လျှပ်စစ်စွမ်းအင်သုံး စွမ်းဆောင်ရည်မြင့် ပြိုင်ကား 2019 NIO EP9

1066

 

၂ဝ၁၄ ခုနှစ်က တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့မှာ တည်ထောင်ခဲ့တဲ့ Nio ကားကုမ္ပဏီဟာ လျှပ်စစ်ကားတွေနဲ့ Self-Driving နည်းပညာကို ဖန်တီးထုတ်လုပ်သူအဖြစ် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပါတယ်။ Nio ဟာ ခေတ်ရှေ့ပြေး Autonomous Concept ကားလေး Eve ၊ Nio 003 Racer နဲ့ ခုနစ်ယောက်စီး လျှပ်စစ်စွမ်းအင်သုံး စွမ်းဆောင်ရည်မြင့် SUV ကား ES8 တို့ကို ဖန်တီးတည်ဆောက်ခဲ့တာကြောင့် လူသိများပါတယ်။ အဲဒီထက် ပိုပြီးလူသိများတာကတော့ လျှပ်စစ်စွမ်းအင်သုံး စွမ်းဆောင်ရည်မြင့် ပြိုင်ကားမိုဒယ် EP9 ကို ဒီဇိုင်းထွင်ဖန်တီးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

တံခါးနှစ်ပေါက်နဲ့ ဒီဇိုင်းဆန်း နှစ်ယောက်စီး ပြိုင်ကားလေး EP9 ဟာ ခပ်ဝပ်ဝပ်နဲ့ ဗြက်ကျယ်ကျယ် ကိုယ်ထည်အနေအထား၊ အရွယ်အစား ကြီးမားပြန့်ကားတဲ့ ကားဘီးခုံးတွေနဲ့ ခေတ်သစ်ဟိုက်ပါပြိုင်ကား တစ်စီးအသွင်ကို အပြည့်အဝရယူထားပြီး ခေတ်ရှေ့ ပြေးနေတဲ့ ပြိုင်ကားဒီဇိုင်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဆန်းသစ်သလောက် ခံ့ညားတင့်တယ်လှတဲ့ EP9 ဟာ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် တချို့မှာ တွေ့မြင်ရတဲ့ ခပ်ဆန်းဆန်းကားမျိုး တွေနဲ့တောင် ဆင်တူပါတယ်။ Nio ဟာ EP9 ကားသစ်ကို မြေဝပ်အား ကောင်းပြီး လေစီးဆင်းမှုကောင်းမွန်အောင်တင်မက လေခွင်းအားကောင်းပြီး တရွတ်ဆွဲမှုနည်းပါးအောင်လည်း အထူးမွမ်းမံဖန်တီးထားပါတယ်။ ကိုယ်ထည်ပြားတွေကို ကာဗွန်ဗိုင်ဘာသားတွေနဲ့ချည်း ဖန်တီးတည်ဆောက်ထားတာကြောင့် ကိုယ်ထည်အလေးချိန်ကို ပေါ့ပါးစေပါတယ်။ ဒါ့ပြင် ကားရဲ့အရှိန်အဟုန် မြန်ဆန်သွက်လက်စေဖို့ ဖျတ်လတ်တဲ့ လေခွင်းအစိတ်အပိုင်းတွေကိုလည်း ထပ်တိုး တပ်ဆင်ပေးထားပါတယ်။ ထူးခြားအကောင်းမွန်ဆုံး လေခွင်းအစိတ်အပိုင်းတစ်ခုကတော့ ကားအနောက်ဘက်က လေပင့်အားထိန်း တောင်ပံကြီးဖြစ်ပြီး မြေဝပ်အား ပိုကောင်းစေတာ၊ ဒါမှမဟုတ် တရွတ်ဆွဲမှုပိုနည်းစေတာတို့လို မတူညီတဲ့ အနေအထား သုံးမျိုးကို ချိန်ညှိပြောင်းလဲနိုင်ပါတယ်။ အဲဒီအနေအထားသုံးမျိုးကတော့ Park ၊ Low Drag နဲ့ High Downforce တို့ပါပဲ။ ကားနောက်ပိုင်းက အရွယ်အစားကြီးမားတဲ့ Rear Flap ကို အောက်ခြေမှာရှိတဲ့ Rear Diffuser ရဲ့ အရှည်အတိုင်း ဖန်တီးထားပြီး Flat Undertray နဲ့ ကားအနောက်အလယ်ပိုင်းကနေ ကားမီးတွေနားအထိ ကွေ့ကောက်တက်သွားတဲ့ ခပ်ထူထူလိုင်းကြီးလည်း ပါဝင်ပါတယ်။ ကားရှေ့ မျက်နှာစာက အရွယ်အစားကြီးမားတဲ့ၤ Front Splitter ကိုလည်း ချိန်ညှိပြောင်းလဲနိုင်ပါတယ်။ ကြီးမားတဲ့ ကားဘီးခုံးတွေအောက်က ကားဘီးတွေကိုတော့ ၁၉ လက်မအရွယ်ကိုရော ၂၁ လက်မအရွယ်ကိုပါ ရရှိနိုင်ပါတယ်။ ကားအောက်ခံထည်ကိုလည်း ကာဗွန်ဖိုင်ဘာသားတွေနဲ့ တည်ဆောက်ထားပြီး အဲဒီလို ပေါင်းစပ်သတ္တု အသုံးပြုခြင်းကြောင့် ကားရဲ့ အလးချိန်ကို လျော့နည်းစေသလို သမားရိုးကျ သံမဏိအောက်ခံထည်တွေထက်စာရင် ကားကို ၇ဝ ရာခိုင်နှုန်း ပိုပေါ့ပါးစေပါတယ်။

