ဝန်ထမ်းပါမစ်အစီအစဉ်ဆိုင်းငံ့လိုက်၍ ကားစျေးကွက် အရောင်းအဝယ် ပြန်လည်လှုပ်ခတ်လာ

343
Page(Test)

ဇန်နဝါရီ ၃၁ ရက်က သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ခွင့်ပြုပေးမည့် ကားပါမစ်အစီအစဉ်နှင့် ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှုများမြင့် တက်နေသောကြောင့် ထိုအစီအစဉ်ကို ဆိုင်းငံ့ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံ ညွန်ကြားထားကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂ ရက်က ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများ မော်တော်ယာဉ် ရောင်းချပေးရေးအစီအစဉ်ကို ကြေညာခဲ့ရာတွင် ကားအရောင်း အဝယ် စျေးကွက်တစ်ခုလုံး ရိုက်ခတ်သွားပြီး ကားအရောင်းအဝယ်များလည်း ရပ်တန့်သွားခဲ့သည်။ သို့သော် ဆိုင်းငံ့သတင်းကြေညာပြီးနောက်တွင် အ ရောင်းအဝယ် ပြန်လည်လှုပ်ခတ်လာကြောင်း သိရသည်။ စျေးကွက်အကြိုက် ညာမောင်းကားများ အဝယ်ပြန်လိုက်လာသလို ပြည်တွင်းထုတ် SKD ကားများနှင့် ပြည်ပမှ တင်သွင်းသည့် Brand New ကားများလည်း စျေးကွက်ပြန်လည်လှုပ်ခတ်လာသည်။

‘‘ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေကို အခွန်သက်သာခွင့်နဲ့ ပေးမယ့် ပါမစ်အစီအစဉ် ဆိုင်းငံ့ထားတယ်လို့ ပြောကြားထားပေမဲ့ လုံးဝရပ်ဆိုင်းလိုက်တာ မဟုတ်တဲ့အတွက် ဒီပါမစ်ကို စောင့်တ့ဲသူက စောင့်နေတုန်းပါပဲ၊ ကားကိုတကယ်လိုအပ်နေတဲ့သူတွေကျတော့လည်း မသေချာမရေရာတဲ့ကိစ္စဆိုပြီး ဆက်မစောင့်တော့ဘဲ ဝယ်လာကြတာတွေ လည်း ရှိပါတယ်၊ စျေးကွက်ပြန်ပြီး လှုပ်ခတ်လာပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ကလောက်တော့ မရောင်းရပါဘူး၊ နယ်အဝယ်တွေဆိုရင်လည်း ဖုန်းဆက် မေးတာလောက်ပဲ ရှိပါတယ်၊ မိတ်ဆွေဝန်ထမ်းတချို့ဆိုရင် ပါမစ်ရဖို့ အတွက် ဖောင်တင်ဖို့ လုပ်နေတာတွေလည်း တွေ့ရပြီး တချို့ဆိုရင် ဘယ်ကားသွင်းရမလဲ၊ ဘယ်လိုသွင်းရင် လွယ်ကူမလဲဆိုတာတွေကို မေး နေကြဆဲ ဖြစ်ပါတယ်’’ဟု United Eleven ကားအရောင်းစင်တာ’မှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို အခွန်သက်သာခွင့်ဖြင့် ခွင့်ပြုပေးမည်ဆိုထားသည့် ကားပါမစ်အစီအစဉ်ကို ဆိုင်းငံ့လိုက်ခြင်းကြောင့် ကားသစ်ရော ကားဟောင်းစျေးကွက်ပါ ပြန်လည်လှုပ်ခတ်လာသည်။ ကားစျေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှာ ဝယ်လိုအားပြန်လိုက်လာကာ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၅ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(မှန်မည်း)ကို ကျပ် ၁၉၅ သိန်းဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။ အမြင့်ကားထဲမှ Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၂ဝ ဝန်းကျင်၊Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၃ဝ ဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၅၁ဝ ဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၆ဝ ဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၆၆ဝ ဝန်းကျင်ပေါက်စျေးရှိကြောင်း သိရသည်။

‘‘ဝန်ထမ်းတွေကို အခွန်သက်သာခွင့်နဲ့ ကားပါမစ်ပေးမယ်လို့ ကြေညာတဲ့အချိန်က ကားစျေးကွက်တစ်ခုလုံး ပျက်လုနီးပါး ဖြစ်သွားပါတယ်၊ ကားအရောင်းစင်တာ၊ ကားအရောင်းပြခန်းတွေမှာ အဝယ်မရှိတော့သ လောက်ဖြစ်သွားတာကို တွေ့ရသလို ကားဟောင်းစျေးကွက်မှာလည်း အဝယ်မဆင်းတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်၊ အဝယ်မဆင်းတဲ့အတွက် စျေးချရောင်းတဲ့သူတွေတောင် ရှိခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ဆိုင်းငံ့သတင်းထွက်ပြီးတဲ့နောက်မှာ ကားစျေးကွက် ပြန်လှုပ်လာပြီး ကားသစ်ရောကားဟောင်းပါ အဝယ်ပြန်ဆင်းတာ တွေ့ရပါတယ်၊ တချို့စျေးချရောင်းထားတဲ့ကားတွေလည်း အရင်စျေးကို ပြန်ခေါ်ရောင်းလာကြတာ တွေ့ရပါတယ်’’ဟု ‘Aung Gabar Motor Service ’မှ အ ရောင်းကိုယ်စားလှယ်တာဝန်ခံ ကိုငယ်က ဆိုသည်။

အခွန်သက်သာခွင့်ဖြင့် ဝန်ထမ်းများအား တင်သွင်းခွင့်ပေးမည့် ကား ပါမစ်အစီအစဉ် ဆိုင်းငံ့ခြင်းသာဖြစ်ပြီး လုံးဝရပ်ဆိုင်း/ဖျက်သိမ်းလိုက် ခြင်းမျိုး မဟုတ်သေးသည့်အတွက် ကားစျေးကွက်အခြေအနေများက မျှော်လင့်ထားသလောက် အရောင်းအဝယ် မဖြစ်သေးကြောင်း ကားလုပ် ငန်းရှင်များက ပြောသည်။ ထို့ပြင် ပါမစ်ဂယက်မငြိမ်သေးသောကြောင့် စျေးကျသွားခဲ့သည့် ယာဉ်အို၊ယာဉ်ဟောင်းကားများမှာ အကျစျေးနှင့်သာ ဆက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

‘‘လုပ်သက် ၂၅ နှစ်နဲ့အထက် ဝန်ထမ်းတွေအတွက် ပါမစ်တွေ မပေးခင်က အရောင်းအဝယ်စျေးကွက်က ပုံမှန်ဖြစ်နေပါတယ်၊ ဒီပါမစ် တွေကို ပေးမယ်ဆိုတဲ့ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ကားစျေးကွက် အတော်လေးကျသွားပါတယ်၊ ပါမစ်ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကြား မှာ ဝေဖန်မှုတွေရှိနေလို့ ဆိုင်းငံ့မှုလုပ်လိုက်ချိန်မှာတော့ အရောင်းအဝယ် ပြန်ဖြစ်လာပြီး နယ်အဝယ်တွေလည်း ဆင်းလာပါတယ်၊ ကားစီးဖို့တကယ် အသုံးလိုတဲ့သူတွေကတော့ ဒီပါမစ်ကို စောင့်ဆိုင်းမနေတော့ဘဲ ဝယ်စီး လာကြပါတယ်’’ဟု တစ်နိုင်တစ်ပိုင်ကားဝယ်/ရောင်း ဦးအေးေကျာ်က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here