လောင်စာစွမ်းအင်တွက်ခြေကိုက်နည်းပညာများ Fuel Economical Car Technologies

390

(၂၁) ရာစုနောက်ပိုင်းတွင် တီထွင်ဆန်းသစ်နိုင်ခဲ့သော မော်တော်ယာဉ်နည်းပညာရပ်များတွင် လောင်စာဆီချွေတာနိုင်သော နည်းပညာသစ်များလည်း ပါဝင်ခဲ့သည်။ လောင်စာဆီ ချွေတာနိုင်ခြင်းသည် ငွေယိုပေါက် လေလွင့်ဆုံးရှုံးမှုများကို တားဆီးနိုင်ရုံသာမက ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုများကိုလည်း လျော့ကျစေနိုင်သည်။ လောင်စာဆီချွေတာနိုင်သော မော်တော်ယာဉ်နည်းပညာသစ်များမှာ-

Direct Injection နည်းပညာ

Direct Injection နည်းပညာကို ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင်နှစ်မျိုးစလုံးတွင်အသုံးပြုထားသည်။ မော်ဒန်ဒီဇယ်ကားများ တွင် Common Rail Direct Injection နည်းပညာကို (၂ဝဝဝ) ပြည့်နှစ်လောက်မှစ၍ အသုံးများလာခဲ့သည်။ ခေတ်ဟောင်း ဒီဇယ်အင်ဂျင်များတွင် Diesel Injection Pump နှင့် Nozzles များကိုသာ သုံးခဲ့သည်။ ဒီဇယ်နည်းပညာ တော်လှန်ရေးခေတ်သစ်တွင် ပန့်နှင့်နော်ဇယ်သုံးသော စနစ်မှ Common Rail Direct Injections စနစ်သို့ ကူးပြောင်းခဲ့သည်။ CRDi နည်းပညာသစ်တွင် ကွန်ပျူတာ ထိန်းချုပ်မှုစနစ်ပါဝင်လာသည်။ အင်ဂျင်လည်ပတ်မှုအခြေအနေအမျိုးမျိုးပေါ်မူတည်၍ လောင်စာဆီ ဖြန့်ဝေမှုကို ကွန်ပျူတာက တိကျစွာ ထိန်းချုပ်လာနိုင်သောအခါ လောင်စာဆီ ကုန်ကျမှုချွေတာလာနိုင်သည်။

ဒီဇယ်ကားများနည်းတူ  Direct Injection နည်းပညာကို ဓာတ်ဆီအင်ဂျင်များတွင်လည်း အသုံးပြုထားသည်။ ထိုနည်းပညာကို Gasoline Direct Injection (GDI) နည်းပညာဟု ခေါ်ပါသည်။ တာဘိုအင်ချာဂျာသုံး ဓာတ်ဆီကားတစ်စီးတွင် GDI နည်းပညာကို အသုံးပြုထားပါက အင်ဂျင်ပါဝါစွမ်းအားပိုကောင်းလာပြီး ဆီစားလည်း သက်သာလာသည်။ လေ့လာချက်များ အရ Direct Injection နည်းပညာသုံးစွဲမှုကြောင့် ဆီစားနှုန်းကို (၁၂)ရာခိုင်နှုန်းအထိသက်သာနိုင်ကြောင်း သိရှိရသည်။

Engine Start/Stop System

မော်ဒယ်မြင့်ကားများတွင် ကားသော့အုံထဲသို့ သော့တံထိုးသွင်းပြီးမှ ကားစက်နှိုးစရာမလိုတော့ဘဲ အင်ဂျင် Start-Stop ခလုတ်ကို တစ်ချက်နှိပ်လိုက်ရုံဖြင့် ကားစက်နှိုးနိုင်သည်။ ယာဉ်ကြောကျပ်တည်း ပိတ်ဆို့မှု မကြာခဏဖြစ်တတ်သော မြို့ကြီးများတွင် လမ်းပေါ်မှ စောင့်ဆိုင်းနေရသောအချိန်က များသည်။ မလိုအပ်ဘဲ ကားစက်နှိုးထားပြီး စောင့်ဆိုင်းရခြင်းကြောင့် လောင်စာဆီများ လေလွင့်ဆုံးရှုံးနေသည်။ ယာဉ်ကြောပိတ်နေ၍ စောင့်ဆိုင်းနေချိန်များတွင် အင်ဂျင်စက်ကို အလိုအလျောက်ရပ်တန့်သွားစေပြီး ရှေ့မှ ကားတန်းစတင်ရွှေ့လျားချိန်တွင် လီဗာနင်းလိုက်သည်နှင့် အလိုအလျောက် အင်ဂျင်စက် ပြန်နိုးစေသောစနစ်ကို တီထွင်ခဲ့ကြသည်။ ထိုစနစ်ကို Engine Start-Stop စနစ်ဟုခေါ်သည်။ ကွန်ပျူတာ ထိန်းချုပ်စနစ် ဖြင့် အလုပ်လုပ်သော ခေတ်ပေါ်လူစီးကားများတွင် Engine Start-Stop စနစ်ကို သုံးထားသည်။ လေ့လာတွေ့ရှိချက်များအရ အင်ဂျင် Start-Stop စနစ်သည် လောင်စာဆီစားနှုန်းကို (၁ဝ) ရာခိုင်နှုန်း (၁၅) ရာခိုင်နှုန်း အထိလျော့ကျသွားစေနိုင်သည်။

