လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

970

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေအကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Toyota Passo မိုဒယ်ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Toyota Passo မိုဒယ် ဆိုသည်မှာ …
ဒီတစ်ပတ် ဖော်ပြမယ့်ကားကတော့ Buget ကားတစ်စီးဖြစ်ပြီး ကားစတင်မောင်းနှင်သူတွေ၊ ကားပါကင် ခက်ခဲတဲ့နေရာတွေမှာ အသုံးပြုလိုသူတွေအတွက် တန်ဖိုးနည်းနည်းနဲ့ ပထမဆုံးကား စတင်ဝယ်ယူသူ တွေအတွက် ရေပန်းစားပြီး အထူးကောင်းမွန်တဲ့ Toyota Passo ပဲ ဖြစ်ပါတယ်။Toyota က Toyota Passo ၊ကို ၂ဝဝ၄ ခုနှစ်ကနေ အခုအချိန်အထိ ထုတ်လုပ်နေပြီး Buget ကားလေးအဖြစ် အောင်မြင်နေတာ ဖြစ်ပါတယ်။1.0 နဲ့ 1.3L အင်ဂျင်ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ လက်ရှိ အသုံးအများဆုံး မိုဒယ်တွေကတော့ ၂ဝဝ၇-၂ဝ၁၂ မိုဒယ်တွေပဲဖြစ်ပြီး Grade အနေနဲ့ကတော့ X ၊ L Package ၊ +Hana G Package ၊ Plus Hana ၊ X G Package ၊ G ၊ C Package ၊ X HID Package စတဲ့ Grade ခွဲများစွာ ထုတ်လုပ်ထားတဲ့အပြင် Customer Option Grade ခွဲများစွာလည်း ထုတ်ထားတဲ့အတွက် ရွေးချယ်စရာများပြီး ခွဲခြားရခက်တဲ့ Toyota Passo ရဲ့ Grade တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် Toyota Passo မှာ ပါဝင်တဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

