သက်သောင့်သက်သာနဲ့ ခရီးရှည်စီးနင်းနိုင်တဲ့ 2018 Harley-Davidson Road Glide Ultra

768

အမေရိကန်ပြည်ထောင်စု၊ Wisconson ပြည်နယ်၊ Milwaukee မြို့မှာ ၁၉ဝ၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Harley-Davidson ဆိုင်ကယ် ကုမ္ပဏီဟာ သူတို့ရဲ့ ဆိုင်ကယ်တွေအပေါ် သစ္စာရှိရှိနဲ့ မြတ်မြတ်နိုးနိုး ဝယ်ယူအားပေးတဲ့ ပရိသတ်ထုကြောင့် ကမ္ဘာ့အကြီးဆုံး ဆိုင်ကယ်ထုတ်လုပ်သူအဖြစ် ရပ်တည်နေနိုင်သလို စက်ရုံ ၁ဝ ရုံအထိ တည်ဆောက်ပြီး ဆိုင်ကယ်အမျိုးအစားများစွာကို ကမ္ဘာတစ်ဝန်း ထုတ်လုပ်ဖြန့်ချိရောင်းချပေးနေတာပါ။ Harley-Davidson ဆိုင်ကယ်အများစုဟာ ပုံစံဆန်းသစ် ထူးခြားမှု ကိုယ်စီရှိပေမဲ့ အင်ဂျင် Displacement ခုနစ်ရာစီစီ နဲ့အထက်ရှိတဲ့ အရွယ်အစားကြီး ဆိုင်ကယ်တွေဖြစ်တာကြောင့် လတ်တလောမှာ ပေါ့ပါးပြီး စီးနင်းရလွယ်ကူတဲ့ တခြားပြိုင်ဘက်ဆိုင်ကယ်တွေနဲ့ တန်းတူယှဉ်ပြိုင်ဖို့ ခက်ခဲလို့ ရောင်းအားသိသိသာသာကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက Harley-Davidson ဆိုင်ကယ်အမှတ်တံဆိပ်တန်ဖိုးဟာ ၄၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄ ဘီလျံပဲ ရှိတော့တာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တချို့ လျှော့ချခဲ့ရသလို ဆိုင်ကယ်တွေထုတ်လုပ်ရာမှာလည်း လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေရတာပါ။ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ခရီးဝေးမောင်းဖို့ ရည်ရွယ်ထုတ်လုပ်တဲ့ Touring အမျိုးအစားထဲက Road Glide Ultra မိုဒယ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။။ Harley-Davidson ဟာ တိုက်ကြီးတစ်တိုက်စာလောက် ခရီးကို စီးနင်းရင်တောင် အဲဒီခရီးလမ်းက သေးငယ်တယ်လို့ ခံစားရစေမယ်လို့ ညွှန်းဆိုပြီး 2018 Harley-Davidson Road Glide Ultra ဆိုင်ကယ်ကို ဖန်တီးပေးထားတာဖြစ်ပါတယ်။

2018 Harley-Davidson Road Glide Ultra မှာ သုံးထားတာက Twin-Cooled Milwaukee-Eight 107 အင်ဂျင်ဖြစ်ပါတယ်။ အင် ဂျင်ရဲ့ Displacement က 1746 CC ရှိပြီး Compression Ratio  က 10.0 : 1  ဖြစ်ပါတယ်။ လောင်စာဆီပို့လွှတ်မှုအတွက် Electronic Sequential Port Fuel Injection (ESPFI) သုံးစွဲထားသလို အအေးပေးစနစ်က Air-Cooled ဖြစ်ပါတယ်။ Bore နဲ့ Stroke အချိုးက 3.937 x 4.375 လက်မရှိပြီး  Single-Cam ဒီဇိုင်းနဲ့ ဖန်တီးထားလို့ အရင်ထက် နေရာယူမှု လျော့နည်းသွားပါတယ်။ အိပ်ဇောအတွက် လေးလက်မ Touring Muffler နှစ်ခုပါဝင်တဲ့ ခရိုမီယမ်နှစ်ခုတွဲ အိပ်ဇောတပ်ဆင်ထားပြီး Primary Drive က Chain ဖြစ်ပါတယ်။ အင်ဂျင်တစ်မိနစ် လည်ပတ်နှုန်း (Rpm) ၃,၂၅ဝ မှာ လိမ်လှည့်အား (Torque) 114 lb-ft ထုတ်ပေး လို့ စမောင်းပြီး မကြာခင်မှာပဲ စိတ်ကြိုက်အရှိန်နှုန်း တင်လို့ရပါတယ်။

