လူကြိုက်များသောကားတို့၏ ရေပန်းစားသည့် ပါဝင်မှုများ

445

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Nissan Note မိုဒယ်ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Nissan Note မိုဒယ် ဆိုသည်မှာ …
ဒီတစ်ပတ်ဖော်ပြမယ့်ကားကတော့ Nissan က ထုတ်လုပ်ထားတဲ့ ဆီစားသက်သာပြီး ပေါ့ပေါ့ပါးနဲ့အသုံးပြုလို့ရတဲ့ Hatchback အုပ်စုကားတစ်စီး ဖြစ်တဲ့ Nissan Note ပဲ ဖြစ်ပါတယ်။ Nissan Note ကို ၂ဝဝ၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ ကားတစ်စီးဖြစ်တဲ့ အတွက် Second Generation ဖြစ်တဲ့ ၂ဝ၁၂ မိုဒယ်ကနေ လက်ရှိ အချိန်အထိ ရောင်းအားကောင်းဆဲ ကားအမျိုးအစား ဖြစ်ပါတယ်။ Nissan Note မှာ အင်ဂျင်ပါဝါ 1.2L ၊ 1.5L အင်ဂျင်နှစ်မျိုး ထုတ်လုပ်ထားပြီး နှစ်မျိုးစလုံးကို ကြိုက်နှစ်သက်ကြပါတယ်။ Nissan Note ကို Grade များစွာ ထုတ်လုပ်ထားပြီး X ၊ S ၊ DIG-S ၊ RIDER ၊ AXIS Grade တွေကတော့ စာရေးသူတို့နိုင်ငံ ကားစျေးကွက်မှာ အတွေ့အများ ဆုံး Grade ပဲဖြစ်ပါတယ်။ ဒါကြောင့် Nissan Note မှာပါဝင်တဲ့ ရေပန်း စားလူကြိုက်များတဲ့ အချက်အလက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ လှပပြီးချစ်စရာကောင်းတဲ့ ဒီဇိုင်း
Nissan Note Second Generation ၂ဝ၁၂-၂ဝ၁၉ မိုဒယ်ဖြစ်တဲ့ ကားလေးရဲ့ ဒီဇိုင်းက သေးကွေးပြီး လေခွင်းအားကောင်းစေဖို့ ဝပ်ဝပ် ကလေးနဲ့လှပအောင် ပြုလုပ်ထားပါတယ်။ ကားရဲ့ အနောက်ပိုင်းမှာလည်း အရင် First Generation လို တုံးတိတိကြီးမဟုတ်ဘဲ ပြေပြေပြစ်ပြစ် လှပတဲ့ပုံစံကြောင့် ကားချစ်သူတွေအကြား ရေပန်းစားပါတယ်။

၂။ DIG-S Supercharger ရဲ့ သွက်လက်မှု
Nissan Note ၂ဝ၁၂-၂ဝ၁၉ မိုဒယ်ရဲ့ DIG-S Supercharger Grade မှာ အင်ဂျင်ပါဝါ 1.2L ကို ဆွဲအားပိုမိုကောင်းစေတဲ့ Supercharger စနစ် ထည့်သွင်းပေးထားတဲ့အတွက် Nissan ရဲ့နည်းပညာ မြင့်မားမှုကြောင့် အင်ဂျင်ပါဝါအသေးလေးကို Performance ပိုမိုကောင်း မွန်စေတဲ့ Supercharger စနစ်ပါဝင်တဲ့ DIG-S ကို ရေပန်းစား လူကြိုက်များစေတဲ့အချက်ပဲ ဖြစ်ပါတယ်။

၃။ Steering Handling ကောင်းမွန်မှု
Nissan ရဲ့ ကားထုတ်လုပ်မှုအပိုင်းမှာ Steering Technology ပိုင်းနဲ့ပတ်သက်ပြီး ပုံမှန်ကားတွေထက် ပေါ့ပါးသွက်လက်တာ ကတော့ Nissan Brand ကားမောင်းဖူးသူတိုင်း အကြိုက် တွေ့စရာတစ်ခု ဖြစ်ပါတယ်။ Nissan Note ရဲ့ စတီယာရင်ကို ကိုင်တွယ်မောင်းနှင်ရတာလည်း ပုံမှန်ကားတွေထက် ပေါ့ ပေါ့ပါးပါးနဲ့ မောင်းနှင်ရလွယ်ကူစေပြီး Parking ထိုးရ လွယ်ကူစေတဲ့အတွက် Steering Handling နဲ့ ပတ်သက်ပြီးတော့ ရေပန်းစားလူကြိုက်များစေပါတယ်။

