လေထိုးပေးစရာမလိုသောတာယာများ Airless Tyres

667

ကားတာယာဆိုလျှင် လေထိုးပြီးမှ သုံးရသည်ဟု အများစု သိထားကြသည်။  ယနေ့ခေတ်တွင် လေထိုးစရာမလိုသော တာယာများလည်း ပေါ်ပေါက်နေပြီ ဖြစ်ပါသည်။ အမြန်လမ်းတွင် တာယာပွင့်၍၊ တာယာဘီးပေါက်၍ လမ်းဘေးထိုးဆင်းသွားသော ယာဉ်မတော်တဆမူများကြောင့် ခရီးသွားများ ဒုက္ခရောက်ရသည်။ အသက်ဆုံးရှုံးရသည်။ လေထိုးတာယာများ၏ အဓိကအားနည်းချက်မှာ မော်တော်ယာဉ်ကို အန္တရာယ် ကျရောက်စေခြင်းဖြစ်သည်။

လေထိုးတာယာများကို Pneumatic Tyres ဟုခေါ်သည်။ လေထိုးတာယာများ၏ အသက်သည်  လေပေါင်ဖိအားသာ ဖြစ်သည်။ လေမရှိပါက ခွန်အားမရှိသော တာယာများသာ ဖြစ်သည်။ ကားတစ်စီးလုံးတွင် ထိခိုက်လွယ်သော အားနည်းချက်မှာ တာယာများပင် ဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် အချိန်မရွေး ဘီးပေါက်သွားနိုင်သည်။ လမ်းပေါ်တွင် ရှိနေသော သံ ချောင်းများ၊ ပုလင်းကွဲများ၊ ကျောက်ခဲအချွန်များသည် တာယာ၏ရန်သူများ ဖြစ်သည်။ လေပေါင်ဖိအား အမြဲမှန်နေစေရန် လေပေါင်ချိန်ပေးရသည်။ လေမှန်မှန်ထိုးရသည်။ ဘီးပေါက်သွားလျှင် ဘီးပြန်ဖာရသည်။ တာယာဘီးများ အတွင်းအပြင် လှည့်သုံးပေးရသည်။ များလိုက်သည့်ဒုက္ခ။ လေထိုးကျွတ်ဖာဆိုင် မရှိသော ခရီးဝေးတစ်နေရာတွင် ကားဘီးပေါက်ပါက ပို၍ဒုက္ခများသည်။

လေထိုးတာယာများသည် လေများ အလိုအလျောက်ယိုစိမ့်ထွက်နေတတ်သည်။ မကြာခဏ လေပြန်ထိုးပေးရသည်။ တာယာတစ်လုံး၏သက်တမ်းသည် ထုတ်လုပ်သည့်နေ့မှ ခြောက်နှစ်သာ အများဆုံးခံသည်။ တစ်ခါတစ်ရံ ထုတ်လုပ်မှု အားနည်းချက်ကြောင့် တာယာ ကွဲထွက်တတ်သည်။ တာယာတစ်လုံးတွင် လေထိုးပေးသော လေပေါင်ဖိအားသည် အကန့်အသတ်နှင့် ရှိသည်။

ထို့ပြင် ထမ်းနိုင်သော ကုန်ချိန်ဝန်အားလည်း အကန့်အသတ်နှင့် ရှိသည်။ ထိုအချက်များကို မသိကြသေးသော ယာဉ်မောင်းသူများလည်း ရှိသေးသည်။ တာယာနှင့် သက်ဆိုင်သော ဗဟုသုတနည်းပါးကြ၍ အမြန်လမ်းတွင် အသက်ပေးသွားရသော ခရီးသည်များစွာ ရှိနေပါသည်။ ကားတစ်စီးလုံးတွင်  အားနည်းချက်၊ ပျော့ကွက်ဖြစ်သောအရာမှာ တာယာများဖြစ်ပြီး အန္တရာယ်အဖြစ်နိုင်ဆုံး အရာမှာလည်း ထိုတာယာဘီးများသာ ဖြစ်သည်။ တာယာသည် အမှားမခံသောအရာ ဖြစ်သည်။ အရှိန်ပြင်းမောင်းနေသော ကားတစ်စီးသည် ရုတ်တရက် တာယာဘီး ကွဲထွက်သွားပါက ထိန်းချုပ်၍ လုံးဝမရပါ။ လမ်းဘေးဆွဲချသွားပြီး ကျွမ်းပြန် တိမ်းမှောက်သွားမည်။ အရှိန်မပြင်းလျှင် ထိန်း၍ရသည်။ အမြန်လမ်းတွင် ကီလိုမီတာ ၈ဝ-၁ဝဝ မောင်းနေကြသော ကားများဖြစ်၍ တာယာကြောင့် တစ်ခုခုဖြစ်ပါက အန္တရာယ်ကြီးမားပါသည်။

