သက်သောင့်သက်သာနဲ့ခရီးရှည်စီးနင်းနိုင်တဲ့ 2018 Triumph Bonneville Speedmaster

561

၁၉ဝ၂ ခုနှစ်ကတည်းက ဆိုင်ကယ်တွေ ထုတ်လုပ်ဖြန့်ချိနေတဲ့ Triumph Engineering ကုမ္ပဏီဟာ အဂင်္လိပ်စီးပွားရေးလုပ်ငန်းရှင် John Bloor ဝယ်ယူခဲ့တဲ့ ၁၉၈၃ ခုနှစ်ကစပြီး Triumph Motorcycles Ltd လို့ အမည်ပြောင်းလဲခဲ့သလို ဂျပန်နည်းပညာတွေကိုအခြေခံပြီး မျိုးဆက်သစ်ဆိုင်ကယ်မိုဒယ်တွေ အဆက်မပြတ် ထုတ်လုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း Triumph ဟာ Adventure and Touring ၊ Cruiser၊ Modern Classics ၊ Roadster နဲ့ Supersport ဆိုင်ကယ်အမျိုးအစားတွေ ထုတ်လုပ်ခဲ့သလို ၂ဝ၁၇ ခုနှစ်အတွင်း ဆိုင်ကယ်အစီးရေ ၆၃,၄ဝဝ ကိုလည်း ရောင်းချခဲ့ရတာကြောင့် ဝင်ငွေစုစုပေါင်း ဗြိတိန် ပေါင်စတာလင် ၄၉၈ ဒသမ ၅ သန်းရခဲ့ပြီး အခွန်မဆောင်မီ အမြတ်အဖြစ် ဗြိတိန်ပေါင်စတာလင် ၂၄ ဒသမ ၇ သန်းအထိ ရှိခဲ့ပါတယ်။ Triumph  ရဲ့ ၂ဝ၁၈ ခုနှစ်အတွက် အသစ်ထပ်မံ ထုတ်လုပ်မိတ်ဆက်ပေးခဲ့တဲ့ ဆိုင်ကယ်တွေထဲမှာ Bonneville Speedmaster မိုဒယ်က တစ်ခု အပါအဝင်ပါပဲ။ လှပဆွဲဆောင်မှုရှိတဲ့ Bonneville Speedmaster ဟာ Bonneville မိုဒယ်ဒီဇိုင်းနဲ့ Speedmaster မိုဒယ်စတိုင်လ်တို့ကို ပေါင်းစပ်ထားတဲ့ နောက်ဆုံးပေါ်ဆိုင်ကယ်အမျိုးအစားဖြစ်ပြီး စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ သက်သောင့်သက်သာစီးနိုင်အောင် အဆင့်မြင့်နည်းပညာ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။

2018 Triumph Bonneville Speedmaster မှာ Displacement 1200 CC ရှိတဲ့ SOHC အင်ဂျင်ကိုတပ်ထားပြီး ထူးခြားတဲ့  Radiator  နဲ့ ပန်ကာတို့ ပေါင်းစပ်ထားတဲ့ Liquid-Cooled အအေးပေးစနစ်သုံး ထားလို့ ဆီစားနှုန်းသက်သာသလို အမြင့်ဆုံးစွမ်းဆောင်ရည်ထုတ်ပေးနိုင်ပြီး မိုင်တစ်သောင်းအထိ မောင်းနှင်ပြီးမှ Service စလုပ်ရမှာပါ။ လုံခြုံရေးကိရိယာတပ်ထားတာကြောင့် Triumph အမှတ်တံဆိပ်မပါတဲ့ သော့တုနဲ့ဖွင့်ရင် အင်ဂျင်နိုးမှာ မဟုတ်ပါဘူး။ Bore နဲ့ Stroke အချိုး 97.6/80 mm ၊ Compression Ratio 10.0:1  ရှိတဲ့ အင်ဂျင်ကနေ တစ်မိနစ်လည်ပတ်နှုန်း(Rpm) 6100 မှာ မြင်းကောင်ရေ ၇၇ ကောင် အား၊ 4000 Rpm မှာ လိမ်လှည့်အား(Torque) 78 lb-ft ထုတ်ပေးနိုင်ပါတယ်။ ခရိုမီယမ်နဲ့ ပြုလုပ်ထားပြီး Hidden Cat Box တပ်ထားတဲ့ အိပ်ဇောစနစ်က ဆန်းသစ်တီထွင်မှုကောင်းသလို မောင်းတဲ့အခါ ဆူညံမှုမရှိစေပါဘူး။ ဂီယာခြောက်ချက်စနစ်သုံးပြီး မောင်းရမယ့် Final Drive က Chain ဖြစ်ပါတယ်။

