လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

153

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြသွားမှာကတော့ Suzuki Ertiga Type 2 ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Suzuki Ertiga Type 2 မိုဒယ်ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့် ကားကတော့ Suzuki Motor က SKD စနစ်နဲ့ ထုတ်လုပ်ထားပြီး Used စျေးကွက်မှာ လူကြိုက်များနေတဲ့ Wagon အုပ်စုဝင် ခုံသုံးတန်းကား Suzuki Ertiga Type 2 ပဲ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ဆီစားသက်သာတဲ့ 1.4L အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ထားပါတယ်။ Grade ကတော့ တစ်မျိုးတည်းထုတ်လုပ်ထားပြီး ၂ဝ၁၅ ခုနှစ်မှာ Type 1 ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ တော့ Type 1 ကို အဆင့်မြှင့်တင်ပြီး Type 2 ကို ထုတ်လုပ်ခဲ့ပါတယ်။ ကားအသစ်မှာတင် အောင်မြင်ခဲ့တာမဟုတ်ဘဲ Second စျေးကွက်မှာလည်း လူကြိုက်များရေပန်းစားတဲ့ ကားတစ်စီး ဖြစ်ခဲ့တဲ့အတွက် ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေကို ဖော်ပြမှာဖြစ်ပါတယ်။

Suzuki Ertiga Type 2 ရဲ့ အသေးစိတ် Review
၁။ လုံးလုံးဝန်းဝန်းနှင့် လှပသည့်ဒီဇိုင်း
Suzuki Ertiga Type 2 ရဲ့ ဒီဇိုင်းကို Wagon ကားအများစုလို လေးထောင့်ဆန်ဆန်မဟုတ်ဘဲ လုံးလုံးဝန်းဝန်းနဲ့ လှပပြီးကြိုက်နှစ်သက် မယ့်ပုံစံမျိုး ပြုလုပ်ထားတဲ့ကားပဲဖြစ်ပါတယ်။ အရှေ့ရှဲလ်တွေနဲ့ အနောက် ဖုံးလက်ကိုင်တန်းကို နီကယ်တွေနဲ့ အလှဆင်ထားတာကလည်း အတော် လိုက်ဖက်တာကို တွေ့ရပါတယ်။ ပုံစံဒီဇိုင်းလှပမှုကြောင့်လည်း SKD ကားဟောင်းစျေးကွက်မှာလည်း ရေပန်းစားလူကြိုက်များတဲ့ ကားတစ်စီး ဖြစ်လာတာပဲ ဖြစ်ပါတယ်။

၂။ ကားအတွင်းပါဝင်မှုများ
Suzuki Ertiga Type 2 ရဲ့ ကားအတွင်းပိုင်း ပါဝင်မှုတွေကတော့ အတွင်းထိုင်ခုံတွေကို ရှမွိုင်းသားတွေနဲ့ ပြုလုပ်ထားပြီး Dashboard နဲ့ ဘေး Side Cover တွေကိုတော့ ပလတ်စတစ်ကော်သားတွေနဲ့ ပြုလုပ် ထားပါတယ်။ ကားအတွင်းခန်းမှာတော့ DVD TV Player ကို ထည့်သွင်းပေးထားပြီး ကားရဲ့ စတီယာရင်ကနေ ဖုန်းကိုင်တာ၊ သီချင်း အတိုး အကျယ်ပြောင်းတာတွေပြုလုပ်ဖို့ Control ခလုတ်တွေ ထည့်သွင်း ပေး ထားတာကလည်း တကယ်ကို အဆင်ပြေစေပါတယ်။ USB Socket ပေါက်လည်း ထည့်သွင်းပေးထားတဲ့အတွက် ဖုန်းအားသွင်းသူတွေ အတွက်လည်း အရမ်းအဆင်ပြေစေပါတယ်။ ဒီလို ပါဝင်မှုတွေ ထည့်သွင်းပေးထားမှုကြောင့်လည်း ရေပန်းစား လူကြိုက်များ စေတာပဲ ဖြစ်ပါတယ်။

၃။Smart Key & Push-start
Suzuki Ertiga Type 2 ရဲ့ ကားသော့ကိုတော့ နောက်ပိုင်းထုတ်ကားတွေမှာ မပါမဖြစ် ထည့်သွင်းပေးတဲ့ Smart Key & Push-start စနစ် ထည့်သွင်းပေးထားပါ တယ်။ ဒီစနစ်ပါဝင်တဲ့ကားတွေကို ဝယ်ယူသူအများစု ရေပန်း စားရွေးချယ်ကြလေ့ရှိပါတယ်။

