ဝေလုလု ကြွေလုလု အနာဂတ် ကားလောက

374

လိပ်ခဲတည်းလည်း ဟူသည် မည်သည့်အခါမျှ မကောင်း။ အဖြေမပေါ်သည့် အခြေအနေမျိုးဖြင့် မျှော်တလင့်လင့်၊ ဆန့်တငံ့ငံ့ အခြေအနေသည် မည်သည့်ကိစ္စတွင်မဆို ကြာလာလျှင် ပို၍ ဆိုးရွားလာဖွယ်ရာသာ ရှိ သည်။ ကားလောကတွင် တစ်ပိုင်တစ်နိုင် ရပ်တည်သူတို့အတွက်မူ ရှေ့ ဆက်ရမည်လား၊ ရပ်ကြည့်နေရမည်လား မသေချာသော်လည်း ဝမ်းရေးက ရှိသည်။ ရင်းနှီးထားသမျှ အရံှုးနည်းစေဖို့ လက်တွန့်နောက်ဆုတ် နေကြရသဖြင့် ကြာလျှင် ဝမ်းရေးအတွက် မလွယ်ဖြစ်မည်ဖြစ်သည်။ ထိုသို့ သော တစ်ပိုင်တစ်နိုင်ရောင်းဝယ်သူများတင်မက ကားလောကတစ်ခုလုံး လိပ်ခဲတည်းလည်း အခြေအနေ၏အရင်းခံမှာ မြန်မာ့ကားလောက၏ ကား တင်သွင်းမှု ထုတ်ပြန်ချက်တစ်ရပ်၏ ဆိုင်းငံ့အခြေအနေကြောင့် ဖြစ်သည်။ သို့ရာတွင် ဆိုင်းငံ့ဟု သမ္မတရုံးကဆိုအပြီး အခိုက်အတန့်ကာလ စျေး ကွက် အနည်းငယ်လှုပ်သယောင်ရှိခဲ့သော်လည်း စီးပွား/ကူးသန်းဒုဝန်ကြီး၏ သမ္မတရုံးမှ ခွင့်ပြုချက်ရလျှင် ပါမစ်များပေးမည်ဟုဆိုလိုက်ပြန်ရာ လင်းသယောင်ယောင်ရှိသည့် စျေးကွက်မျှော်လင့်ချက်ရောင်ခြည် နဂို မှိန် ဖျော့ဖျော့သည် ပြန်လည်မှေးမှိတ်ခဲ့ရပြန်သည်။

တစ်ချိန်က မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် မော်တော်ကားကို တန်ဖိုးမြင့်ဇိမ်ခံပစ္စည်းတစ်ခုအနေဖြင့် စျေးကြီးကြီးပေး၍ အသုံးပြုခဲ့ ကြရသည်။ ထိုအခြေအနေမှ တစ်ဖန် သမ္မတဟောင်းဦးသိန်းစိန် အစိုးရ လက်ထက်တွင် မူဝါဒများ လျှော့ချကာ ပြည်သူများအား လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးခဲ့သည့်အတွက် ဂျပန်ညာမောင်းကားများ လက်လွတ် စပယ်တင်သွင်းခဲ့ကြပြီး လမ်းနှင့်ကား မမျှတသည့် အခြေအနေကို ရန်ကုန် မြို့သူမြို့သားတု့ိ ရင်စည်းခံခဲ့ကြရသည်။NLD အစိုးရလက်ထက်အရောက်တွင် ယာဉ်ကြောကျပ်တည်းမှု လျော့ကျရန်ဟုဆိုကာ ရန်ကုန်လိုင်စင် ပိတ်သိမ်းပစ်ခဲ့သည်။ ထို့နောက် ယာဉ်လမ်းကြောနှင့်ကိုက်ညီသည့် ဘယ်မောင်းကားများ တင်သွင်းစေခဲ့ပြီး ညာမောင်းကားများ တင်သွင်းမှုကို လျှော့ချခဲ့သည်။ ပြည်တွင်းတွင် ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံများ ဝင်ရောက်စေခဲ့ပြီး ဘယ်မောင်းကားသစ်များဖြင့် မြန်မာ့ကားလောကကို သွေးသစ်လောင်းခဲ့ရာ အစဉ်အဆက် ဂျပန်ကား ကြိုက်နှစ်သက်သူများ၊ ဂျပန်ကားရောင်းချသူများ ရင်ပူခဲ့ရသလို ပြည်ပမှ ကားသစ်တင်သွင်းရောင်းချသူ များသည်လည်း ရင်လေးခဲ့ရသည်။ ပြည်တွင်း တပ်ဆင်ထုတ်လုပ်သည့် ကား အမှတ်တံဆိပ်များအတွက် အခွန်အားသာချက်နှင့် ရန်ကုန်လိုင်စင် အား သာချက်များ ရရှိထားသော်လည်း ပြည်ပကားသစ်တင်သွင်းမှုတွင် ရန်ကုန် လိုင်စင်ရရှိရန် စလစ်ကပ်နေရဆဲဖြစ်ကာ ရန်ကုန်လိုင်စင်ဖော်ဆောင်မည့် YVQC စနစ်ဆိုသည်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန် အထိ ထွက်ပေါ်နိုင်ခြင်း မရှိသေးချေ။