တာယာ ဘေးကင်းလုံခြုံရေး(Tyre Safety) အတွက် ပညာရှင်များက နည်းလမ်းပေါင်းစုံသုံး၍ သုတေသန ပြုကြသည်။ အသစ်အသစ်များကို တီထွင်ကြသည်။ တာယာဘီးများအတွင်းရှိ လေပေါင်ဖိအား အခြေအနေကို ယာဉ်မောင်းသူက ကြိုတင်သိရှိနိုင်လျှင် အန္တရာယ်မှ ရှောင်တိမ်းနိုင်မည်။ ထိုအယူအဆ အတွေးအခေါ်ကို လက်တွေ့ဖြစ်အောင် စမ်းသပ်တီထွင်ခဲ့ကြသည်။ ယနေ့ ခေတ်ပေါ် ကားကောင်းများတွင် တာယာဘီးတစ်လုံးချင်းစီ၏ လေဖိအားနှင့် တာယာ အပူချိန်ကိုပါ ဖော်ပြပေးနိုင်သော Tyre Pressure Monitoring System ကို တပ်ဆင်ထားပါသည်။

တန်ဖိုးကြီးဇိမ်ခံကားများတွင် တာယာလေဖိအားကို ကြိုတင်သတိပေးသော Alarm System ကိုပါ ထည့်သွင်းထားသည်။ တာယာ လေဖိအား စောင့်ကြည့်ပေးသော စနစ်တပ်ဆင်ထားပါက ဖြစ်လာနိုင်သော အန္တရာယ်ကို ရှောင်ရှားနိုင်သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံများတွင်  Tyre Pressure Monitoring System ကို မသုံးမနေရ ဥပဒေသတ်မှတ်ပြဌာန်းထားသည်။

လေထိုးတာယာများသည် လေဖိအား လျော့နည်းသွားစေနိုင်သော အကြောင်းများစွာရှိနေသည်။ တာယာ လေမရှိပါက သုံး၍မရပါ။ ကားမောင်းနေရင်း ဘီးပေါက်သွားလျှင်လည်း အန္တရာယ်ရှိသည်။ ထိုပြဿနာများကို ဖြေရှင်းနိုင်ရန် လေထိုးစရာမလို သော တာယာများကို စိတ်ကူးခဲ့ကြသည်။ မူလစဉ်းစားနေသော ဘောင်ထဲမှ အပြင်ထွက်၍ စဉ်းစားတွေးခေါ်ကြသည်။ ပစ္စည်း အသစ်အဆန်းအားလုံးသည် တီထွင်သူများ၏ စိတ်ကူးစိတ်သန်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ လေမဲ့တာယာ၊ လေထိုးစရာ မလိုသော တာယာများကို စိတ်ကူး ပုံဖော်သည်။ စမ်းသပ်သုတေသန အကြိမ်ကြိမ်ပြုလုပ်သည်။ နောက်ဆုံးတွင် စိတ်ကူးများ ရုပ်လုံးပေါ်လာသည်။  ထိုအရာသည်ပင် စိတ်ကူးတီထွင်မှု ဖြစ်သည်။