2018 Triumph Bonneville Speedmaster ဖရိမ်က Tubular Steel Candle ပုံစံ ဖြစ်ပါတယ်။ ရှေ့ဆိုင်းထိန်းအတွက် 41 mm Kayaba Forks ကိုတပ်ထားပြီး နောက်ဆိုင်းထိန်းက Kayaba Monoshock ဖြစ်ပါတယ်။ ရှေ့ Forks တွေ ထက်/အောက်ကစားနိုင်တဲ့ ပမာဏက ၉ဝ မီလီမီတာရှိပြီး နောက် Shock က ၇၃ ဒသမ ၃ မီလီမီတာ ထက်/ အောက် ကစားနိုင်ပါတယ်။ ရှေ့ဘရိတ်က ပစ္စတင်နှစ်လုံးထိုး Brembo Floating Caliper နဲ့ Twin 310 mm Disc ဖြစ်ပြီး နောက်ဘရိတ်မှာ ပစ္စတင်တစ်လုံးထိုး Nissin Floating Caliper နဲ့ Single 250 mm Disc ကို တပ်ထားသလို Anti-lock Braking System ကို ရှေ့နဲ့နောက် ဘရိတ်တိုင်းမှာ အသုံးပြုလို့ရပါတယ်။ စပုတ်တံ ၃၂ ချောင်းစီပါတဲ့ ၁၆ လက်မအရွယ် ဘီးခွေတွေမှာ ကုပ်အားကောင်းတဲ့ Avon Cobra  တာယာတွေ တပ်ပေးထားပါတယ်။ ဆိုင်ကယ်အမြင့်က နောက်ကြည့်မှန် မပါရင် ၄၁ လက်မရှိပြီး ရှေ့နဲ့ နောက်ဝင်ရိုးအကြား အကွာအဝေး (Wheelbase)က ၅၉ လက်မပါ။ Rake က ၂၅ ဒသမ ၃ ဒီဂရီ၊ Trail က ၃ ဒသမ ၆ လက်မ ဖြစ်ပါတယ်။ မြေပြင်ကနေ ထိုင်ခုံအမြင့်(Seat Height)က ၂၈ လက်မရှိပြီး မောင်းသူထိုင်ခုံနောက်မှာ လိုက်စီးလို့ရတဲ့ ထိုင်ခုံ(Pilon Seat)နဲ့ ခရိုမီယမ်လက်ကိုင်တန်း(Grab Rail)ကို ထပ်ဆောင်းတပ်နိုင်သလို မလိုအပ်တဲ့အခါ အလွယ်တကူ ဖြုတ်သိမ်းနိုင်ပါတယ်။ ပျမ်းမျှဆီစားနှုန်း တစ်ဂါလန် ၆၅ မိုင်ရှိတဲ့ ဆိုင်ကယ်အတွက် ၃ ဒသမ ၂ ဂါလန်ဆံ့ ဆီတိုင်ကီတပ်ပေးထားလို့ မိုင် နှစ်ရာလောက်ခရီးကို တောက်လျှောက်မောင်းနိုင်မှာပါ။