ယခုအခါ မြန်မာပြည်သူအများစုမှာ ဂျပန်ကားအမျိုးအစား ညာမောင်းကားများကို နှစ်ကာလရှည်စွာ သုံးစွဲခဲ့ကြရာမှ မူဝါဒအချိတ်အဆက် အပြောင်းအလဲများဖြင့် နိုင်ငံတော်၏ ကားသစ်များပြောင်းလဲအသုံးပြုရေး မူဝါဒအတိုင်း အများပြည်သူသည်လည်း လိုက်ပါ လျှောက်လှမ်းစပြုလာပြီဖြစ်ရာ အမှန်တကယ်လိုအပ်နေသည်မှာ အစိုးရအနေဖြင့် ကားတင်ဆင် ထုတ်လုပ်မှုများအပေါ် လျော့ပေါ့မှုများ ပြုလုပ်ပံ့ပိုးပေးထားသကဲ့သို့ ကြပ် မတ်မှုများနှင့်အတူ ပို၍ မှန်မှန်ကန်ကန်ဖွံ့ဖြိုးလာစေရန်လည်း လုပ်ဆောင် ဖို့လိုအပ်ပါသည်။ မူဝါဒသတ်မှတ်ချက်များအတိုင်း ကားသစ် Industry ပိုမိုပီပြင်လာစေပြီး အရည်အသွေးနိမ့်သည့်ကား၊ လုံခြုံမှုပိုင်း ညံ့ဖျင်းသည့် ကား၊ ရေရှည်မခံသည့် အစိတ်အပိုင်းများ အသုံးပြုထားသည့်ကားများ၊ အခြားနိုင်ငံများတွင် အသုံးပြုနေသည်ထက် ပိုမိုနိမ့်ကျသည့်ကားများကို စျေးကြီးကြီးဖြင့် ရောင်းချခြင်းမျိုးကဲ့သို့သော အကြောင်းအရာများ မဖြစ်ပေါ်စေရန် စည်းမျဉ်း၊ စည်းကမ်းနည်းဥပဒေများဖြင့် ပုံမှန်စစ်ဆေး ကြပ်မတ်မှသာ ပြည်တွင်းတပ်ဆင်ထုတ်လုပ်ခြင်းစနစ်မှတစ်ဆင့် ပိုမိုဖွံ့ဖြိုး တိုးတက်သည့် ကုန်ထုတ်လုပ်ငန်းဆီသို့ ကူးပြောင်းနိုင်မည် ဖြစ်ပါသည်။

လက်ရှိကာလတွင် ပြည်တွင်းရှိ ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံ များ ယခုထက်ပို၍ နည်းပညာအမှန်တကယ် တိုးတက်ရရှိစေဖို့ လိုအပ်ပြီး ရေရှည်ယုံကြည်ရသည့် ကားအမှတ်တံဆိပ်များ ပေါ်ပေါက်စေရန် အစိုးရ ပိုင်းမှ တည်ငြိမ်သည့် မူဝါဒများဖော်ဆောင် ကူညီပေးရန်လည်း လိုအပ်နေပါသည်။ ထို့အတူ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပိုမို ရရှိရန် အရေးတကြီး လိုအပ်နေသည့်ကာလလည်းဖြစ်ရာ ထိုကဲ့သို့သော ကာလမျိုးတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု လျော့ ကျစေမည့် မူဝါဒများကို ရှောင်ရှားဖို့ လိုအပ်သကဲ့သို့ ရေရှည်ခိုင်မာမည့် မူဝါဒများမဟုတ်ဘဲ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သည့် မူဝါဒ၊ လက်ပူတိုက် သည့် မူဝါဒများ၊ စက်မှုဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည့် မူဝါဒများ မချမှတ်မိ ရန်လည်း အထူးလိုအပ်မည်ဖြစ်သည်။

ထို့ပြင် မိမိနိုင်ငံအပေါ် အခွန်ပေးဆောင်စီးနင်းသည့် အခွန်ယဉ် ကျေးမှုကို နိုင်ငံသားတိုင်း နားလည်ကျင့်သုံးလာစေရန်အတွက် ပြည်တွင်း တွင် ထုတ်လုပ်သည့်ယာဉ်များအနေဖြင့် စျေးနှုန်းမှန်ကန်ပြီး အရည်အသွေး မြင့်မားမှုရှိရန်လိုမည် ဖြစ်ပြီး Without ကားစီးနင်းမှုများကိုပင် အတိုင်း အတာတစ်ခုအထိ ပပျောက်စေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း မော်တော်ယာဉ်များ အရည်အသွေး မြင့်မားလာစေရန်၊ စျေးနှုန်းမျှတမှု ရှိစေရန်တို့ကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာ ပုံမှန်စိစစ်၍ လိုအပ်သည့် မူဝါဒများ ထုတ်ပြန်ခြင်း၊ လိုက်နာနိုင်ခြင်းမရှိသည့် ကားလုပ်ငန်းများကို ထိရောက်သည့် အရေးယူများပြုလုပ်ခြင်းတို့ဖြင့် မြန်မာ့ကားလောကအုတ်မြစ်ကို အခြေခိုင်ခိုင် တည်ဆောက်ဖို့လိုနေပြီဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