Double-downtube/Double-Cradle,Tubular ဖရိမ်ကို စတီးနဲ့ တည်ဆောက်ထားတာဖြစ်လို့ Dry Weight က ၈၉၉ ပေါင်ရှိပြီး မောင်းနှင်ဖို့ လိုအပ်တဲ့ ဆီတွေဖြည့်ပြီးရင် အလေးချိန်က ၉၃၇ ပေါင်ဖြစ်သွားမှာပါ။ အလျား ၁ဝ၂ ဒသမ ၂ လက်မရှိတဲ့ ဆိုင်ကယ်ကိုယ်ထည်မှာ ရှေ့ဆိုင်းထိန်းအတွက် Telescopic Fork သုံးထားပြီး နောက်ဆိုင်းထိန်းအတွက် Twin Sided Swing Arm တပ်ထားပါတယ်။ ရှေ့ဘရိတ်က Dual Hydraulic Disc ၊ နောက်ဘရိတ်က Hydraulic Disc ပါ။ ရှေ့နဲ့ နောက် ဘရိတ်တွေကို အီလက်ထရွန်းနစ်နဲ့ ဆက်သွယ်ထားတာကြောင့် ဘရိတ်ဖမ်းတဲ့အခါ လိုအပ်တဲ့အားကိုပဲ တာယာတွေအပေါ် သက်ရောက်စေပြီး လမ်းအနေအထားကြောင့် ဘရိတ်မမိဘဲ ချော်ထွက်တာမျိုး မဖြစ်နိုင်ပါဘူး။ ရှေ့ဘီးခွေက ၁၇ လက်မနဲ့ နောက်ဘီးခွေက ၁၆ လက်မရှိပါတယ်။ ဂီယာခြောက်ချက်စနစ်နဲ့ စိတ်ကြိုက်အရှိန်ရအောင် လုပ်ဆောင်နိုင်မှာပါ။ ရှေ့နဲ့နောက် ဘီးဝင်ရိုးကြား အကွာအဝေး(Wheelbase) ၆၄ လက်မ ရှိပြီး Rake ၂၆ ဒီဂရီ၊ Trail ၆ ဒသမ ၇ လက်မဖြစ်ပါတယ်။ ထိုင်ခုံအမြင့် (Seat Height) ၂၈ ဒသမ ၉ လက်မရှိပြီး မြေပြင်ကင်းလွတ် အမြင့်(Ground Clearance) ၅ ဒသမ ၁ လက်မ ဖြစ်ပါတယ်။ ပျမ်းမျှ ဆီစားနှုန်း တစ်ဂါလန် ၄၃ မိုင်ရှိတဲ့ ၂ဝ၁၈ မိုဒယ် Harley-Davidson Road Glide Ultra မှာ ခြောက်ဂါလန်ဆံ့ ဆီတိုင်ကီတပ်ပေးထားတာကြောင့် မိုင် ၂၅ဝ ကျော်ခရီးကို တောက်လျှောက်မောင်းနှင်နိုင်မှာပါ။