ငါးလက်မအရွယ် အဝိုင်းပုံရှေ့မီးသီးက ၁၉၅ဝ နဲ့ ၁၉၆ဝ ပြည့်နှစ်တွေတုန်းက ဂန္ထဝင်မီးသီးပုံစံ ပြန်သုံးထားတာဖြစ်ပေမဲ့ LED မီးဖြစ်လာသလို နေ့အလင်းတန်း(Daytime Running Light)လည်းပါလို့ တောက်ပတဲ့ အလင်းရောင်ကို ထုတ်ပေးမှာပါ။ Bullet Indicator အချက်ပြမီးတွေကို သီးသန့်ခွဲတပ်ထားတာက ရိုးရှင်းတဲ့စတိုင်လ် ထွက်စေပါတယ်။ လက်မ သုံးဆယ်ရှည်တဲ့ Beach Bars ဆိုင်ကယ်လက်ကိုင်က အစွန်းနှစ်ဖက် နောက်ပြန်ချိုးထားတဲ့အတွက် ကိုင်တွယ်ရတာ လွယ်ကူစေမှာပါ။ လက်ကိုင်ဘယ်ဘက်မှာ မောင်းနှင်မှုပုံစံ(Riding Mode)တွေဖြစ်တဲ့ Road  နဲ့ Rain  ကို ရွေးချယ်သုံးစွဲနိုင်လို့ ရာသီဥတု၊ လမ်းအနေအထား မရွေး လုံခြုံစိတ်ချစွာစီးနိုင်မှာ ဖြစ်ပါတယ်။ ခရီးဝေးထွက်တဲ့အခါ မောင်းသူကို ပင်ပန်းနွမ်းနယ်မှု မဖြစ်စေအောင် ထိုင်ခုံကို ခါးမတ်မတ်ထားစီးရတဲ့ (Ergonomics)ဒီဇိုင်းပုံစံ ဖန်တီးပေးထားသလို ရှေ့ခြေနင်းပြား(Foor Pegs) တွေကိုလည်း စတိုင်လ်ကျကျစီးနိုင်တဲ့ အနေအထားမျိုး တပ်ပေးထားတာပါ။ ထိုင်ခုံက ပုံမှန်ဆိုရင် တစ်ယောက်စီးဖြစ်ပေမဲ့ ခရိုမီယမ် Dresser Rail with Grab Rail ကို တပ်ဆင်လိုက်တဲ့အခါ နှစ်ယောက်စီးလို့ရမှာဖြစ်သလို အသုံးမပြုရင် Dresser Rail with Grab Rail ကို အလွယ်တကူ ဖြုတ်သိမ်းထားနိုင်ပါတယ်။

2018 Triumph Bonneville Speedmaster မှာ သုံးထားတဲ့ ဆိုင်းထိန်းနဲ့ ဘရိတ်စနစ်တွေက နောက်ဆုံးပေါ် အဆင့်မြင့်တွေဖြစ်တာကြောင့် လမ်းကောင်း၊ လမ်းကြမ်းမရွေးဘဲ ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်ကျော်ဖြတ်လို့ ရပါတယ်။ တီထွင်ဆန်းသစ်ထားတဲ့ Traction Control စနစ်ကြောင့်လည်း ရွှံ့၊ နှင်းတို့ဖုံးနေတဲ့ မျက်နှာပြင်ချောချောလမ်းမျိုးမှာ စလစ်ဖြစ် ချော်ထွက်ခြင်း မရှိပါဘူး။ ဆီတိုင်ကီအဖုံးကို Triumph တံဆိပ် ပါ ခရိုမီယမ်နဲ့ ပြုလုပ်ထားတာ၊ Stainless Steel ပြားနဲ့ ပတ်ထားတဲ့ ဘက်ထရီအိုး စတာတွေက 2018 Triumph Bonneville Speedmaster ရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတချို့ပါပဲ။ ခရီးရှည်မောင်းဖို့ သင့်တော်တဲ့ Highway Kit  ၊ ရိုးရိုးရှင်းရှင်းပုံစံမျိုးဖြစ်တဲ့ Maverick Kit အပါအဝင် အပိုပစ္စည်း ၁၃ဝ ကျော်ကို စိတ်တိုင်းကျ ရွေးချယ်သုံးစွဲခွင့်ရှိတဲ့ 2018 Triumph Bonneville Speedmaster ဟာ လှပပြီး ဗြိတိသျှဂန္ထဝင်အငွေ့အသက်တွေပြည့်နေတဲ့ ဆိုင်ကယ်မိုဒယ်သစ်လို့ ဆိုနိုင်ပါတယ်။ Jet Black  ၊ Cranberry Red ၊ Fusion White and Phantom Black with Hand Painted Coachline အရောင်သုံးမျိုးနဲ့ ထုတ်လုပ်မယ့် 2018 Triumph Bonneville Speedmaster အတွက် စက်ရုံထုတ်မူလစျေး(MSRP)က အမေရိကန်ဒေါ်လာ ၁၃,၆၅ဝ ကနေ စတင်သတ်မှတ်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here