လူစီးမော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားများ ဖြေလျှော့

243

 

ရန်ကုန် သြဂုတ် ၁

Covid-19 ကြောင့်ဖြစ်ပေါ်နေသော စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေဖြင့် လူစီးမော်တော်ယာဉ်များအပေါ်တွင် ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ် ၈၄/၂၀၂၀အရ သြဂုတ်လမှစ၍ အခွန်ကောက်ခံလျက်ရှိသည့် လူစီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက်ကို အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ စီစီနှင့်အထက်ကို အကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း၊ SKD စနစ်နှင့်တင်သွင်းသော မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက်ကို အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းနှင့် အင်ဂျင်ပါဝါ ၂၀၀၁ စီစီနှင့်အထက်ကို အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

” Covid-19 ကြောင့်ဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုကို ကုစားတဲ့အနေနဲ့ လူစီးမော်တော်ယာဉ်တွေအပေါ် ကောက်ခံနေတဲ့ အကောက်ခွန်နှုန်းထားတွေကို ဖြေလျှော့ပေးတာပါ။ ကြေညာချက် အသစ်မထွက်မချင်း ဖြေလျှော့ပေးမှာပါ။ ဖြေလျှော့ပေးမယ့်အထဲမှာလုပ်ငန်းသုံးယာဉ်တွေ မပါပါဘူး”ဟုအကောက်ခွန်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုလမှစပြီး အကောက်ခွန်နှုန်းထားများကို ဖြေလျှော့ပေးမည်ဖြစ်၍ အခွန်သက်သာမှုကြောင့် ကားတန်ဖိုးများ လျော့နည်းသွားမည်ဖြစ်သည်။ သို့ရာတွင် ပြည်ပမှတင်သွင်းသည့် Brand New ကားအမျိုးအစားအချို့နှင့် SKD ကားများမှာ ယခင်ကတည်းက အာဆီယံဒေသတွင်း အခွန်ကင်းလွတ်ခွင့်များရထားပြီးဖြစ်၍ ယခုအခွန်ဖြေလျှော့မှုကြောင့် ကားဈေးနှုန်းများ သိသာစွာ ကျဆင်းနိုင်ဖွယ်မရှိဘဲ CBU ဖြင့်တင်သွင်းနေသည့် CIF တန်ဖိုးများပြီး အင်ဂျင်ပါဝါကြီးသည့်ကားများသာ အခွန်သက်သာခွင့်ကြောင့် ကားဈေးအထိုက်အလျောက် ကျဆင်းနိုင်ဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်များ၏ သုံးသပ်ချက်များအရ သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here