်းမိုဒယ်မြင့်Click,Scoopy i ဆိုင်ကယ်တွေအားလုံး နှစ်ရက်မှတစ်စီးနှုန်းလောက်ပဲ ရောင်းရတဲ့အနေအထားဖြစ်နေတယ်၊ လာမေးတဲ့သူတော့များတယ်၊ မေးပြီး မဝယ်ဘဲ ပြန်သွားကြတာကများနေတယ်၊အရင် ဖေဖော်ဝါရီလကမှ အခုလထက်ပိုရောင်းရသေးတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်းတစ်ဦးက ပြောကြားသည်။

တရုတ် တစ်ပတ်ရစ်ဆိုင်ကယ်များ ရောင်းချလျက်ရှိသည့် ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်း ကိုညီညီနိုင်က”တရုတ်ဘီးမှာ တော့ သကြင်္န်ပွဲတော်နီးလာတော့ Tricker နဲ့ MSX ဆိုင်ကယ်လေးတွေ အဝယ်လိုက်လာတယ်၊ တစ်ရက်ကို မရောင်းရပါဘူးဆို ၃စီး၊ ၄ စီးတော့ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်၊ မန္တလေးမှာကနှစ်စဉ် သကြင်္န်နီးရင် သကြင်္န်လည်ဖို့အတွက် ကလပ်ဘီးတွေ ကြိုတင်ဝယ်ကြတယ်၊ MSX နဲ့ Tricker ထဲမှာတော့ ၅ သိန်းဝန်းကျင်တန်လေးတွေ လာဝယ်ကြတာများတယ်”ဟု ဆိုသည်။

မန္တလေးမြို့ဆိုင်ကယ်ဝယ်/ ရောင်းစျေးကွက်တွင် မတ်လစတုတ္ထပတ်၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၄ မိုဒယ် Click စပုတ်နှင့် Scoopy i စပုတ်ဆိုင်ကယ်များမှာ ကျပ် ၁,၆၉ဝ,ဝဝဝ ဝန်းကျင်၊ ၂ဝ၁၃ မို ဒယ် Click စပုတ်နှင့် Scoopy i စပုတ်ဆိုင်ကယ်များမှာ ကျပ် ၁,၄၅ဝ,ဝဝဝ ဝန်းကျင် စျေးတူ ရှိနေပြီး Moove ဒလက် (၂ဝ၁၅)-ကျပ် ၁,၅ဝဝ,ဝဝဝ ဝန်းကျင်၊ တရုတ်နိုင်ငံထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ် ၅ သိန်းမှ ၈ သိန်းကြား၊Super Cub Jialing ကျပ်၂သိန်းခွဲမှ ၃ သိန်းကြား၊ CZI ကျပ် ၃ သိန်းမှ ၃ သိန်းခွဲကြား၊ MSX  ကျပ် ၆ သိန်းခွဲဝန်းကျင် တို့တွင်ရှိနေသည်။

ကျော်ကျော်အောင်

 

LEAVE A REPLY

Please enter your comment!
Please enter your name here