ယခု ၂ဝ၂ဝ ပြည့်နှစ် နှစ်စပိုင်းမှသည် ကားစျေးကွက် မကြာခဏ အေးစက်ခြင်း၊ ကားနှင့် အသက်မွေးဝမ်းကျောင်းသူများမှ မူဝါဒကြောင့် ရောင်းချမှုများ မပြုလုပ်ဘဲ စောင့်ကြည့်ခြင်း၊ အဝယ်များ အဆင်းနည်းခြင်း၊ အခြေအနေ အရပ်ရပ်ကြောင့် အရံှုးခံရောင်းချရခြင်းများသည် စျေးကွက် စီးပွားရေးစနစ်တွင် အပြိုင်အဆိုင်လျှောက်လှမ်းနေသည့် ကားလုပ်ငန်းများ အပေါ် ထိခိုက်စေသည့်အပြင် နိုင်ငံအပေါ် အခွန်လျော့ကျ နစ်နာမှုများ လည်းရှိသဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုအပေါ် မထောက်ပံ့နိုင်သည့် ယိုင်နဲ့နဲ့ ဒေါက်တိုင်သာ ဖြစ်စေမည် ဖြစ်သည်။ ထိုစီးပွားရေးရပ်ဝန်းတွင် ရပ်တည် နေကြသူများသည်လည်း အခြားစီးပွားရေးလုပ်ငန်းများဆီ ပြောင်းရွေ့ လုပ်ကိုင်ကြရမည်ဖြစ်ရာ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး အခင်းအကျင်းတစ်ရပ်သည်လည်း ပျောက်ကွယ်စေမည်ဖြစ်၍ အဆုံးသတ်တွင် နိုင်ငံတော်သည်သာ နစ်နာပြီး ပြည်သူများလည်း ပြောင်းလဲ တိုးတက်မှု၏ ရလဒ်ကိုမခံစားရဘဲ ဒုံရင်းသာလျှင် ဖြစ်စေနိုင်ပါသည်။

အစိုးရအနေဖြင့် စီးပွားရေးသမားများ သမာသမတ်ကျကျ စီးပွားရေး လုပ်ကိုင်စေရန်၊ ပြည်တွင်းပြည်ပမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများ အဆင် ပြေပြေလုပ်ကိုင်နိုင်ရန် မျှတသည့် အခွင့်အလမ်းများ ပိုမိုဖန်တီးရမည်ဖြစ်ပြီး မူဝါဒဟာကွက်များကိုလည်း ရှုမြင်နိုင်ဖို့ လိုပါသည်။ သာဓကအဖြစ်ဆိုရလျှင် ဦးသိန်းစိန် အစိုးရလက်ထက်က ကားဟောင်းအပ်စလစ်ဖြင့် ကားတင် သွင်းခွင့် စတင်ခွင့်ပြုခဲ့ရာတွင် သမာသမတ်မရှိသည့် စီးပွားရေးသမား အချို့သည် မူဝါဒလက်တစ်လုံးခြားဖြင့် ပြည်ပမှ တိုက်ကြေကားများ တင် သွင်းခဲ့ကြခြင်းမျိုးအထိပင် ရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် မူဝါဒဟာကွက်များ မရှိစေရန်နှင့် ချမှတ်ထားသည့် ကားသစ်မူဝါဒ ပန်းတိုင်ကို ခိုင်မာရန် ပိုမိုတည်ဆောက်ဖို့လိုပြီး ထိုမှတစ်ဆင့် ထုတ်လုပ် တင်ပို့နိုင်သည်အထိ သတ်မှတ်ကာလတစ်ခုအတွင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိစေရန် ထိန်းကျောင်း လုပ်ဆောင်သင့်ပါသည်။

ယခုတွင်မူ အစိုးရအဆက်ဆက် မူဝါဒရိုက်ခတ်မှုများကြောင့် အကြိမ် ကြိမ် နှောင့်နှေးခဲ့သည့် မြန်မာ့ကားလောကသည် လက်ရှိတွင်လည်း အထူး ပါမစ် ဆိုင်းငံ့ကာလကို ငံ့လင့်ရင်း ဖွံ့ဖြိုးဝေဆာသည့် ကားလောက အနာ ဂတ်သို့ ရှေ့ဆက်လှမ်းရမည်လော၊ နိုင်ငံ့အခွန်များစွာ နစ်နာစေပြီး မူဝါဒ ရှေ့နောက်မညီခြင်းများကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုယုတ်လျော့ကာ ကြွေလွင့်တော့မည့် ကားလောကအနာဂတ်တစ်ခု အဖြစ်သို့ ရောက်ရှိတော့မည်လော ဆိုသည်မှာ မူဝါဒချမှတ်သူတို့၏ ကျယ်ပြန့်သည့် အမြော်အမြင်များအပေါ်တွင်သာ မူတည်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here