လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

221

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြသွားမှာကတော့ Toyota Hilux Surf ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Toyota Hilux Surf မိုဒယ်ဆိုတာ …
ဒီတစ်ပတ် ဖော်ပြမယ့်ကားကတော့ Toyota က ထုတ်လုပ်ထားတဲ့ Off-Road အကြမ်းသုံးကားအဖြစ် နာမည်ကြီး Toyota Hilux Surf ပဲ ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့ပြီး လက်ရှိအချိန်ထိ လူကြိုက်များရေပန်းစားမှုကြောင့် ဆက်လက်ထုတ်လုပ်နေဆဲပဲ ဖြစ်ပါ တယ်။ စာရေးသူတို့နိုင်ငံစျေးကွက်မှာတော့ Third Generation ဖြစ်တဲ့ ၁၉၉၆-၂ဝဝ၂ မိုဒယ်ကို ရေပန်းစားလူကြိုက်များပါတယ်။Toyota Hilux Surf ကို 2.7L (Petrol)၊ 3.4L (Petrol)၊ 3.0L (Diesel) အင်ဂျင်ဆိုပြီး သုံးမျိုး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ Grade တွေကတော့ SSR-X? SSR-X Package ? SSR-X V Selection ? Sport Runner ? SSR-G? SSR-V ? SSR-X Limited ဆိုပြီး Grade ခွဲများစွာ ထုတ်လုပ် ထားပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ Toyota Hilux Surf မှာ ပါဝင်တဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်တွေကို ရေးသားဖော်ပြမှာ ဖြစ်ပါ တယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ Off-Road တစ်စီးရဲ့ရုပ်ထွက်
Toyota Hilux Surf Third Generation (၁၉၉၆-၂ဝဝ၂) ပုံစံကို မြင်တာနဲ့ တကယ့်ကို အကြမ်းအရမ်းမောင်းလို့ရမယ့် Off-Road ကား တစ်စီးလို့ ယူဆနိုင်တဲ့အထိ ကားရဲ့ဒီဇိုင်းပိုင်းကို အောက်ပိုင်းခပ်မြင့် မြင့်ပြုလုပ်ပေးထားပြီး ဘေးဘက်ဘီးလုံးတွေအပေါ်လည်း Overfender တွေနဲ့ အလှဆင်ပေးထားတာကလည်း အတော့်ကို ခံ့ညားစွာတွေ့မြင် ရမှာပဲဖြစ်ပါတယ်။ ဒီလိုရုပ်ထွက်ကြောင့်လည်း လက်ရှိအချိန်အထိ မိုဒယ် နိမ့်သွားပေမဲ့ Off-road အကြမ်းသုံးကား ရွေးချယ်ဝယ်ယူမယ်ဆိုရင် Toyota Hilux Surf ကို အများစုရေပန်းစားရွေးချယ်ကြတာပဲ ဖြစ်ပါတယ်။

၂။ Supension တည်ဆောက်ပုံများ
Toyota Hilux Surf Third Generation (၁၉၉၆-၂ဝဝ၂) ရဲ့ Suspension ပိုင်းကိုတော့ Off-Road ကားတစ်စီးဖြစ်တာနဲ့အညီ အောက်ပိုင်း Frame ကို အထူးခိုင်ခံ့အောင် ပြုလုပ်ထားတာ တွေ့ရပါ တယ်။ လမ်းကြမ်းတွေမှာတော့ အဆင်ပြေစေပြီး အမြန်လမ်းလိုနေရာမျိုးမှာ မြန်မြန်မောင်းတဲ့အခါ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ Central of Gravity များလို့ ကားအရှိန်နဲ့မောင်းရင်း ဘီးလွတ်သွားတဲ့အချိန် Accident ဖြစ်လေ့ရှိတာကလည်း ရေပန်းစားနာမည်ကြီးတဲ့ အချက်တစ်ခုပါ။

၃။ ရိုးရိုးရှင်းရှင်းနဲ့ ဖွဲ့စည်းထားတဲ့အတွင်းခန်း
SUV အကြမ်းသုံး Off-Road ကားတစ်စီးဖြစ်တာနဲ့အညီ ကားရဲ့ အတွင်းခန်းမှာ အဲကွန်းခလုတ်တွေနဲ့ Grade အမြင့်မှာတော့ အဲကွန်း Digital စနစ် ထည့်သွင်းပေးထားပြီး ထူးထူးခြားခြား Function တွေ ထည့်သွင်းပေးထားတာကိုတော့ မတွေ့ရပါဘူး။ စာရေးသူအမြင်တော့ လမ်းကြမ်းတွေမောင်းတဲ့အခါမှာ Function အစုံပါတဲ့ကားဆိုရင် နောက် ပိုင်းမှာ Error တွေ ဖြစ်တတ်တဲ့အတွက် မလိုအပ်တဲ့အပိုစနစ်တွေ ထည့်သွင်း မပေးဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဖွဲ့စည်းထားတာကလည်း သူ့ရဲ့ရိုးရှင်းတဲ့ ရေပန်း စားမှုပဲ ဖြစ်ပါတယ်။

