လေးနှစ်တာအတွင်း ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပါဝင်ဆောင်ရွက်သူများအား သင်တန်းများဆက်တိုက်ပို့ချခဲ့ရာ သင်တန်းသူသင်တန်းသားပေါင်း ၂၃,၀၀၀ ကျော် တက်ရောက်ခဲ့ဟုဆို

50

 

စစ်ကိုင်း၊ နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကုန်အထိ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ပါဝင်ဆောင်ရွက်သူများအတွက် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန် သင်တန်းများ ဆက်တိုက်ပို့ချခဲ့ရာ သင်တန်းစုစုပေါင်း ၃၇၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသားပေါင်း ၂၃,၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

သင်တန်းများဖွင့်လှစ်ခဲ့ရာအနက် ဧည့်လမ်းညွှန် (အထူး) မွန်းမံသင်တန်း၊ ဧည့်လမ်းညွှန် (အခြေခံ)သင်တန်း၊ ဒေသဧည့်လမ်းပြသင်တန်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း၊ Digital Marketing Online သင်တန်း၊ Supervisory Skill သင်တန်း၊ ဘာသာစကားသင်တန်း၊ ဟိုတယ်စာရင်းကိုင်သင်တန်း၊ အင်းလေကန်တစ်ဝိုက်ရှိ စက်လှေမောင်း၊ ယာဉ်မောင်းများအား အသိပညာပေးသင်တန်း၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ပညာပေးသင်တန်း၊ Covid-19 Relief Package-1 ဖြစ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ (အခြေခံ)သင်တန်း၊ Covid-19 Relief Package-2 ဖြစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ)သင်တန်း စသည့် သင်တန်းများကို ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကုန်အထိ သင်တန်းအကြိမ်ရေ ၃၇၃ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း စသည့်အသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည်။

လက်ရှိ ရင်ဆိုင်နေရဆဲဖြစ်သည့် Covid-19 ဒုတိယလှိုင်းနှင့် ပထမလှိုင်းကာလကလည်း Covid-19 ကြောင့် ခရီးသွားလုပ်ငန်းကျဆင်းသော ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ပါဝင်ဆောင်ရွက်နေကြသည့် လက်လုပ်လက်စားအခြေခံလူတန်းစားများဖြစ်သော စက်လှေမောင်းဆရာ၊ ဆိုက်ကားဆရာ၊ မြင်းလှည်းဆရာ၊ လက်မှုပညာသည်များ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ စသည်တို့အတွက် Covid-19 Relief Package-1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို ရက်သတ္တပတ် လေးပတ် (၈ ရက်) ဖွင့်လှစ်၍လည်းကောင်း၊ ဟိုတယ်ဇုန်အသီးသီးမှ ဟိုတယ်ဝန်ထမ်းများအတွက် Covid-19 Relief Package-2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သုံးပတ် (၁၅ ရက်) သင်တန်းများကိုလည်းကောင်း အသီးသီးပို့ချခဲ့သည့်အပြင် သင်တန်းပို့ချသူဆရာများကို တစ်ရက်လျှင် ကျပ် နှစ်သောင်း၊ သင်တန်းသူ၊ သင်တန်းသားများကို တစ်ရက်လျှင် ကျပ် ၄,၈၀၀ နှုန်းဖြင့် အသီးသီးထောက်ပံ့ပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံများ- ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန

LEAVE A REPLY

Please enter your comment!
Please enter your name here