၄။ ပါးလွာသော ဘော်ဒီနှင့် အရုန်းအဆွဲကောင်းသည့် အင်ဂျင်
Suzuki Ertiga Type 2 ရဲ့ဘော်ဒီကို ပေါ့ပေါ့ပါးပါး ပြုလုပ်ပေးထားတဲ့အတွက် ကားမောင်းတဲ့အခါမှာ 1.4L အင်ဂျင်ကလည်း ကောင်း ကောင်းထောက်ပံ့ပေးနိုင်တာကြောင့် အရုန်းအဆွဲအထအကြွ အတော်ကောင်းပါတယ်။ ပုံမှန်ခုံသုံးတန်းကားတွေမှာ ဒီအင်ဂျင်က အတော်သေးတယ် ဆိုပေမဲ့ ဒီကားမှာတော့ ဘော်ဒီသံသားပါးအောင် ပြုလုပ်ပေးထား တဲ့အတွက် အရုန်းအဆွဲအဆင်ပြေစေတာပဲ ဖြစ်ပါတယ်။

၅။ ခုံသုံးတန်းပါဝင်မှု
Suzuki Ertiga Type 2 ကို ပုံမှန်အားဖြင့် ကြည့်မယ်ဆိုရင် ခုံနှစ်တန်းပဲပါတယ်လို့ ထင်ရပါတယ်။ တကယ်အတွင်းကိုလေ့လာကြည့် လိုက်တဲ့အချိန်မှာ ခုံသုံးတန်းပါဝင်တာကိုတွေ့ရပြီး ကားဘော်ဒီနဲ့အရမ်းကြီး မကျယ်ဝန်းဘူးဆိုပေမဲ့ တစ်ခါတလေ လူများများတင်တဲ့အခါမှာ အတော် အဆင်ပြေစေတဲ့ ပါဝင်မှုတစ်ခုဖြစ်လို့ ရေပန်းစားလူကြိုက်များပါတယ်။

၆။ Round Aircon
Suzuki Ertiga Type 2 ကို ခုံသုံးတန်းကားတစ်စီးဖြစ်တာနဲ့အညီ နောက်ခုံမှာ ထိုင်တဲ့သူတွေ သက်သောင့်သက်သာဖြစ်စေဖို့အတွက် Round Aircon စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ပုံမှန်အားဖြင့် စျေးသက်သာတဲ့ကားအများစုမှာ ခုံံသုံးတန်း ထည့်သွင်းပေးထားတယ် ဆိုပေမဲ့ Round Aircon စနစ်ကို ထည့်သွင်းပေးထားတာ နည်းပါတယ်။ ဒီကားမှာတော့ Round Aircon စနစ်ပါဝင်မှုကြောင့်လည်း ရေပန်းစား ဝယ်ယူကြတာပဲ ဖြစ်ပါတယ်။

၇။ အပိုပစ္စည်းပေါများမှု
Suzuki ကားတွေကို စာရေးသူတို့နိုင်ငံမှာ SKD စနစ်နဲ့ ထုတ် လုပ်တာကြာခဲ့ပြီဖြစ်တဲ့အတွက် တခြားကားတွေထက် အပိုပစ္စည်းမှာ ယူရာမှာ ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ စျေးသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။Suzuki Ertiga Type 2 ကို ပါဝင်မှုပိုင်း၊ ဘော်ဒီပိုင်း အားမရမှုတွေရှိခဲ့ကြပေမဲ့လည်း ထိခိုက်မှုတွေရှိရင် အလွယ်တကူ အစား ထိုးပြင်ဆင်နိုင်ကြလို့ ဝယ်ယူမှုများပြီး လူကြိုက်များနေတာပဲ ဖြစ်ပါတယ်။

၈။ Used Market
Suzuki Ertiga Type 2 ဟာ SKD နဲ့ထုတ်လုပ်တဲ့ Wagon ခုံသုံးတန်းကားထဲမှာ တခြားကားတွေထက် အချိန်စောခဲ့တဲ့အတွက် ပြုပြင် မှုပိုင်းလွယ်ကူခြင်း၊ အပိုပစ္စည်းပေါများခြင်းတို့ကြောင့် ကားဟောင်းစျေး ကွက်မှာ ရေပန်းစားတဲ့ ကားတစ်စီးဖြစ်နေတာပဲ ဖြစ်ပါတယ်။

Suzuki Ertiga Type 2 Wagon ကားကို ခုံသုံးတန်းပါဝင်ခြင်း၊ ဆီစားသက်သာခြင်း၊ Round Aircon ပါဝင်ခြင်း၊ အပိုပစ္စည်းအလွယ်တကူမှာယူနိုင်ခြင်း၊ မိုဒယ်မြင့်ခြင်းတို့ကြောင့် ရေပန်းစားရွေးချယ်ဝယ် ယူလာကြတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသော ကားတို့၏ ရေပန်းစားသောပါဝင်မှုများ’မှာ ဘယ်ကားအမျိုးအစားမှာ ဘယ်လိုရေပန်းစား လူကြိုက်များတဲ့ စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here