ဝယ်လက်များ တက်စျေးနှင့် အမိမခံလိုဘဲ စျေးပြန်ကျမည့်အချိန်ကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်အေးနေသည့် ကားစျေးကွက်

1252

ဒေါ်လာစျေးများ ဆက်လက်မြင့်တက်နေပြီး ဂျပန်လေလံစျေးများလည်း မြင့်တက်နေ၍ ပြည်တွင်းကားစျေးကွက်တွင် တက်စျေးနှင့် ရောင်းနေရ သည့်အတွက် အရောင်းအဝယ် အေးသွားကြောင်း သိရသည်။ ကားတင်သွင်းသူများအနေဖြင့်လည်း အရောင်းအဝယ်ဖြစ်ရေးထက် နောက်ကားတစ်စီးပြန်ဝယ်လျှင် တက်စျေးနှင့် မိသွားမည့်အခြေအနေကို ချင့်ချိန်နေကြသည်။ ကားစျေးကွက်အတွင်း အရောင်းအဝယ်အေးစက်နေသော်လည်း ဒေါ်လာစျေးနှင့် ဂျပန်လေလံစျေးမှာ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေသည့်အတွက် ကားအသစ်တင်သွင်းမည်ဆိုပါက ရန်ကုန် အရောက် ကားတန်ဖိုးများမှာ ယခင်စျေးများထက် ပိုများသွားခဲ့သည်။ ကားစျေးများ မြင့်တက်သွားသည့်အတွက် စတိနံပါတ်ကားများမှာအရောင်းအဝယ်အေးနေပြီး နံပါတ်ထွက်ပြီးသား ကားများသာ အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ကားအရောင်းစင်တာများနှင့် ယာဉ်ရောင်းဝယ် ရေးစခန်းများတွင်ကိုင်ထားသည့်ကားများကိုလည်းစျေးလျှော့ရောင်း၍မရသဖြင့်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအပေါ်မူတည်ကာ အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။

 

