လူကြိုက်များသော ကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

844

၂ဝ၁၂ ခုနှစ် ကားတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲ စတင်ချိန်ကစပြီး မြန်မာပြည်ရဲ့ ကားချစ်သူ ပရိသတ်တို့အကြား စျေးကွက်အပြောင်းအလဲ၊ မူဝါဒ အပြောင်းအလဲတွေကြောင့် လူကုံထံအဆင့်ကနေ လူလတ်တန်းစား အဆင့်အထိ ဝယ်ယူနိုင်စေမယ့် အဖိုးနှုန်းတစ်ခုနဲ့အတူ ခေတ်မီမိုဒယ်မြင့် မော်တော်ကား အမျိုးအစားပေါင်း မြောက်မြားစွာ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ လူကုံထံတွေ၊ ကားချစ်သူတွေ၊ ကားနဲ့ အလုပ်လုပ်သူတွေ၊ မော်တော်ကားရှိမှ အလုပ်တွင်ကျယ်သူတွေ၊ ဝင်ငွေအတိုင်းအတာတစ်ခုအရ မော်တော်ကား ဝယ်စီးနိုင်တဲ့ လူလတ်တန်းစားတွေက လည်း တင်သွင်းမှုအမျိုးမျိုးကနေတစ်ဆင့် ရောက်ရှိလာတဲ့ကားမျိုးစုံကို ဝယ်ယူကြတဲ့အခါ ကျော်ကြားမှု၊ လူကြိုက်များမှု၊ အသုံးတည့်မှု စသဖြင့် ထိုက်တန်တဲ့ ကျော်စောမှုတွေနဲ့ ရေပန်းစား ထင်ရှားလာတဲ့ ကားအမျိုးအစားတွေလည်း မှတ်ကျောက်တင် အောင်မြင်ခဲ့ကြပါတယ်။ ဒါကြောင့် လက်ရှိအချိန် မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် ထူးခြားတဲ့ တိုးတက်ပြောင်းလဲ ပါဝင်မှုတွေကို ကားချစ်သူ ပရိသတ်တို့ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်မှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ဖော်ပြမယ့်ကားကတော့ အိမ်စီးကား စျေးကွက်ထဲမှာ နှစ်တော်တော်ကြာကတည်းက မျိုးဆက်အလိုက် အဆင့်ဆင့် စိုးမိုးထားနိုင်ခဲ့ပြီး လူလတ်တန်းစားတို့အကြား နာမည်ကျော် နေဆဲ ကား အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီကားကတော့ လူတကာချစ်တဲ့ Honda Fit ဆိုတဲ့ ကားအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါကြောင့် Honda ချစ်သူတွေအတွက် အဲဒီ ကားမိုဒယ်နဲ့ပတ်သက်ပြီး မျိုးဆက်အလိုက် ရေပန်းစားတဲ့ တိုးတက်ပြောင်းလဲမှုနဲ့ ဂရိတ် အလိုက် အဆင့်ဆင့် ကွဲပြားခြားနားပုံတို့ကို ကားချစ်သူတွေ ကွဲကွဲပြားပြား သိရှိရအောင် ရေးသားဖော်ပြမှာဖြစ်ပြီး ဝယ်ယူ/ရောင်းချတဲ့အခါနဲ့ အသုံးချတဲ့အခါတွေမှာ ပြည့်ပြည့်စုံစုံ သိနားလည်ထားတဲ့အတွက် တစ်စုံတစ်ရာ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Honda Fit ဆိုတာ …
Honda Fit ကားတွေက ကားရဲ့ အက္ခရာနံပါတ်၊ မိုဒယ်နဲ့ ဂရိတ်တို့ အပေါ်မူတည်ပြီး စျေးနှုန်းတွေလည်း မတူသလို ပါဝင်မှုတွေလည်း ကွဲပြားသွားကြပါတယ်။ Honda Fit မှာ ၁၃ဝဝ စီစီနဲ့ ၁၅ဝဝ စီစီဆိုပြီး အင်ဂျင်နှစ်မျိုးနဲ့ဝင်ရောက်ခဲ့ပေမဲ့ စျေးကွက်ထဲမှာတော့ ၁၃ဝဝ စီစီ အင်ဂျင်နဲ့ Second Generation ၂ဝဝ၈-၂ဝ၁၂ မိုဒယ်တွေက လူကြိုက် များပြီး အရောင်းအဝယ် အဖြစ်များပါတယ်။ Honda Fit က ကားမောင်းတတ်စ သူတွေအတွက် မောင်းရလွယ်ကူတဲ့ ကားအမျိုးအစား ဖြစ်တဲ့အပြင် ပါကင်ထိုးရလည်း လွယ်ကူပါတယ်။ ဒါ့ပြင် ဆီစားသက်သာပြီး အနောက်ခန်းပစ္စည်းထားတဲ့ နေရာကလည်း တခြား Hatchback အမျိုးအစားကားတွေထက် ပိုဆံ့ပါတယ်။ ဒါကြောင့် Honda Fit ထဲကမှ လူကြိုက်ပိုများတဲ့ Hatchback အမျိုးအစား GE6 ၁၃ဝဝ စီစီကားရဲ့ Grade တွေအကြောင်းကို အဓိကထားရေးသားဖော်ပြမှာ ဖြစ်ပါတယ်။

