ဝင်ငွေခွန်နှုန်းထားများ ပြောင်းလဲကောက်ခံမှုအပေါ်အတည်ပြုရန်အတွက် အခွန်ဥပဒေမူကြမ်းပါ အချက်များကို ဆွေးနွေးမှုများ ပြုလုပ်မည်

842

ရန်ကုန်၊ ဖေဖော်ဝါရီ
လာမည့် Budget Year အတွက် ဝင်ငွေခွန်နှုန်းထားများ ပြောင်းလဲကောက် ခံမှုအပေါ် အတည်ပြုရန်အတွက် အခွန်ဥပဒေမူကြမ်းပါ အချက်များကို ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ မူကြမ်းပါ အချက်များ အတည်ပြုနိုင်ရေးအတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဥပဒေကြမ်းကော်မတီ၊ ကားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဥပဒေမူကြမ်း ကို အတည်ပြုနိုင်ရေးအတွက်လည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးတင်ပြမည်ဖြစ်ကြောင်း သိရသည်။

”ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြု တင်သွင်းခဲ့ပြီးပါပြီ၊ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထပ်မံ ဆွေးနွေးကြဖို့ ရှိပါတယ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရတာနဲ့ နိုင်ငံပိုင် သတင်းစာတွေကနေ တစ်ဆင့် ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂ဝ၁၈-၂ဝ၁၉ Budget Year အတွက် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ကားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မော်တော်ယာဉ်တင်သွင်းခြင်းအတွက် သတ်မှတ်ထားသည့် အထူးကုန်စည်ခွန်ကို လက်ရှိ Budget Year အတိုင်း ကောက်ခံမည်ဖြစ်ပြီး ငွေဖြူမပြနိုင်ဘဲ မော်တော်ယာဉ်ပိုင်ဆိုင်မှုအတွက် ဝင်ငွေခွန်စည်းကြပ်မှုကို ပြည်ထောင်စု လွှတ်တော် ၏ အတည်ပြုချက်ရရှိမှသာ တရားဝင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

”အခွန်အကောက်ဥပဒေမူကြမ်းမှာ စည်းကြပ်မှုလွတ်ကင်းနေတဲ့ ဝင်ငွေကို အခွန်စည်းကြပ်တဲ့အခါ ပထမခြောက်လအတွင်းမှာ ၃ ရာခိုင်နှုန်း၊ နောက်ခြောက်လမှာ ၅ ရာခိုင်နှုန်း ကောက်ခံမယ်ဆိုတာ သင့်တော်တဲ့ နှုန်းထားတစ်ခု ဖြစ်ပါတယ်၊ အိမ်၊ ခြံ ၊မြေ၊ ကား ပိုင်ဆိုင်ထားပေမဲ့ ကောက်ခံတဲ့အခွန်တွေများလို့ အမည်ပြောင်း မပြုလုပ် နိုင်သူတွေအတွက်လည်း အခွန်တွေ လျော့သွားမယ်ဆိုရင် ပေးဆောင်ကြတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် အခွန်ငွေတွေ ပိုမိုရရှိမှာ ဖြစ်ပါတယ်”ဟု ‘ MAMDA အသင်း’ အထွေထွေ အတွင်းရေးမှူး ကိုမျိုးဇင်ဝင်းက ဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်က အခွန်အကောက်ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၌ အဆို တင်သွင်းခဲ့သလို အတည်ပြုနိုင်ရေးအတွက်လည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဥပဒေမူကြမ်းတွင် ဝင်ငွေခွန် လျှော့ချကောက်ခံမှုအပေါ် လုပ်ငန်းရှင်အများစုက လက်ခံထားသော်လည်း ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးမှသာ အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here