လေထိုးစရာမလိုသော Airless Tyre များနှင့် Run-Flat Tyre များကို တီထွင်နိုင်ခဲ့သည်။ လေထိုးစရာမလိုသော တာယာကို Non-Pneumatic Tyre (NPT)ဟု ခေါ်သည်။ ထိုတာယာကို Michelin တာယာ ကုမ္ပဏီက တီထွင်ခဲ့သည်။

Run-Flat Tyre သည် ဘီးပေါက်သွားသော်လည်း တာယာဘီးများ ပြားချပ်မသွားဘဲ လိုရာခရီးကို ဆက်လက်မောင်းသွားနိုင်သည်။ လေမရှိဘဲ ဆက်သုံး၍ရသော တာယာအမျိုးအစားဖြစ်သည်။ Michelin တာယာကုမ္ပဏီသည် ၂ဝဝ၅ ခုနှစ်တွင် Tweel ဟုခေါ်သော Airless Tyre ကို စတင်မိတ်ဆက်ခဲ့ သည်။ Tyre စကားလုံးနှင့် Wheel စကားလုံးနှစ်မျိုးကို ပေါင်းစပ်ပြီး Tweel ဆိုသော နာမည်အသစ်ကို ပေးခဲ့သည်။ Mehelinc Airless တာယာသည် လေထိုးစရာမလိုသော်လည်း Solid ရော်ဘာတုံး တာယာ မဟုတ်ပါ။ ဝင်ရိုးအထိုင် Hub အောက်ဆုံးနေရာသာ Solid ဖြစ်ပြီး အပြင်ပိုင်းမှာ တာယာ Tread တွင် ထောက်ကန်ဆက်သွယ်နေသော စပုတ်(Spoke)များ ရှိသည်။ စက်ဘီးတွင် စပုတ်တိုင်များကဲ့သို့ ထောက်ကန်ထားခြင်း ဖြစ်သည်။ ထို Spoke များကို Polyurethane နှင့် ပြုလုပ်ထားပါသည်။ တာယာတစ်လုံး ၏ အပြင်နှုတ်ခမ်းသားကို ပုံဖော်ထားသည်။

Michelin လေမဲ့တာယာကို Audi A4 Model ကားသစ်တွင် ပထမဆုံး တပ်ဆင်စမ်းသပ်မောင်းနှင်ပြသခဲ့သည်။ Michelin တာယာများကို အမေရိကန် စစ်မြေပြင်သုံးကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ၊ ဆိုင်ကယ်များနှင့် လူစီးကားငယ်များတွင် အသုံးပြုနိုင်သည်။

Bridgestone ကလည်း ၂ဝ၁၁ ခုနှစ် တိုယိုတာ ကားပြပွဲတွင် လေမဲ့တာယာ ဒီဇိုင်းသစ်ကို မိတ်ဆက်ပြသခဲ့သည်။ Yokohama နှင့် Hankook တာယာ ကုမ္ပဏီများကလည်း လေမဲ့တာယာများကို စျေးကွက် ယှဉ်ပြိုင်ထုတ်လုပ်ခဲ့သည်။

လေမဲ့တာယာများ၏ အားသာချက်မှာ လေထိုးပေးစရာ လုံးဝမလိုခြင်း၊ ဘီးပေါက်သောဒုက္ခမှ ကင်းဝေးခြင်း၊ သုံးစွဲရာတွင် လွယ်ကူအဆင်ပြေခြင်းနှင့် လုံခြုံစိတ်ချဘေးကင်းခြင်းတို့ဖြစ်သည်။ လေမဲ့တာယာများကို ဂေါက်ကွင်းသုံးလျှပ်စစ်ကားများ၊ အပန်းဖြေဥယျာဉ်သုံး Sightseeing Car များနှင့် Forklift ကားများတွင် အသုံးများသည်။

