လျင်မြန်လွန်းတဲ့ ကျားသစ်တစ်​ကောင်လို့ တင်စားခံခဲ့ရတဲ့ Jaguar XE 2019

58

 

ဗြိတိန်ကားအမှတ်တံဆိပ်ဖြစ်တဲ့ Jaguar ဟာ တံခါးလေးပေါက် ဆလွန်းအမျိုးအစားမိုဒယ်တစ်ခုဖြစ်ပြီး ဗြိတိန်၊ တရုတ်၊ အိန္ဒိယ ကားစက်ရုံတွေမှာ တပ်ဆင်ထုတ်လုပ်ရောင်းချနေတဲ့ XE ဟာ Jaguar ရဲ့တန်ဖိုးကြီး ဇိမ်ခံဆလွန်းကားတစ်စီးလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။

စက်စွမ်းရည်

၂၀၁၉ မိုဒယ် Jaguar XE မှာ ဒီဇယ်နဲ့ ဓာတ်ဆီအင်ဂျင်ဆိုပြီး ရွေးချယ်ခွင့်နှစ်ခု ပေးထားတာကြောင့် ကြိုက်နှစ်သက်ရာကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ XE မိုဒယ်မှာ INGENIUM 2.0 Litre 4-Cylinder Turbocharged ဒီဇယ်အင်ဂျင်၊ INGENIUM 2.0 Litre 4-Cylinder Turbocharged ဓာတ်ဆီအင်ဂျင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်ခုစလုံးက မြင်းကောင်ရေ ၁၆၁ ကောင်အားကနေ ၂၉၆ ကောင်အားအထိ အမျိုးမျိုး ရှိပါတယ်။ ဒါ့ပြင် စွမ်းအင်ထုတ်လွှတ်မှုအမြင့်ဆုံးဗားရှင်းအဖြစ် မြင်းကောင်ရေ ၃၈၀ အားရှိတဲ့ 3.0 Litre V6 Supercharged ဓာတ်ဆီ အင်ဂျင်ကိုလည်း ရွေးချယ်ခွင့်ပြုထားပါတယ်။
နောက်ဘီးယက်နဲ့ လေးဘီးယက် နှစ်မျိုးစလုံးရနိုင်ပြီး ၅ ဒသမ ၇ စက္ကန့်အတွင်း သုညမိုင်ကနေ ၆၂ မိုင်နှုန်းအထိ အရှိန်မြှင့်တင်နိုင်သလို အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ပမာဏက တစ်နာရီ ၁၅၅ မိုင်နှုန်းဖြစ်တာကြောင့် ဆလွန်းကားမိုဒယ်တွေထဲမှာ လျင်မြန်တဲ့ကျားသစ်တစ်ကောင်လို့ တင်စား ခံနေရပါတယ်။ 8-Speed Automatic Transmission နဲ့ 6-Speed Manual ဖြစ်ပြီး ဆီစားနှုန်းသက်သာအောင် ဖန်တီးတည်ဆောက်ထားသလို လေထုညစ်ညမ်းမှု လျှော့ချနိုင်ဖို့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ အနည်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ XE ရဲ့ဆီစားနှုန်းက မြို့တွင်းလမ်းမ တစ်ဂါလန် ၂၅ မိုင်နှုန်း၊ အဝေးပြေးလမ်းမ တစ်ဂါလန် ၃၄ မိုင်နှုန်းဖြစ်ပြီး ပျမ်းမျှဆိုရင်တော့ တစ်ဂါလန် ၂၈ မိုင်နှုန်းဖြစ်ပါတယ်။