”ကားစျေးကွက်အခြေအနေကတက်စျေးအတိုင်းလိုက်တက်ပြီးရောင်းနေရလို့ဝယ်မယ့်သူမရှိဘူးဖြစ်နေတယ်၊ စျေးကိုရသလောက်ခေါ်ပြီး တင်းခံထားကြတယ်၊ ဒါပေမဲ့အခြေအနေအပေါ်မူတည်ပြီးတော့လည်း အမြတ်နည်းနည်းနဲ့ အရောင်းအဝယ်ဖြစ်အောင် လုပ်ရတာတွေရှိတယ်၊ သိန်း ၁၅ဝ နဲ့ သိန်းနှစ်ရာကြား ကားတွေကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်၊ စျေးတွေမြင့်တက်နေတဲ့အချိန်မှာ တက်စျေးအတိုင်း လိုက်ပြီးရောင်းရင် အရောင်းအဝယ်ဖြစ်တာ နည်းတယ်၊ ကားလာဝယ်တဲ့သူကလည်း အရင် စျေးတွေအတိုင်းပဲပေးချင်ကြတယ်၊ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာလည်း ဒီရက်ပိုင်း အဝယ်မလာသလောက်ပဲ၊ တကယ် ကားလိုအပ်တဲ့သူတွေ လက်ထဲမှာလည်း ကားတွေက ပြည့်သလောက်ဖြစ်နေပြီ၊ ဝယ်လိုအားမရှိတဲ့ အချိန်မှာ ကားစျေးက တက်စျေးနဲ့ငြိမ်နေတဲ့အတွက် အရောင်းအဝယ်လုပ်ရတာခက်ပါတယ်၊ အဝယ်တွေလာပေမဲ့ မဖြစ်နိုင်တဲ့စျေးကိုပေးပြီး ပြန်သွားကြတယ်၊ ဒေါ်လာစျေးနဲ့လေလံစျေးလည်း တက်နေတော့ ဘယ်သူမှ လေလံမဆွဲကြဘူး၊ ဒေါ်လာစျေးမတက်ခင် လေလံဆွဲထားတဲ့ကားကို အခုအချိန်မှာ စျေးလျှော့ပြီး ရောင်းလို့ရပေမဲ့ ဒီကားအမျိုးအစားကိုပဲ အခုအချိန်မှာပြန်ဝယ်မယ်ဆိုရင် အရင်စျေးနဲ့ ဝယ်လို့မရတဲ့အတွက်ရှိတဲ့ ကားတွေကို အရင်စျေးနဲ့ မရောင်းရဲဘူး၊ အရှုံးခံပြီး ရောင်းမှ အရောင်းအဝယ်ဖြစ်မယ့် အနေအထားမျိုးဖြစ်နေတယ်”ဟု ကားဝယ်/ရောင်း ကိုဝင်းနိုင်က ဆိုသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လူပုဂ္ဂိုလ်တစ်ဦးချင်းတင်သွင်းသည့် စလစ်ကပ်ကားများကို ပုံမှန်သက်တမ်းသုံးလအပြင် ပထမအကြိမ် နှစ်လနှင့် ဒုတိယအကြိမ်တစ်လ သက်တမ်းတိုးခွင့်ပေးမည် ဖြစ်သောကြောင့် အချိန်တစ်ခုရသွားပြီး စလစ်ဝယ်လိုအားလည်း အနည်းငယ် ကျဆင်းသွားခဲ့သည်။ မူဝါဒအသစ်ထွက်ပေါ်ပြီး တစ်ပတ်အတွင်း စလစ်စျေး ကျပ်သိန်း ၁၄ဝ ကျော်အထိ မြင့်တက်သွားခဲ့သော်လည်း ဝယ်လိုအားနည်းသွားခြင်းကြောင့် ကျပ် ၁၃၅ သိန်း ကျော်ကို ပြန်လည်ကျဆင်းသွားခဲ့သည်။ ကားစျေးကွက်အခြေအနေသည် စလစ်စျေးအပေါ်လည်း မူတည်နေရာ စလစ်စျေးများ ပုံမှန်အတိုင်းသာရှိနေပါက ကားစျေးများသည် အတိုင်းအတာတစ်ခုတွင် ငြိမ်သက်သွားနိုင်ကြောင်း ကားတင်သွင်းသူများက ဆိုသည်။

 

” Consignment ဖရီးပါမစ်တွေကို ပါမစ်လျှောက်ဖို့ သက်တမ်းတိုးကာလ ပေးလိုက်ပေမဲ့လည်း အားသာချက်၊ အားနည်းချက်မရှိပါဘူး၊ ဒီရက်ပိုင်းမှာ စလစ်ကိုင်ထားတဲ့ လက်ကြီးသမားတွေက ထုတ်ရောင်းလာကြတဲ့အတွက် စလစ်စျေးကတော့ ပြန်ကျသွားပေမဲ့ ၁၃၅ သိန်းဝန်းကျင်မှာ ငြိမ်နေတယ်၊ စလစ်စျေး ဒီထက်ထပ်ကျရအောင်လည်း အပ်ကားမရှိဘူး၊ အပ်ကားတွေများရင်တော့ စျေးကတော့ ထပ်ကျသွားမှာပါ၊ တစ်ဦးချင်းတင်သွင်းမယ့် စလစ်ကပ်ကားတွေကို ပါမစ်သက်တမ်း တိုးပေးလိုက်တဲ့ အတွက်လည်း စလစ်တွေကို လက်ထဲမှာ သိပ်မကိုင်ထားကြတော့ဘူး၊ ပါမစ်သက်တမ်း တိုးပေးလိုက်တဲ့အတွက်စလစ်အဝယ်လိုက်နေတဲ့အခြေအနေကတော့တန့်သွားတယ်၊အဝယ်နည်းသွားလို့ စျေးတန့်သွားတဲ့သဘော ဖြစ်ပါတယ်၊ ဒီရက်ပိုင်းမှာ ကားစျေးအတက်အကျတော့ ပြောင်းလဲမှုမရှိပါ ဘူး”ဟု ‘ RIXS Group ‘ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူကဆိုသည်။