ဘီးပေါက်သွားသော်လည်း ဘီးပြားမသွားဘဲ ဆက်သုံးနိုင်သော တာယာများကို Run-Flat Tyre များဟု ခေါ်သည်။ Run-Flat တာယာကို  Goodyear တာယာကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အမေရိကန် Chevrolet Corvette 1994 ကားတွင်  Run-Flat တာယာကို ပထမဆုံး တပ်ဆင်ရောင်းချခဲ့သည်။ Run-Flat တာယာတွင် ဘီးပေါက်သွားသော်လည်း ဘီးပြားမသွားစေရန် Polyurethane Ring ကွင်းဖြင့် ထောက်ကန်ပေးထားသည်။ တာယာ လေမရှိသော်လည်း အမြန်နှုန်းကီလိုမီတာ ရှစ်ဆယ်နှုန်းအထိ မောင်းနိုင်သည်။ လေမထိုးဘဲ အများဆုံးအသုံးပြုနိုင်သော ခရီးမှာ ကီလိုမီတာ နှစ်ရာ ရှိသည်။

တာယာ Side Wall နံရံတွင် မာကျောတောင့်တင်းအောင် အားဖြည့်ပေးထားသော Run-Flat တာယာတစ်မျိုး ရှိသေးသည်။ လေမရှိသော်လည်း တောင့်တင်းခိုင်ခံသော Stiffer Side Wall နံရံများက တာယာဘီးကို ပြားမသွားစေရန် ထောက်ကန်ပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် ကားဘီးပေါက်သွား၍ လေမရှိသော်လည်း Run-Flat တာယာများသည် ဆက်လက်အသုံးပြုမောင်းနှင်သွားနိုင်သည်။

Run-Flat တာယာများသည် ရိုးရိုးလေထိုးတာယာများထက် ပိုမို၍ စိတ်ချရပြီး Safety ဖြစ်သည်။ ဘီးပေါက်သွားခဲ့သော်လည်း အရေးတကြီးကိစ္စများ ဆောင်ရွက်နိုင်ရန် ကားကို ဆက်လက်မောင်းသွားနိုင်သည်။ အဆင်ပြေသောအချိန်ရောက်မှ ဘီးပေါက်ဖာနိုင်သည်။ အန္တရာယ်လည်းကင်း၊ သုံးစွဲရအဆင်လည်းပြေသဖြင့် Run-Flat တာယာများကို လူကြိုက်များလာသည်။

ကားတစ်စီးတွင် တာယာများသည် အရေးကြီးဆုံးအရာဖြစ်သည်။ တာယာကောင်းမှသာ လမ်းပေါ် တွင် ရာသီဥတုအခြေအနေအမျိုးမျိုး၌  ဘေးအန္တရာယ်ကင်းကင်း ကားမောင်းနိုင်မည်။ ဘီးကုပ်အားကောင်းမှ  လမ်းချော်တိမ်းမှောက်ခြင်းကို ကာကွယ်နိုင်မည်။ တာယာကောင်းမှ ဘရိတ်ဖမ်းအားကောင်းမည်။ တာယာများသည် လမ်းမျက်နှာပြင်နှင့် ထိတွေ့ပြီး ကားတစ်စီးလုံး၏ အလေးချိန်ကို ထမ်းဆောင်နေသော တစ်ခုတည်းသောအရာ ဖြစ်သည်။  လေဖိအား ကျဆင်းသွားသော တာယာသည် အန္တရာယ်ဖြစ်နိုင်သည်။ တာယာ၏အားသည် လေဖိအားဖြစ်သည်။ လေမရှိသောတာယာသည် ခွန်အားမရှိသောတာယာ ဖြစ်သည်။ သို့သော် လေမဲ့တာယာများသည် လေမရှိသော်လည်း ခွန်အားရှိသော တာယာများဖြစ်သည်။ လေထိုးတာယာများ၏ အားနည်းချက်ကို ရှောင်ရှားနိုင်ရန် Airless Tyre များကို အသုံးပြုလာကြပါသည်။ အနာဂတ်တွင် ပိုမိုဘေးကင်း လုံခြုံမူရှိသော Airless Tyre များ ပို၍အသုံးဝင်လာတော့မည် ဖြစ်ပါသည်။

မင်းသစ်ထူး ( စက်မှု – နည်းပညာ )

LEAVE A REPLY

Please enter your comment!
Please enter your name here