တည်ဆောက်ပုံ

မိခင်ကုမ္ပဏီ Jaguar Land Rover ရဲ့ နာမည်ကျော် D7a Platform ကို အခြေခံတည်ဆောက်ထားပြီး Multi-link Suspension ဆိုင်းထိန်းစနစ်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ပေါ့ပါးတဲ့ Lightweight Aluminium Architecture နဲ့ သံမဏိတွေကို အသုံးပြုထားတာကြောင့် ကားအလေးချိန်က ပေါင်သုံးထောင်စွန်းစွန်းပဲ ရှိပါတယ်။ အလူမီနီယမ်နဲ့ သံမဏိကို ပေါင်းစပ်တည်ဆောက်ထားတာကြောင့် ကားကပေါ့ပါးသလို ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း နည်းပါးစေတဲ့ အကျိုးကျေးဇူး ရရှိစေပါတယ်။
ကားရှေ့ပိုင်းရုပ်ထွက်က ရိုးရှင်းသယောင်ထင်ရပေမဲ့ လေးထောင့် မကျတကျ ရှဲလ်ကို ငွေရောင်ခရိုမီယမ်ပေါင်နဲ့ ထိန်းကွပ်ထားတာက အမြင်တစ်မျိုးထူးခြားပါတယ်။ ဆန်ခါကွက်ရှဲလ်ရဲ့အလယ်တည့်တည့်မှာ Jaguar Logo ကိုတပ်ဆင်ထားပြီး ရှဲလ်အောက်ဘက်မှာ အရွယ်အစားတူ လေစုပ်ပေါက်တစ်ခု တပ်ဆင်ထားပါတယ်။ ဒါ့ပြင် အလျားလိုက် လေစုပ်ပေါက်ရဲ့ဘေးတစ်ဖက်စီမှာတော့ အရွယ်အစားခပ်ကြီးကြီး လေစုပ်ပေါက်တစ်ခုစီကို ထည့်ပေးထားတာက အင်ဂျင်ဆီလေစီးဆင်းမှု ပိုပြီးအားကောင်းစေပါတယ်။ ရှဲလ်အောက်ပိုင်းလေစုပ်ပေါက်တွေရဲ့ အောက်ဘက်ကို Sports ကားတစ်စီးလို Skirt ပုံစံ ဖန်တီးပေးထားတာကြောင့် XE ရဲ့အရှေ့ဘက်အသွင်အပြင်က ခံ့ညားသပ်ရပ်ပါတယ်။
ရှေ့မီးသီးက နေ့လင်းမီးတန်းစနစ်ပါဝင်တဲ့ ဂရိတ်အပြည့် LED မီးသီးဖြစ်ပြီး နောက်မီးအုံကတော့ ရေပြင်ညီမျဉ်းအတိုင်း အလျားလိုက်ဖွဲ့ စည်းထားတဲ့ Iconic Tail Light ပါ။ နောက်ဖုံးအစွန်းမှာ လေပင့်အားထိန်းတောင်ပံပုံစံ ဖန်တီးပေးထားပြီး ကားနောက်ဖုံးနဲ့ တွဲစပ်ဖွဲ့စည်းထားတဲ့ နောက်မီးအုံဒီဇိုင်းက အမြင်ဆန်းသစ်ပါတယ်။ လေပင့်အားထိန်းတောင်ပံအောက်မှာ ကျားသစ်ခုန်အုပ်နေတဲ့ Jaguar ရဲ့ Logo ကို ခတ်နှိပ်ထားပြီး နောက်မှန်အပေါ်မှာတော့ ငါးမန်းတောင် Antenna တစ်ခု တပ်ဆင်ထားပါတယ်။ အနောက်ဘက် Diffuser ကို အနက်ရောင်နဲ့ ဖန်တီးထား ပြီး ဝိုင်းစက်စက်ခရိုမီယမ်အိပ်ဇောပိုက်တစ်ခုစီကို ဘယ်ညာတစ်ဖက် တစ်ချက်မှာ တပ်ဆင်ပေးထားပါတယ်။ ကောက်ကြောင်းအရ XE ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ Sports Type ဆန်ဆန်ကားတွေကို နှစ်သက်သူတွေအတွက် စိတ်ကြိုက်ဖြစ်စေမှာပါ။

အတွင်းခန်း
ကားအတွင်းခန်းကို အနက်နဲ့အနီ၊ အနက် နဲ့အဝါရောင်ပုံစံ ဖန်တီးပေးထားပြီး ထိုင်ခုံအတွက် အဆင့်မီ Leather ကို ဗြိတိန်နဲ့ အီတလီထုတ် အကောင်းစားတွေနဲ့ပဲ ဖန်တီးချုပ် လုပ်ပေးထားတာ ဖြစ်ပါတယ်။ ကားရှေ့ခန်း ထိုင်ခုံတွေကို ပြိုင်ကားမောင်းသမားတွေ အသုံးပြုတဲ့ထိုင်ခုံပုံစံ ဖန်တီးထားပြီး ချုပ်ရိုးနှစ်ကြောင်း ချုပ်ပေးထားတာကလည်း မျက်စိပသာဒ ဖြစ်စေပါတယ်။ ရှေ့ခန်းထိုင်ခုံတွေနဲ့ စတီယာရင်ကို အနွေးဓာတ်ပေးနိုင်သလို ရှေ့ခန်းထိုင်ခုံတွေကို တော့ ပုံစံအမျိုးမျိုးချိန်ညှိနိုင်တာကြောင့် ညောင်းညာမှုကို ဖြေလျှော့ပေးနိုင်မှာပါ။ Center Console က ကြီးမားရှည်လျားပြီး ဘူးနှစ်ဘူးတင်နိုင်တဲ့ နေရာပါဝင်သလို ကြိုးမဲ့ဖုန်းအားသွင်းနိုင်တဲ့ နေရာလည်းပါဝင်တာ ကြောင့် အဆင်ပြေစေပါတယ်။