လေးဘီးယက်စနစ်နဲ့ လျှပ်စစ်စွမ်းအင်သုံး ပြိုင်ကားသစ် Nio EP9 ရဲ့ ဘီးတစ်စီးစီမှာ လျှပ်စစ်မိုတာတစ်ခုစီ တပ်ဆင်ထားတာကြောင့် စုစုပေါင်း လျှပ်စစ်မိုတာ လေးခုပါပြီး မြင်းကောင်ရေ ၁,၃၄၁ ကောင်အား (တစ်မီဂါဝပ်) အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီလိုသီးခြားစီတပ်ဆင်ထားတဲ့ လျှပ်စစ်မိုတာတွေက ကားကို ကုပ်အား ကောင်းကောင်းရရှိစေပြီး လည်ပတ်အားကိုလည်း ပိုကောင်းစေတာကြောင့် အချိုးအကွေ့တွေမှာ လျင်မြန်ဖျတ်လတ်စေပါတယ်။ ထူးခြားချက်ကတော့ EP9 မှာ လျှစ်စစ်မိုတာ လေးခုကို ခွဲခြားတပ်ဆင်ထားသလို ဂီယာကလည်း လေးခု သီးခြားပါဝင်ပါ တယ်။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၉၅ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၇ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ ကားရဲ့ ဘက်ထရီကို အားအပြည့်သွင်းဖို့အတွက် အချိန် ၄၅ မိနစ်ပဲ ကြာမြင့်ပြီး အားအပြည့်သွင်းထားမယ်ဆိုရင် ၂၆၅ မိုင်နှုန်းအထိ မောင်းနှင်အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် ကားဘက်ထရီကို သင့်တင့်တဲ့ အပူချိန်မှာရှိနေစေမယ့် Cooling System ကောင်းကောင်းလည်း ပါဝင်ပါတယ်။ နှစ်ယောက်စီးကားအတွင်းခန်းကိုတော့ ကာဗွန်ဖိုင်ဘာသားတွေ အသုံးပြုပြီး ပြိုင်ပွဲဝင်ကားတစ်စီးအသွင် ဖန်တီးထားပါတယ်။

အဲဒီလို စွမ်းဆောင်ရည်မြင့် နှစ်ယောက်စီး ပြိုင်ကား Nio EP9 ကို ၂ဝ၁၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တစ်စီးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဈေးနဲ့ ၂၀၁၈ ခုနှစ်အထိ ခြောက်စီးတိတိ ရောင်းချခဲ့ပြီးပါပြီ။ Nio EP9 ဟာ ကားပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီး ပြိုင်ကွင်းမှာရော အများသုံး လမ်းမှာပါ အသုံးပြုမောင်းနှင်နိုင်ခဲ့ပါတယ်။ အဆင့်မြင့် စူပါပြိုင်ကားေ ဈးကွက်မှာ 2019 Nio EP9 နဲ့ အဓိကပြိုင်ဘက် ဖြစ်ခဲ့တာက Rimac Concept One နဲ့ Porsche 918 Spyder တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here