Honda Fit GE6 ၏ Grade အခွဲများ
Honda Fit ရဲ့ GE6 မှာ Grade အနေနဲ့ G ၊ GF ၊ G Smart ၊ L ၊ She’s ၊ 10 Anniversary ဆိုပြီး Grade အခွဲတွေ ရှိပါတယ်။ အဲဒီ ထဲကမှ G Grade က အနိမ့်ဆုံးဂရိတ်လို့ပြောရပါမယ်။

G Grade
အဲဒီ Grade ရဲ့ ပွဲစားအခေါ်က G ကတုံးပဲဖြစ်ပါတယ်။ Aiccon ခလုတ်လက်လှည့်၊ မောင်းသူထိုင်ခုံ အနိမ့်အမြင့် မပါ၊ မှန်ဖြူ၊ ပါးခြမ်းမီး၊ မှန်ချိုးမှန်ခေါက်မပါလို့ Honda Fit G ကို ကတုံး Grade လို့ ခေါ်ပါ တယ်။ တခြား Grade တွေထဲမှာ စျေးအသက်သာဆုံး Grade လည်း ဖြစ်ပါတယ်။

GF Grade
G ကတုံးထက်မြင့်တဲ့ GF Grade မှာတော့ Aircon လက်လှည့်၊ ဘက်မှန်မီး၊ မှန်ချိုးမှန်ခေါက်၊ မောင်းသူထိုင်ခုံ အနိမ့်အမြင့် ဖြစ်သွား ပါတယ်။

G Smart Grade
G Smart ကတော့ G Grade ပုံမှန်ထက် ထူးခြားလာတာက Smart Key ၊ Push Turn ဖြစ်သွားတာပါ။ ကျန်တာတွေတော့ G Grade မှာပါတာမှန်သမျှ အကုန်ပါတာ တွေ့ရပါတယ်။

L Grade
L Grade က အမြင့်ဆုံး Grade ဖြစ်ပါတယ်။ အဲဒီ Grade မှာ Smart Key(Push Turn) ၊ Digital Aircon ၊ ဘက်မှန်မီး၊ မှန် ချိုးမှန်ခေါက်၊ Original HDD TV (ပစောက် TV) ၊ Original Back Camera 90 ၊ နောက်စပယ်ယာဘီး၊ နောက်စပယ်ယာဘီးအပေါ်ဖုံး ပိုက်ကွန်၊ Original Speaker လေးလုံး ဖြစ်သွားပါတယ်။

She’s Grade
ဒီ ဂရိတ်ကတော့ She’s ဆိုတ့ဲအတိုင်း မိန်းကလေးတွေအတွက် အထူးထုတ်ထားတ့ဲ Grade ဖြစ်ပါတယ်။ Smart Key Cover ကအစ ကားရဲ့အရောင်အတိုင်း လုပ်ပေးထားတယ်။ Aircon Display ဘေးက အဝိုင်းလေးတွေလည်း ပန်းဆီရောင်၊ ခြေနင်းအခင်းတွေ၊ She’s Logo လေးတွေနဲ့ ကားအတွင်းခန်း တော်တော်များများမှာ မိန်းကလေးကြိုက် တ့ဲ အရောင်တွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ ကျန်တာကတော့ L Grade နဲ့ တူပါတယ်။

10 Anniversary Grade
10 Anniversary ဆိုတာကတော့ Honda Fit ထုတ်လုပ်မှု ၁ဝ နှစ်ပြည့်အထိမ်းအမှတ် အထူးထုတ်ထားတ့ဲ Grade ကို ဆိုလိုပါတယ်။ ကားရဲ့ပါးခြမ်းနဲ့ အနောက်ဖုံးနားမှာ 10 Anniversary Logo လေးတွေ ကပ်ထားတာကို တွေ့ရပါတယ်။ အတွင်းခြေနင်းခင်းတွေမှာလည်း 10 Anniversary Logo လေးတွေ ထည့်သွင်းပေးထားပါတယ်။ Smart Key ၊ Push Turn ဖြစ်ပြီး ကျန်တာကတော့ G Grade နဲ့ တူပါတယ်။ Mugen ၊ Modulo တွေနဲ့ကတော့ Grade နဲ့မဆိုင်ပါဘူး။ ဂျပန်မှာစစီးတ့ဲ Owner ရဲ့ Optional ဖြစ်ပါတယ်။

ကားချစ်သူတို့အနေနဲ့ ခုလက် ရှိစျေးကွက်ထဲမှာ လူကြိုက် များ ရေပန်းစားနေဆဲ Honda Fit GE6 ရဲ့ မျိုးဆက်နဲ့ လူကြိုက်များတဲ့အတွင်း Grade တွေအကြောင်းကို ကွဲကွဲပြားပြား သိရှိလိမ့်မယ်လို့ ယူဆမိပါတယ်။ နောက်တစ်ပတ်မှာ ဘယ်လို ကားအမျိုးအစားနဲ့ လူကြိုက်များတဲ့ ဂရိတ်တွေအကြောင်း ဖော်ပြမလဲဆိုတာကို စောင့်ေမျှာ် ဖတ်ရှုဖုိ့ေြပာရင်း နိဂံုးချုပ်လုိက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here