ဒက်ရှ်ဘုတ်ပေါ်မှာ မျက်နှာပြင်အကျယ် ၁၀ လက်မရှိတဲ့ Touch Screen တစ်ခုပါဝင်ပြီး Apple CarPlay , Android Auto , Satellite Navigation System စတာတွေလုပ်ဆောင်နိုင်ပါတယ်။ ထူးခြားချက်က တခြားကားတွေထက်ပိုကြီးမားတဲ့ Touch Screen ကို တစ်ခါတည်း နှစ်မျိုးအသုံးပြုနိုင်တာကြောင့် မြေပုံကြည့်ရင်းနဲ့ ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ်၊ မြေပုံကြည့်ရင်းနဲ့ သီချင်းနားထောင်တာမျိုးပဲ ဖြစ်ဖြစ် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပါတယ်။ Jaguar In-Car Technology ကလည်း အကောင်းဆုံး ဖန်တီးမှုတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အသံစနစ်အတွက် 825 Watts Meridian Surround Sound System စပီကာ ၁၆ လုံးကို ကားအတွင်းခန်းနေရာအနှံ့ တပ်ဆင်ထားတာကြောင့် Subwoofer စပီကာတွေကနေ ကြည်လင်ပြတ်သားတဲ့အသံကို ခံစားနားဆင်နိုင်မှာပါ။

ကားခေါင်မိုးမှာ အဖွင့်/အပိတ်ပြုလုပ်နိုင်တဲ့ Sunroof ပါဝင်ပြီး ရာသီဥတုသာယာနေချိန် အမိုးဖွင့်မောင်းနှင်မယ်ဆိုရင် ကောင်းကင်ပြင်ကြီးရဲ့ အလှတရားတွေကို ခံစားနိုင်မှာဖြစ်သလို လတ်ဆတ်တဲ့သဘာဝလေ ကိုလည်း ရှူရှိုက်နိုင်မှာပါ။ Head-Up Display , Parking Assist , Traffic Assist , Blind Spot Monitoring System, Reverse Traffic Detection, Autonomous Emergency Braking, Lane Departure Warning , Lane Keeping Assist , Driver Condition Monitor , Traffic Sign Recognition , Adaptive Speed Limiter , Adaptive Cruise Control , Queue Assist , Advanced Park Assist , 360 Surround View Cameras စတဲ့ ခေတ်မီကားတစ်စီးမှာပါဝင်တဲ့ အဆင့် မြင့်လုပ်ဆောင်ချက် အားလုံးပါဝင်ပါတယ်။ ကားပေါ်လိုက်ပါလာသူအားလုံးအတွက် ဂရိတ်အပြည့်လေအိတ်တွေ တပ်ဆင်ပေးထားတာကြောင့် ယာဉ်မတော်တဆမှုနဲ့ ကြုံလာခဲ့ရင် လုံခြုံစိတ်ချမှုအပြည့်ရရှိစေမှာ ဖြစ်ပါတယ်။

၁၇ လက်မ Alloy ဘီးခွေအပြင် ၁၈ လက်မ၊ ၁၉ လက်မ ဘီးခွေ တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ တာယာတွေက ရာသီမရွေးအသုံး ပြုနိုင်တာကြောင့် ဘယ်လိုရာသီမျိုးမှာမဆို စိတ်ချလက်ချအသုံးပြုနိုင် ပါတယ်။ XE မိုဒယ်ရဲ့ကားနောက်ဖုံးအတွင်း ထည့်သွင်းနိုင်တဲ့ပမာဏ က ၁၆ ဒသမ ၁ ကုဗပေရှိတာကြောင့် တခြားမိုဒယ်တွေထက်စာရင် ဝန်စည်စလယ်တင်ဆောင်နိုင်မှုက ပိုများပါတယ်။ ၂၀၁၉ မိုဒယ် Jaguar XE မှာ PURE , PRESTIGE , PORTFOLIO , R-SPORT , LANDMARK EDITION , 300 SPOR T , XE S ဆိုပြီး Trim Level လည်း အမျိုးမျိုးရှိပါတယ်။

XE ရဲ့ ပြိုင်ဘက်

2019 Jaguar XE ရဲ့ ပြိုင်ဘက်တွေကတော့ Audi A4 , Audi S3 , BMW 3 Series , Hyundai Genesis တို့ပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here