ကွန်ပျူတာထိန်းချုပ်စနစ်သုံး ခေတ်ပေါ်ကားများတွင် အင်ဂျင်စက် လည်ပတ်နှုန်း၊ အင်ဂျင်အပူချိန်၊ ကားရွေ့လျားနှုန်း ထမ်းဆောင်ရသော ဝန်အား၊ ရုန်းကန်အား၊ ဂီယာထိုးတံအနေအထား၊ ဘရိတ် လီဗာတို့၏ တည်နေရာ၊ အနေအထား စသော သတင်းအချက်အလက် များကို အင်ဂျင် Management System ကစောင့်ကြည့်နေပြီး ကားရွေလျားနေခြင်း သို့မဟုတ် ရပ်တန့်နေခြင်း ကို သိရှိနေသည်။ ကား ရွေ့လျားမှုမရှိဘဲ ရပ်တန့်ပြီးစောင့်နေရလျှင် အချိန် (၁ဝ)စက္ကန့်၊ (၁၅) စက္ကန့် အတွင်း၌ အင်ဂျင် Start-Stop စနစ်မှ ကားအင်ဂျင် စက်ရပ်ထားရန် အမိန့်ပေးသည်။

စောင့်ဆိုင်းချိန် ကျော်လွန်၍ မီးပွိုင့်စိမ်းလျှင် ဘရိတ်နင်းထားရာမှ လီဗာပေါ် ယာဉ်မောင်းသူခြေဖျားထိမိသွားသည်နှင့် အင်ဂျင်အလိုအလျှောက် ပြန်နိုးလာသည်။ ယာဉ်မောင်းသူက စက်နှိုးမော်တာ Starter လှည့်ပေးစရာမလိုပါ။ အကယ်၍ Auto Start-Stop Mode ကို မသုံးလို၍ ပိတ်ချင်လျှင်လည်း ပိတ်ထားနိုင်သည်။ Engine Start-Stop စနစ်၏ မူလရည်ရွယ်ချက်သည် လောင်စာဆီချွေတာနိုင်အောင် အင်ဂျင် Idle Speed ကိုလျော့ချပေးခြင်းသည်။ အင်ဂျင် Start-Stop စနစ် ကြောင့် ယာဉ်ကြောပိတ်၊ ယာဉ်ကြောကျပ်နေချိန်များတွင် စက်နှေးလည်ပတ်နေခြင်းများကို လျော့ကျနိုင်၍ ဆီကုန်ကျမှုစရိတ်ကိုချွေတာနိုင်သည်။ မြို့ပြလူနေထူထပ်သောနေရာများတွင် ကားစီးရေထောင်ပေါင်းများစွာရှိနေ၍ လေထုညစ်ညမ်းမှုများ မြင့်တက်နေတတ်သည်။ အင်ဂျင် Start-Stop  စနစ်သည် အိတ်ဇောအီမစ်ရှင်းများကို လျော့ကျစေရန် အထောက်အကူပြုပေးသည်။ ဆီစားသက်သာမှုနှုန်း (၁ဝ) ရာခို်င်နှုန်းမှ (၁၅) ရာခိုင်နှုန်း အထိရှိသည်။