 

စျေးကွက်အတွင်း တက်စျေးအတိုင်း ခေါ်ရောင်းပါက အရောင်းအဝယ်မဖြစ်ဘဲ ပုံမှန်စျေးကို အနည်းငယ်ချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများကိုလည်း အပြင်ဝယ်လက်ထက် ဝယ်/ရောင်းအချင်းချင်းသာ ပြန်ဝယ်ကြသဖြင့် စျေးကွက် အီသွားကြောင်း သိရသည်။ အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင်ပေါက်စျေးဖြင့်သာ စျေးဆစ်ပြီးဝယ်ယူကြသဖြင့် စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့၌ အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။ ဝယ်/ရောင်းများကလည်း လက်ထဲတွင်ရှိသောကားကို စျေးလျှော့ပြီး ရောင်းပါက နောက်တစ်စီးပြန်ရှာရာတွင် တက်စျေးဖြင့် ဝယ်ရမည်ဖြစ်သောကြောင့် ကြိုက်စျေးမရလျှင် မရောင်းဘဲတင်းခံနေကြသဖြင့် အရောင်းအဝယ်အဖြစ်နည်းသွားခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများက ဆိုသည်။

 

”အရောင်းအဝယ်က အရမ်းကြီးအေးနေတာတော့ မဟုတ်ပါဘူး၊ အရောင်းအဝယ်ဖြစ်တာလေးတွေ ရှိပါတယ်၊ အိမ်စီးသမားကလည်း ကိုယ့်လက်ထဲမှာ တစ်စီးပဲရှိလို့ ကိုယ်ကားကိုပြန်ရောင်းပြီး နောက်တစ်စီးပြန်ဝယ်မယ်ဆိုရင်လည်း ပြန်ဝယ်ရတာ ခက်တယ်၊ ရောင်းတဲ့သူကလည်း စျေးကို မြင့်ပြီးခေါ်တယ်၊ ဒါကြောင့် ဝယ်တဲ့သူကလည်း ကားစျေးတွေဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေတော့ အရောင်းအဝယ်ဖြစ်တာ နည်းသွားတယ်၊ ပါမစ်သက်တမ်းတိုးပေးလိုက်တာ ဘာထူးခြားသွားလဲဆိုတော့ ဝယ်/ရောင်းတွေက ကားသွင်းတာ နည်းသွားတယ်၊ လေလံအပြိုင်မဆွဲကြ ဘူး၊ စလစ်စျေးမတက်တာတစ်ခုပဲ ထူးခြားသွားတယ်၊ ဒါပေမဲ့ စျေးကွက်ထဲမှာ တချို့က ဖြစ်သင့်တဲ့စျေးထက် စျေးတွေကိုဆွဲတင်ပြီး ရောင်းနေတာ သဘာဝမကျပါဘူး၊ ကားတစ်စီးကို ထိုက်သင့်တဲ့စျေးခေါ်ပြီး ရောင်းရင်တော့ အရောင်းအဝယ်ဖြစ်မှာပါ၊ မဖြစ်နိုင်တဲ့စျေးတွေခေါ်ပြီး ရောင်းမယ်ဆိုရင်တော့ အရောင်းအဝယ်ဖြစ်လာမှာမဟုတ်ပါဘူး”ဟု ကားဝယ်/ရောင်း ကိုသောမတ်ကိုကိုက ဆိုသည်။

 

စျေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့် အသစ်တင်သွင်းထားသည့် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ရောင်းကားများ နည်းသွားသလို ကားအရောင်းစင် တာများတွင်ရှိသော Gonda Fit GK3 ၊ Honda Fit Shuttle စသည့်ကားများကိုလည်း ကျပ်သိန်းသုံးရာဝန်းကျင်အထိ ခေါ်ရောင်းနေကြသဖြင့် ပြည် တွင်း၌ CKD ၊ SKD စနစ်ဖြင့်ထုတ်လုပ်သော ရန်ကုန်လိုင်စင်အမည်ပေါက် Suzuki Ciaz ၊ Suzuki Ertiga နှင့် Nissan Sunny တို့မှာ ပစ္စည်းပြတ်သည်အထိ ဝယ်လိုအားမြင့်တက်နေကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပြီး နောက်ပိုင်းတွင် မိုင်ကုန်မြင့်တက်သွားသော ကားစျေးများမှာလည်းတက်စျေးဖြင့်အရောင်းအဝယ်အဖြစ် နည်းသောကြောင့် စျေးကွက်ပြန်လည်  ငြိမ်သက်သွားခဲ့သည်။

 

”ကားစျေးကွက် အရောင်းအဝယ်နည်းနည်းအေးတယ်၊ ကားစျေးက အရင်တက်ခဲ့တဲ့စျေးအတိုင်းပဲ တက်စျေးနဲ့ ငြိမ်နေတယ်၊ စလစ်ကပ်ကား တွေနဲ့ နံပါတ်ထွက်ပြီးသားကားလေးတွေလည်း နည်းနည်းလေး ပြန်အေး သွားတယ်၊ အပြင်အဝယ်က နည်းတယ်၊ ဝယ်/ရောင်းအချင်းချင်းပဲ ပြန် ဝယ်တာများတယ်၊ ကားစျေးကွက်က အမြဲတမ်းကောင်းနေတာတော့ မဟုတ်ဘူး၊ တစ်လလောက် အေးပြီး နှစ်လလောက်ပြန်ကောင်းလိုက်ပေါ့၊ ပါမစ်သက်တမ်း တိုးပေးလိုက်တဲ့အတွက်လည်း ဘယ်သူမှအလောတကြီး မသွင်းကြတော့လို့ စလစ်စျေးလည်း ပြန်ကျလာတယ်၊ နောက်တစ်ခုက ပြည်တွင်းမှာ CKD ၊ SKD စနစ်နဲ့ထုတ်တဲ့ Suzuki Ciaz ၊ Suzuki Ertiga နဲ့ Nissan Sunny ကားတွေကို အရစ်ကျရောင်းပေးတဲ့အတွက်လည်း Brand New ဘက်ကို အာရုံရောက်သွားတာလည်း ပါတယ်၊ ဒါကြောင့် CKD ၊ SKD ကားတွေကို လိုအပ်တဲ့ Demand အတိုင်း ထုတ်လုပ်ပေးနိုင် မယ်ဆိုရင် ကားစျေးက အတိုင်းအတာတစ်ခုမှာ တည်ငြိမ်သွားမှာပါ”ဟု ‘ Bagan Automotive Car Sales Center’ မန်နေဂျင်းဒါရိုက်တာ ကို ရန်မျိုးအောင်က ဆိုသည်။

 

ယခုနှစ်အတွက် ပါမစ်နောက်ဆုံးထားလျှောက်ရမည့်ရက်များကို ကြေညာလိုက်ခြင်းနှင့် ယခင်နှစ်များကဲ့သို့ တစ်ဦးချင်းစလစ်ကပ်တင်သွင်းမည့်ကားများကို ပါမစ်သက်တမ်းတိုးခွင့် ပေးမည်ဖြစ်သောကြောင့် စလစ်စျေးများ အနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့သည်။ ယခုတစ်ပတ်အတွင်း သက်တမ်း နှစ်နှစ်ဆယ်စလစ်သည် ကျပ် ၁၃၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁၂၅ သိန်းဝန်းကျင်ပေါက်စျေးရှိကြောင်း ကား စျေးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here