ဆိုင်ကယ်စီးတဲ့အခါ လေတိုးဒဏ်မခံရအောင် ၁၃ လက်မခွဲအရွယ် ရှေ့လေကာမှန်ပါသလို Dual Daymaker Reflector LED ရှေ့မီးအုံကလည်း တောက်ပတဲ့ အလင်းတန်းထုတ်ပေးတဲ့အတွက် မှောင်မိုက်တဲ့အချိန် စီးနင်းတဲ့အခါမှာ အခက်အခဲမတွေ့နိုင်ပါဘူး။ ခေါင်းပိုင်းမှာ လေကာမှန်နဲ့ ရှေ့မီးအုံတို့ကို တွဲဆက်ပေးထားတဲ့ Fairing  ဒီဇိုင်းက ငါးမန်းနှုတ်သီးပုံ ဖြစ်ပြီး တခြားဆိုင်ကယ်တွေမှာ တွေ့ရမှာမဟုတ်ပါဘူး။ ဆိုင်ကယ်အချက်အလက်တွေကို သဲကွဲစွာမြင်ရမယ့် အချက်ပြဒိုင်ခွက်အပေါ်က ခြောက်လက်မခွဲအရွယ် Touch Screen ကနေ မိုဘိုင်းဖုန်းကို လက်နဲ့မကိုင်ဘဲ သုံးခြင်း၊ ဖျော်ဖြေမှုမီဒီယာများ ဖွင့်နားထောင်ခြင်း၊ လမ်းညွှန်စနစ် ရှာဖွေကြည့်ခြင်းတို့ကို လုပ်ဆောင်နိုင်မှာပါ။ အသံစနစ်နဲ့ ညွှန်ကြားခိုင်းစေနိုင်တဲ့ Touch Screen ဟာ အဂင်္လိပ်၊ ဂျာမန်၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီဘာသာစကားတွေကို နားလည်နိုင်စွမ်းရှိပါတယ်။ အသံစနစ်အတွက် ၅ ဒသမ ၂၅ လက်မအရွယ် စပီကာလေးလုံးပါတဲ့ Boombox 6.5 GT တပ်ဆင်ထားတာပါ။ ဖုန်းအားသွင်းဖို့ USB အပေါက်ပါသလို မောင်းသူနဲ့ နောက်က စီးသူတို့အကြား စကားပြော ဆက်သွယ်ရလွယ်ကူစေတဲ့ Intercom စနစ်လည်း ပါဝင်ပါတယ်။ နောက်မြီးပိုင်းမှာ ဆိုင်ကယ်ဦးထုပ်နှစ်လုံးအပြင် တခြားအသုံးအဆောင်တွေ ထည့်လို့ရတဲ့ Tour-Pack ခရီးဆောင်သေတ္တာက ၂ ဒသမ ၃ ကုဗပေဆံ့ပါတယ်။ ဘေးဘက်မှာလည်း  Saddlebag တွေ တပ်ခွင့်ပေးထားပါတယ်။

အရင်မိုဒယ်ထက် ဆွဲဆောင်မှုပိုရှိအောင် ဖန်တီးထားသလို စက်ပစ္စည်းအစိတ်အပိုင်းနဲ့ နည်းပညာတွေကို အဆင်မြှင့်ပေးထားတာကြောင့်  2018 Harley-Davidson Road Glide Ultra ဟာ ခရီးရှည်မောင်းဖို့ သင့်တော်တဲ့ဆိုင်ကယ်လို့ ဆိုနိုင်ပါတယ်။ မောင်းသူနေရာမှာ နိမ့်ပြီး နောက်ကို မြင့်တက်သွားတဲ့ ထိုင်ခုံပုံစံက စီးသူနှစ်ဦးစလုံးအတွက် အဆင်ပြေစေသလို အချိန်ကြာကြာထိုင်ရင်တောင် ပင်ပန်းမှု မခံစားရနိုင်ပါဘူး။ ဆိုင်ကယ်အလေးချိန်များပေမဲ့ တပ်ထားတဲ့ ဆိုင်းထိန်းစနစ်၊ ABS ပါတဲ့ ဘရိတ်စနစ်နဲ့ စွမ်းရည်မြင့်အင်ဂျင်တို့ကြောင့် ကိုင်တွယ်ထိန်းသိမ်းရလွယ်ကူပြီး လုံခြုံစိတ်ချစွာ ခရီးနှင်နိုင်မှာ ဖြစ်ပါတယ်။ 2018 Harley-Davidson Road Glide Ultra ကို Vivid Black ၊ Industrial Gray ၊ Twisted Cherry ၊ Electric Blue ၊ Silver Fortune/Black Tempest ၊ Silver Fortune/Sumatra Brown ၊ Wicked Red/Twisted Cherry အရောင်တွေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး စျေးနှုန်းကတော့ စက်ရုံထုတ်စျေး(MSRP) အမေရိကန်ဒေါ်လာ ၂၆,၃၉၉ ကနေ စပြီး ကျသင့်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here