Adaptive Cruise Control (ACC) စနစ်

ကားတစ်စီးကို အဝေးပြေးအမြန်လမ်းမပေါ်မှာ ပုံမှန် အမြန်နှုန်းတစ်ခုနဲ့ သွားနေရန် ကွန်ပျူတာစနစ်က ထိန်းချုပ်ပေးသော နည်းပညာဖြစ်သည်။ ထို့ပြင် အမြန်လမ်းပေါ်တွင် အခြားမော်တော်ယာဉ်များနှင့် မတော်တဆ နောက်မှဝင်တိုက်မိခြင်း မဖြစ်စေရန် ရှေ့မှကားနှင့်လုံလောက်သောအကွာအဝေးနှင့် ကားအရှိန်လျော့ချခြင်း၊ အရှိန်ပြန်တင်ခြင်းများကို ယာဉ်များကို ယာဉ် မောင်းသူကလုပ်ပေးစရာမလိုဘဲ ရေဒါလေဆာ အာရုံခံထောက်လှမ်းရေး ဆင်ဆာများမှပေးပို့သော ီအေေData များကို အခြေခံပြီး ကွန်ပျူတာစနစ်က လိုအပ်သလို ပြောင်းလဲစီမံပေးနိုင်သော စနစ်ဖြစ်သောကြောင့် Autonomous Cruise Control ဟုလည်းခေါ်ဆိုကြသည်။ ACC စနစ်သည် ဘေးကင်းလုံခြုံမှုကို အထောက်အကူပြုပေးသည့်အပြင် ခရီးရှည်မိုင်ပေါင်းရာချီ မောင်းနှင်ရသော ခရီးဝေးသွား ယာဉ်မောင်းများအတွက် စိတ်ပင်ပန်းစရာမလိုဘဲ အမြဲတမ်း အာရုံစူးစိုက်ထားစရာမလိုဘဲပုံမှန်အရှိန်တိုင်း သွားနေစေရန် အင်ဂျင် Management စနစ်မှ ဆောက်ရွက်ပေးသည်။

အဝေးပြေး အမြန်လမ်းပေါ်တွင် သတ်မှတ်ကန့်သတ် အမြန်နှုန်းအတွင်းသာ မောင်းနှင်ကြရပါသည်။ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်ပြီး မြန်လွန်းနေလျှင် ဘေးအန္တရာယ်လည်း ဖြစ်နိုင်သည်။ ဆီစားနှုန်းလည်း ပိုများလာသည်။ တစ်နာရီမိုင် (၆ဝ) နှုန်းသည် ဆီစားနှုန်း အနည်းဆုံး ဖြစ်စေသော အရှိန်ဖြစ်သည်။ Adaptive Cruise Control စနစ်ပါသော အဆင့်မြင့် ဇိမ်ခံကားများသည် ရိုးရိုးကားများထက် ဆီစာနှုန်း ငါးရာခိုင်နှုန်းခန့် ချွေတာနိုင်သည်။

Plug-in Hybrid System ကားများ

Hybrid နည်းပညာသုံးကားများတွင် အင်ဂျင်ပါဝါ နှင့် ဘက်ထရီသိုလှောင် လျှပ်စစ်ပါဝါစွမ်းအားနှစ်မျိုးကို ရောစပ်အသုံးပြုထားသော ကပြားအမျိုးအစားကားဖြစ်သည်။ လီသီယမ်ဘက်ထရီတွင် သိုလှောင်ထားသော လျှပ်စစ်စွမ်းအင်များကို လျှပ်စစ်မော်တာက စက်မှုစွမ်းအင်ပါဝါအဖြစ် ပြောင်းလဲပေးသည်။

Hybrid ကားများတွင် အင်ဂျင်ပါဝါစွမ်းအင်နှင့် လျှပ်စစ်ပါဝါစွမ်းအင်နှင့် လျှပ်စစ်ကားပါဝါစွမ်းအင်နှစ်မျိုးစလုံးကို လိုအပ်သလိုထုတ်ယူသုံးစွဲထားသောကြောင့် လောင်စာဆီချွေတာနိုင်သည်။ ဓာတ်ဆီတစ်မျိုးတည်းသာသုံးသော အင်ဂျင်ပါဝါကားများထက် Hybrid ကားများက လောင်စာဆီ (၂၅) ရာခိုင်နှုန်းအထိ ချွေတာနိုင်သည်။