ရေပန်းစား လူကြိုက်များသောအချက်များ
၁။ ကားရဲ့ ဒီဇိုင်းအသွင်အပြင်ဖွဲ့စည်းပုံ
Toyota Passo ရဲ့ ဒီဇိုင်းကို Buget Hatchback ကားတစ်စီးအဖြစ် ထုတ်လုပ်ထားပြီး တန်ဖိုးနည်း ကားတစ်စီးဆိုပေမဲ့ ကားရဲ့ပုံစံ လုံးလုံးလေးနဲ့ ချစ်စရာကောင်းတဲ့ ဝက်ပေါက်လေးလိုပုံ ဖြစ်လို့ ကားစဝယ်မယ့်သူတွေ နှစ်သက်သဘောကျကြပါတယ်။ ဒါကြောင့် Toyota Passo ဟာ ငွေကျပ် သိန်းတစ်ရာကျော်ကျော်နဲ့ အိမ်စီးကား ဝယ်ယူမယ့်သူတွေအတွက် ရေပန်းစားရွေးချယ်စရာ ကားလေးပဲ ဖြစ်ပါတယ်။
၂။ မောင်းနှင်ရလွယ်ကူမှု
Toyota Passo ကို အထူးရေပန်းစားပြီး ကြိုက်နှစ်သက်ကြတာကလည်း ကားရဲ့ ဘော်ဒီအရွယ်အစား သေးငယ် မှုကြောင့် ပါကင် ရှာရလွယ်ကူသလို ကားမောင်းရ လွယ်ကူတဲ့အတွက် ကား စတင်မောင်းသူတွေ၊ ရန်ကုန်မြို့လို ကားပိတ်တဲ့ နေရာတွေမှာ အသုံးပြုဖို့ တန်ဖိုးနည်းနည်းနဲ့ ကားဝယ် ယူလိုသူတွေအပြင် လူကုံထံတွေကပါ မြို့ တွင်းအသုံးပြုဖို့ ရွေးချယ်စရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။
၃။ Grade အမြင့်တွေမှာပါဝင်တဲ့
Smart Key
G Grade ၊ Hana Grade နဲ့ Customer Grade တွေမှာ ပါဝင်တဲ့ Smart Key ဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ တန်ဖိုးနည်းကားလေးမှာ Smart ကျကျ အသုံးပြု စေနိုင်တဲ့အတွက်လည်းToyota Passo ရဲ့ Smart Key ပါဝင်တဲ့ Grade တွေက ရောင်းသူ/ဝယ်သူကြား အထူးရေပန်းစားပါတယ်။
၄။ ဆီစားသက်သာစေတဲ့ စနစ်
Toyota Passo ကို အဓိကဝယ်ယူတာဟာ အခြေခံလူတန်းစားတွေ ဖြစ်တဲ့အတွက် ကားစျေးလည်း သက်သာရမယ်၊ ဆီစားလည်းသက်သာ ရမယ် ဆိုတဲ့ အချက်တွေအားလုံး Toyota Passo မှာ ရှိနေပါတယ်။ ကားရဲ့ ဘော်ဒီအရွယ်အစားသေးငယ်မှုကို Toyota ရဲ့ VVT-I Engine နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပုံမှန် အင်ဂျင်ပါဝါတူ ကားတွေထက် ပိုပြီး ဆီစားသက်သာတဲ့အတွက် Toyota Passo က ရေပန်းစား ရွေးချယ်စရာ ဖြစ်လာတာပါပဲ။
၅။ အရှေ့ခုံ တစ်ဆက်တည်းပါဝင်မှု
Toyota Passo ရဲ့ ၂ဝ၁ဝ Late မိုဒယ်မှာတော့ ကားရဲ့ရှေ့ထိုင်ခုံဟာ တစ်ဆက်တည်းဖြစ်သွားပြီး သုံးယောက်ထိုင်လို့ ရသွားတဲ့အတွက် ကားသေးသေးလေးနဲ့ လူများများတင်လိုသူတွေ ရေပန်းစားကြိုက်နှစ် သက်တဲ့ ပါဝင်မှုပဲ ဖြစ်ပါတယ်။
၆။ ကားပါကင်ထိုးရ လွယ်ကူမှု
ကားမောင်းသူအများစုဟာ ကားမောင်းတဲ့အခါမှာ အရှေ့ကိုပဲ မောင်းတာ အားသန်ကြပါတယ်။ ကားပါကင်ထိုးတဲ့အခါမှာ အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။ ဒီလိုအဆင်မပြေမှုတွေ ဖြစ်နေရင်တော့ Toyota Passo ကို မောင်းပြီး ကားပါကင် နေရာချလိုက်တဲ့အခါမှာ ထင် မှတ်မထားရအောင် လွယ်ကူပေါ့ပါးနေပါတယ်။ ဒီအချက်ကြောင့်လည်း Toyota Passo ကို ဝယ်ယူသူအများစုက ရွေးချယ်ကြတာ ဖြစ်ပါတယ်။
၇။ သက်သာစျေးနှုန်းနဲ့ အိမ်စီးကား
စာရေးသူတို့နိုင်ငံမှာ ကားစျေးတွေက အခွန်အခကြောင့် စျေးနှုန်း အရမ်းမြင့်ပါတယ်။ သိန်းတစ်ရာကျော်နဲ့ အိမ်စီးကား ဝယ်မယ်ဆိုရင် ရွေး ချယ်စရာကား မရှိသလောက် ရှားပါတယ်။ Toyota Passo ရဲ့ ထူးခြား ချက်ကတော့ ကျပ်သိန်း ၁ဝဝ-၁၅ဝ ဝန်းကျင်သုံးပြီး ဝယ်ယူနိုင်တဲ့ အတွက် ငွေအနည်းငယ်နဲ့ အိမ်စီးကား ဝယ်ယူမယ့်သူတွေအတွက် Buget ကားတစ်စီးအဖြစ် ရေပန်းစားရွေးချယ်လာတဲ့ကားပဲ ဖြစ်ပါတယ်။
Toyota Passo ကို Hatchback ကားထဲမှာ ပါကင်ထိုးရလွယ်ကူမှု၊ တန်ဖိုးနည်း ကားဝယ်ယူလိုသူတွေ ရွေးချယ်စရာ ဖြစ်မှု၊ ပေါ့ပေါ့ပါးပါးရှိပြီး မောင်းနှင်ရလွယ်ကူမှု၊ တန်ဖိုးသင့် ကားတစ် စီးဆိုပေမဲ့ ချစ်စရာကောင်းတဲ့ဒီဇိုင်းနဲ့ ဖန်တီးမှု၊ ဆီစား အထူးသက်သာစေ မှုစတဲ့ အချက်တွေက ရေပန်းစားရွေးချယ်စရာ Buget Hatchbackကားတစ်စီး ဖြစ်လာစေပါတယ်။
နောက်တစ်ပတ် ‘လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ’ကဏမှာ ဘယ်ကားအမျိုးအစားမှာ ရေပန်းစားပြီး လူကြိုက် များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here