အနာဂတ်မှာ လူတိုင်းအဆင်ပြေပြေအသုံးပြုနိုင်မယ့် နမူနာရှေ့ပြေးကား ဒီဇိုင်းကို ဂျာမန်ကားကုမ္ပဏီ Volkswagen က ၂ဝ၁၇ ဂျီနီဗာကားပြပွဲမှာ မိတ်ဆက်ပြသခဲ့တာပါ။ လျှပ်စစ်စွမ်းအင်နဲ့ မောင်းသူမဲ့နည်းပညာတွေ ပေါင်းစပ်ဖန်တီးထားတဲ့ကားကို Self-Driving Car ရဲ့အစ စကားလုံးတွေအတိုင်း SEDRIC လို့ အမည်ပေးထားပြီး သက်သောင့်သက်သာနဲ့ ဇိမ်ရှိရှိစီးနိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ SEDRIC အပြင်ပိုင်းက ဘောနတ်၊ ဘေးဖောင်းကြွလိုင်းတွေမပါဘဲ သေတ္တာပုံစံ(Boxy) ဖြစ်လို့ အတွင်းပိုင်းနေရာ ပိုကျယ်ဝန်းစေမှာပါ။ ရှေ့နဲ့နောက် ဝင်ရိုးအကြားမှာ အပြားလိုက် ဘက်ထရီအုံတပ်ထားပြီး ကားဘီးတွေနဲ့ တစ်တန်းတည်းမှာ သေးငယ်တဲ့ လျှပ်စစ်မိုတာတစ်လုံးလည်း ပါမှာဖြစ်ပါတယ်။ SEDRIC ရဲ့ အရှေ့နဲ့အနောက်ဘက်တွေမှာ LED အချက်ပြစာသားတွေ ဖော်ပြနိုင်အောင်လည်း စီစဉ်ထားပါတယ်။ ကားတံခါးက လျှောထိုးပုံစံဖြစ် ပြီး ခရီးသည်မျက်နှာတွေကို မှတ်မိစေတဲ့ စနစ်ပါဝင်လို့ အလိုအလျောက် အဖွင့်/အပိတ် လုပ်ပေးမှာ ဖြစ်ပါတယ်။
SEDRIC ကို အဆင့် (၅) အလိုအလျောက်စနစ်နဲ့ မောင်းနှင်စေမှာဖြစ်လို့ လူသားရဲ့ လုပ်ဆောင်ချက် လုံးဝနီးပါးမလိုတဲ့ကား ဖြစ်လာမှာပါ။ လူလေးယောက်စီးနင်းနိုင်တဲ့ အတွင်းပိုင်းမှာ စတီယာရင်လက်ကိုင်မပါဘဲ သားရေဆိုဖာထိုင်ခုံတွေနဲ့ ဧည့်ခန်းအသေးစားလေးလို ပြင်ဆင်ထားပါတယ်။ ရှေ့လေကာမှန်ဖြစ်တဲ့ Organic LED Screen ကနေ တီဗီအစီအစဉ်၊ ရုပ်ရှင် စတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ကြည့်နိုင်မှာဖြစ်ပြီး ကားအတွင်းပိုင်းလေထုကို သန့်ရှင်းစေတဲ့ အပင်ငယ်တွေပါဝင်တဲ့ ဥယျာဉ်ကိုလည်း ထပ်ဆောင်းတပ်ခွင့်ပေးထားပါတယ်။
မောင်းသူမပါတဲ့ SEDRIC မှာ Artificial Intelligence နည်းပညာ သုံးစွဲထားလို့ ခရီးသည်တွေအနေနဲ့ သွားလိုတဲ့ခရီး၊ မောင်းနှင်ချိန်ကြာမြင့်မှုနဲ့ လတ်တလော ယာဉ်ကြောအခြေအနေတွေကို မေးမြန်းနိုင်ပါတယ်။ စုပေါင်းစီးနင်းမှု(Car Sharing)ကို အခြေခံထားတဲ့ SEDRIC ကို ခေါ် ယူဖို့အတွက် Remote Control က ခလုတ်နှိပ်ပြီးဖြစ်ဖြစ်၊ စမတ်ဖုန်း Application ၊ ဒါမှမဟုတ် အသံစနစ်ကို သုံးထားတဲ့ Digital Assistant စနစ်နဲ့ဖြစ်ဖြစ် စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။ ကလေးတွေကို ကျောင်းပို့ ခြင်း၊ အလုပ်သွားခြင်း၊ စျေးဝယ်ထွက်ခြင်း၊ မိမိဆီလာတဲ့ ဧည့်သည်ကို ကြိုခိုင်းခြင်း၊ သားသမီးတွေကို အားကစားသင်တန်းကနေ သွားကြိုခြင်း စတဲ့ ခရီးစဉ်အမျိုးမျိုးကို လုံခြုံစိတ်ချစွာ အလိုအလျောက်စနစ်နဲ့ ခိုင်းစေနိုင်တဲ့ SEDRIC ကို အရွယ်ရောက်ပြီးသူတွေတင်မက ကလေးငယ်တွေ၊ အငြိမ်းစားယူထားတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်အဂင်ါ္မသန်စွမ်းသူတွေ၊ ယာဉ်မောင်းလိုင်စင် မရှိသူတွေ၊ ကိုယ်ပိုင်ကားမရှိသူတွေ၊ တခြားမြို့ရွာ က လာရောက်လည်ပတ်သူတွေ စတဲ့ အသက်အရွယ်နဲ့ စွမ်းဆောင်မှု မတူညီတဲ့လူတိုင်း အဆင်ပြေပြေ အသုံးပြုစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ စီးနင်းသူတွေအတွက် မိတ်ဆွေရင်းချာတစ်ဦးလို ယုံကြည်အားထားရတဲ့ SEDRIC ရဲ့ နည်းပညာတွေကို Volkswagen က Audi ၊ Porsche ၊ Bugatti ၊Bentley ၊ Lamborghini ၊ SEAT ၊ Skoda ကားအမှတ်တံဆိပ်တွေမှာလည်း ထည့်သွင်းသုံးစွဲဖို့ စီစဉ်နေပါတယ်။