Plug-in Hybrid ကားများတွင် လျှပ်စစ်ပါဝါစွမ်းအင်များကို ပလပ်ထိုးအားသွင်းကာ သိုလှောင်ပြီးမှ လျှပ်စစ်ပါဝါစွမ်းအားကို သုံးစွဲထားသဖြင့် လောင်စာဆီ ကုန်ကျစရိတ်ပို၍ လျှော့ချနိုင်သည်။ လေ့လာချက်များအရ လျှပ်စစ်ပါဝါကို သိုလှောင်၍ များများသုံးနိုင်သဖြင့် လောင်စာဆီအသုံးကို ထက်ဝက်မက လျော့ချနိုင်သည်။ လောင်စာချွေတာနိုင်သော ရာခိုင်နှုန်းမှာ (၆ဝ) ရာခိုင် နှုန်း အထိရှိသည်။ လောင်စာဆီချွေတာရေးနှင့် ကာဗွန်ထုတ်လွှတ်မှုလျော့ချနိုင်ရေးအတွက် ယခုအခါ လျှပ်စစ်ကားများ၊ ဆိုလာပါဝါသုံးကားများ၊ Hybrid ကားများ၊ Plug-in Hybrid ကားများကို ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စွမ်းအင်မူဝါဒများ ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်ပါသည်။

Variable Displacement

ပစ္စတင်လုံးရေ (၆) လုံး၊ (၈) လုံး၊ (၁ဝ) လုံး၊ (၁၂) လုံးပါသော မော်ဒယ်မြင့်ကားများတွင် Fuel Economy ဖြစ်စေရေးအတွက် ပစ္စတင်အားလုံးကို အလုပ်မလုပ်ခိုင်းဘဲ တချို့ပစ္စတင်များကို လောင်စာဆီနှင့် မီးပေးခြင်း ရပ်ဆိုင်းထားရန် ကွန်ပျူတာ ထိန်းချုပ်စနစ်က စီမံခန့်ခွဲသည်။ ဥပမာ- (၆) လုံးထိုး V-6 အင်ဂျင်တပ် ကားတစ်စီးသည် စတင်ထွက်ခွာချိန်တွင် ပစ္စတင်အားလုံး အလုပ်လုပ်ခိုင်းပြီး ပုံမှန် Speed ဖြင့် မောင်းနှင်နေသော အချိန်တွင် ပစ္စတင် (၃) လုံးကိုသာ အလုပ်လုပ်စေခြင်းဖြစ်သည်။ ဤနည်းပညာကို Active Cylinder Deactivation ဟုလည်း ခေါ်ဆိုကြသည်။ ဆီစာနှုန်း (၁ဝ) ရာခိုင်နှုန်းမှ(၂ဝ) ရာခိုင်နှုန်း အထိ ချွေတာနိုင်သည်။ Honda ကုမ္ပဏီက Variable Displacement (VCM) စနစ်အမည်ဖြင့် ထုတ်လုပ်သည်။ Honda Accord ၊ Pilot ၊ Odyssey ကားများတွင် (VCM) စနစ်ကို တပ်ဆင်ထားသည်။

Turbocharger

တာဘိုချာဂျာသုံးသောကားများသည် အင်ဂျင်စွမ်းဆောင်မှု မြင့်တက်လာပြီး Fuel Efficiency ကောင်းလာသည်။ အင်ဂျင်စွမ်းအားလည်း ပိုကောင်းလာသည်။ အိတ်ဇောမှ စွန့်ပစ်ထုတ်လိုက်သော စွမ်းအင်ဖြင့် အင်ဂျင်စွမ်းဆောင်မှုကို မြှင့်တင်ပေးခြင်းသည် တာဘိုချာဂျာ၏ လုပ်ဆောင်ချက်ဖြစ်သည်။ တာဘိုချာဂျာတပ်အင်ဂျင်များသည် ဆီစားပိုသက်သာသည်။

Variable Valve Timing (VVT-I)

ဗားတိုင်မင် ပြောင်းလဲခြင်းသည် အင်ဂျင်စွမ်းဆောင်မှုကို မြှင့်တင်ပေးနိုင်၍ Fuel Economy ဖြစ်သည်။Toyota က VVT-I အင်ဂျင်များကို တီထွင်ခဲ့ပြီး Honda ကVTEC အင်ဂျင်များကို တီထွင်၍ ဆီစားနှုန်းသက်သာစေသည်။

မင်းသစ်ထူး ( စက်မှုတက္ကသိုလ် )

 

LEAVE A REPLY

Please enter your comment!
Please enter your name here