လူသုံးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မူဖြစ်စဉ်မှ YBS ၄၀ ယာဉ်မောင်း ဖမ်းဆီးရမိပြီဖြစ်

195

 

ရန်ကုန်၊ ဇွန် ၆

လူသုံးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မူဖြစ်စဉ်မှ YBS ၄၀ ယာဉ်မောင်းကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ဇွန် ၂ ရက် နံနက် ၆ နာရီဝန်းကျင်က YBS ၄၀ နှစ်စီးယှဉ်ပြိုင်မောင်းလာရာ တစ်ဖက်ယာဉ်ကြောမှ taxi ယာဉ်ကို မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ပြီး တက္ကစီယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ သုံးဦးစလုံးသေဆုံးခဲ့ရခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်မှ YBS ၄၀ ယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လေးရက်အကြာ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ဘားအံမြို့၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

” YBS ၄၀ ယာဉ်မောင်းကို ဒီနေ့မနက်မှာပဲ ဘားအံမှာ ဖမ်းမိပါတယ်၊ ရန်ကုန်ကို အမြန်ဆုံးလွဲပြောင်းယူပြီး စစ်ဆေးအရေးယူနိုင်ဖို့ လုပ်ဆောင်နေပါတယ် ” ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ်- ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူး ဆန်းထွန်းက ပြောသည်။

YBS ၄၀ ယာဉ်တိုက်မှုမှ ယာဉ်မောင်းဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီး YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “မနေ့က ဝန်ကြီးချုပ်ဦးဆောင်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ရယ်၊ ကညနရယ် ပေါင်းပြီး အစည်းအဝေးလုပ်ကြပါတယ်၊ အဲ့ဒီမှာ ယာဉ်ထိန်းတာဝန်ရှိသူတွေက ယာဉ်မောင်းက ဘားအံဘက်ကိုထွက်ပြေးတယ်လို့ သတင်းရလို့ လိုက်လံဖမ်းဆီးနေတယ်ဆိုပြီး ပြောကြားခဲ့ပြီး ဒီနေမနက်မှာပဲ ဘားအံမှာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်၊ ဒီကိစ္စက တော်တော်ဆိုးရွားတဲ့အတွက် အမြန်ဆုံး အရေးယူနိုင်ဖို့ကို ဆောင်ရွတ်နေကြပါတယ် ” ဟု ပြောကြားသည်။

ယင်း YBS ၄၀ ယာဉ်မောင်းသည် YRTA တွင် ယာဉ်မောင်းအဖြစ် မှတ်ပုံတင်ထားခြင်းမရှိသလို ယာဉ်လိုင်းချိန်မဟုတ်သည့် လိုင်းပြင်ပအချိန်တွင် မောင်းနှင်ပြီး ယခုကဲ့သို့ ယာဉ်တိုက်မူ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ( YUPT) မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here