၄။ ရွေးချယ်စရာအင်ဂျင်ပါဝါများ
Toyota Hilux Surf (၁၉၉၆-၂ဝဝ၂) ကို ဓာတ်ဆီ၊ ဒါမှမဟုတ် ဒီဇယ် နှစ်မျိုးထုတ်လုပ်ထားတဲ့အတွက် အသုံးပြုသူစိတ်ကြိုက် ရွေးချယ် နိုင်မှာပဲဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာတော့ 3.0L Toyota ရဲ့ နာမည် ကြီး 1KZ Engine ဖြစ်တဲ့ ဒီဇယ်ကို Toyota Hilux Surf ဝယ်ယူတဲ့အခါမှာ ပိုပြီးရေပန်းစား ရွေးချယ်ဝယ်ယူကြပါတယ်။

၅။ 2wd or 4wd Transfer
Toyota Hilux Surf (၁၉၉၆-၂ဝဝ၂) ဟာ Off-Road ကားဖြစ်တဲ့ အတွက် 4×4 Wheels စနစ် ထည့်သွင်းပေးထားပါတယ်။ ပုံမှန် 4WD ကားတွေလို ခလုတ်တစ်လုံးတည်း မထည့်ပေးထားဘဲ သုံးစွဲသူစိတ်ကြိုက် Low 4WD ၊ High 4WD ၊ High 2WD ၊ Normal ဆိုပြီး စိတ်ကြိုက် ပြောင်းလဲသုံးနိုင်တဲ့ Transfer စနစ်ထည့်သွင်းပေးထားပါတယ်။ ဒီစနစ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသမားတွေအတွက် ဆိုဒ်ထဲမှာ စိတ်ကြိုက်လိုသလို ပြောင်းလဲမောင်းနှင်နိုင်တဲ့အတွက်လည်း အခုအချိန်ထိ မိုဒယ်အောက်သွားပေမဲ့ ရေပန်းစားရွေးချယ်နေဆဲ ဖြစ်ပါတယ်။

၆။ SSR-G Grade
Toyota Hilux Surf (၁၉၉၆-၂ဝဝ၂) ဝယ်ယူသူအများစုက အမြင့်ဆုံး Grade တစ်ခုဖြစ်တဲ့ SSR-G Grade ကို ပိုကြိုက်နှစ်သက်ကြပါတယ်။ ပုံမှန် Grade တွေထက် ရောင်းသူ/ဝယ်သူကြား သူ့မှာပါဝင်တဲ့ နှာပေါက်၊ ခေါင်ပေါက်(Sunroof)တို့ကိုအစွဲပြုပြီး Surf အပေါက်စုံ ဆိုတဲ့ စကား ကို ရေပန်းစားသုံးစွဲကြတာပဲ ဖြစ်ပါတယ်။

၇။ ပြင်ဆင်ရလွယ်ကူခြင်း
Off-Road ကားအများစုဟာ အကြမ်းသုံးကြတဲ့အတွက် ကားကြံ့ ခိုင်မှုရှိစေဖို့ ပုံမှန် စစ်ဆေးပြုပြင်ပေးကြရပါတယ်။Toyota Hilux Surf (၁၉၉၆-၂ဝဝ၂) ကတော့ အကြမ်းခံသလို ပြင်ဆင်ရတာလည်း မိုဒယ် မြင့်ကားတွေလို နည်းပညာမြင့်စက်တွေ အသုံးပြုစရာမလိုတဲ့အပြင် အပိုပစ္စည်းတွေလည်း အလွယ်တကူဝယ်ယူရရှိနိုင်တဲ့အတွက် ရေပန်းစား နာမည်ကြီးတာ ဖြစ်ပါတယ်။
Toyota Hilux Surf (၁၉၉၆-၂ဝဝ၂) ကို Off-Road SUV ကား ထဲမှာ စျေးနှုန်းသက်သာခြင်း၊ အပိုပစ္စည်းပေါများခြင်း၊ အကြမ်းခံခြင်း၊ အင်ဂျင် အရုန်းအဆွဲကောင်းမွန်ခြင်းတို့ကြောင့် ရေပန်းစားရွေးချယ်စရာ Off-Road SUV အကြမ်းသုံးကားတစ်စီးအဖြစ် ရွေးချယ်ကြတာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများ’မှာ ဘယ်ကား အမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ် ဆိုတာကို စောင့်မျှော်ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here