၄။ Pure Drive System
Pure Drive ဆိုတာကတော့ Nissan ရဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ Nissan Note ရဲ့X Grade အနိမ့်ဆုံးမှာသာ ထည့်သွင်းပေးထားခြင်း မရှိဘဲ ကျန် Grade အမြင့်တွေမှာ Pure Drive System ထည့်သွင်းပေးထားပါတယ်။ သူက ဘယ်လိုအလုပ်လုပ်သလဲဆိုရင် ကားကို ဘရိတ်နင်းပြီး မီးပွိုင့်မှာ ခဏရပ်ထားလိုက်တဲ့အချိန်မျိုးမှာ ဆီစားသက်သာစေဖို့အတွက် Hybrid မဟုတ်ဘဲ Engine ကို Auto Stop လုပ်ပေးတဲ့စနစ် ဖြစ်ပါတယ်။ Nissan Note အရောင်းအဝယ်လုပ်တဲ့အခါ Pure Drive ဖြစ်လားဆိုပြီး ရေပန်းစားစေတဲ့ အမေးလေးက စာရေးသူတို့ ကားစျေး ကွက်မှာ အမြဲကြားနေရပါတယ်။

၅။ စမတ်ကျတဲ့ ကားရဲ့ဒိုင်ခွက်
Nissan Note ရဲ့ Grade အမြင့်တွေမှာ ထည့်သွင်းပေးထားတဲ့ ဒိုင်ခွက်က အတော်လှပပြီး Smart ကျပါတယ်။ ဒိုင်ခွက်ထဲမှာတင် ကားရဲ့ ဆီစားနှုန်း၊ လက်ကျန်ဆီနဲ့ မောင်းလို့ရမယ့် ကီလိုမီတာ အကွာအဝေး၊ Error တွေကို Digital ဒိုင်ခွက်မှာ တိတိကျကျ ပြသပေးထားပါတယ်။ ဒီလို Smart ကျတဲ့ ဒိုင်ခွက်ပါဝင်မှုကလည်း ရေပန်းစားရွေးချယ်စရာ တစ်ခုပဲ ဖြစ်ပါတယ်။

၆။ ဆီစားသက်သာပြီး သွက်လက်မှု
Nissan Note ၂ဝ၁၂-၂ဝ၁၉ မိုဒယ်ကို အင်ဂျင်ပါဝါအသေးနဲ့ဆီစား သက်သာအောင် ထုတ်လုပ်ထားပြီး ဆီစားနှုန်းပိုမိုသက်သာစေဖို့ Eco Mode စနစ်ပါ ထည့်သွင်းပေးထားတဲ့အတွက် အင်ဂျင်ပါဝါအသေးရဲ့နဂို ဆီစားသက်သာခြင်းကို ထပ်လောင်းသက်သာစေတဲ့အတွက် ဆီစား သက်သာလိုတဲ့ကားချစ်သူတို့အတွက် အကြိုက်တွေ့ ရေပန်းစားစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

၇။ သင့်တော်သောစျေးနှုန်း
Nissan Note၂ဝ၁၂-၂ဝ၁၉ မိုဒယ်ကို ကျပ်သိန်း ၁၇ဝ နဲ့ ၂၃ဝ ကြားမှာ ရရှိနိုင်ပြီး မိုဒယ်မြင့်၊ နည်းပညာမြင့် Hatchback ကားတစ်စီး ဖြစ်လို့ ပုံမှန် Hatchback ကားတွေထက် ပေးရတဲ့စျေးနဲ့ တန်တဲ့အတွက် စျေးကွက်မှာ လူကြိုက်များပြီး ရေပန်းစားရွေးချယ်လာကြတဲ့ ကားတစ်စီး ဖြစ်ပါတယ်။

Nissan Note ၂ဝ၁၂-၂ဝ၁၉ မိုဒယ်ကို Hatchback ကားထဲမှာ မောင်းနှင်ရလွယ်ကူခြင်း၊ ဆီစားသက်သာခြင်း၊ နည်းပညာမြင့်မားခြင်း၊ ကားပါကင်ထိုးရ လွယ်ကူခြင်း၊ ရုပ်ထွက်ဒီဇိုင်းလှပခြင်းတို့ကြောင့် ရေပန်း စားရွေးချယ်စရာ Hatchback ကားတစ်စီးအဖြစ် ရွေးချယ်လာခြင်းပဲ ဖြစ် ပါတယ်။ နောက်တစ်ပတ် ‘လူကြိုက်များသောကားတို့၏ ရေပန်းစား သည့်ပါဝင်မှုများ’မှာ ဘယ်ကားအမျိုးအစားမှာ ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုဖို့ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here