လူကြိုက်များသောကားတို့၏ ရေပန်းစားသည့်ပါဝင်မှုများ

182

 

လက်ရှိ မြန်မာ့ကားလောကမှာ ရေပန်းစားလျက်ရှိပြီး မတိမ်ကော ခေတ်နောက်မကျသေးတဲ့ ကားမိုဒယ်တွေအကြောင်း၊ အချိန်ကာလ ရွေ့လျားမှုနဲ့အတူ ထပ်မံပေါ်ထွန်းလာတဲ့ မိုဒယ်မြင့်ကားသစ်တွေ အကြောင်းနဲ့ အဲဒီကားမျိုးစုံရဲ့ ဂရိတ်အလိုက် လူကြိုက်များပြီး ထူးခြားတဲ့တိုးတက်ပြောင်းလဲပါဝင်မှုတွေကို ကားချစ်သူပရိသတ်တွေ အသေးစိတ်သိရှိရလေအောင် ဒီကဏ္ဍကို အပတ်စဉ် တင်ဆက်နေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖော်ပြမှာကတော့ Foton GRATOUR T3 ကားရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်အလက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Foton GRATOUR T3 မိုဒယ်ဆိုတာ …
ဒီတစ်ပတ်ဖော်ပြမယ့် ကားကတော့ အိမ်စီးကားမဟုတ်ဘဲ လုပ်ငန်းသုံးကားတွေမှာ ရေပန်းစားလာပြီး တရုတ်နိုင်ငံရဲ့နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Foton ရဲ့ GRATOUR T3 မိုဒယ် Light Truck ပဲ ဖြစ်ပါတယ်။ ဒီကားလေးကတော့ အစိုးရရဲ့ကားပေါ်လစီအရ ညာမောင်းတင်သွင်းခွင့်ပိတ်လိုက်တဲ့အတွက် ဘယ်မောင်းလုပ်ငန်းသုံးကား တင်သွင်းရာမှာ ဂျပန်ညာမောင်းကားအများစုရဲ့ ရောင်းအားနေရာကို ခွဲဝေပေးလိုက်ရတဲ့ ဘယ်မောင်း Light Truck ပဲဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ရေပန်းစား လူကြိုက်များတဲ့မိုဒယ်ကတော့ ၂၀၁၉-၂၀၂၀ မိုဒယ်ဖြစ် ပါတယ်။ အင်ဂျင်ကိုလည်း အရုန်းအဆွဲကောင်းတဲ့ 1.5L အင်ဂျင်ကို အသုံးပြုပေးထာပါတယ်။ ဒီကားလေးကို ဘယ်လိုအကြောင်းအရာတွေ ကြောင့် ရေပန်းစားလူကြိုက်များလာသလဲဆိုတာကို ဆက်လက်ဖော်ပြပါမယ်။

ရေပန်းစားလူကြိုက်များသောအချက်များ
၁။ ဖွံ့ထွားတဲ့ကြွက်တစ်ကောင်သဏ္ဌာန်ဒီဇိုင်း
Foton GRATOUR T3 ကားလေးရဲ့ရှေ့ရုပ်ထွက်မှာ ဦးခေါင်းပိုင်းကိုချွန်ချွန်လေးနဲ့ ကြွက်တစ်ကောင်ဦးခေါင်းပုံစံမျိုး သဏ္ဌာန်တူဖန်တီးပေးထားတဲ့အတွက် ကားရောင်းချသူတွေအကြားမှာ ကားရဲ့ကြံ့ခိုင်တောင့် တင်းမှုနဲ့ပေါင်းစပ်ပြီး လယ်ကြွက်ဆိုတဲ့အမည်လေးနဲ့ ရောင်းသူ/ ဝယ်သူ ကြား ရေပန်းစားစေပါတယ်။

၂။ ထူးခြားမှုရှိသော စတီယာရင်ပေါ့ပါးမှု
လုပ်ငန်းသုံးကားအများစုရဲ့ ကားစတီယာရင်ဟာ ပုံမှန်အိမ်စီးကားတွေနဲ့မတူဘဲ မောင်းနှင်ရတာ အားစိုက်လှည့်ရတဲ့အတွက် ရေရှည်မောင်းရတဲ့သူတွေဆိုရင် ညောင်းညာကိုက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။ Foton GRATOUR T3 ရဲ့ ထူးခြားချက်ကတော့ စတီယာရင်စနစ်ကို ပါဝါဂန်းစနစ်ကနေ မိုတာဂန်းစနစ်နဲ့ ဆန်းသစ်ထုတ်လုပ်ထားတဲ့အတွက် ဒီကားလေးကို စမ်းမောင်းပြီးသွားတဲ့အခါမှာ စတီယာရင်စနစ်ရဲ့ ပေါ့ပါးမှုကို မောင်းဖူးသူတိုင်း ရေပန်းစားကြိုက် နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။

၃။ အချိန်းအပြောင်းလွယ်ကူသော Manual Gear Position
Foton GRATOUR T3 လုပ်ငန်းသုံးကားလေးမှာ ရေပန်းစားစေတဲ့ အချက်တစ်ခုကတော့ ကားမောင်းစားသူတွေ သက်သာစေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့အတွက် ကားမောင်းတဲ့အခါမှာ ပုံမှန် Manual Gear ကားတွေလို Gear အချိန်းအပြောင်းကို ခက်ခက်ခဲခဲ အားထည့်ထိုးစရာ မလိုဘဲ လက်ဖျားလေးနဲ့ ဂီယာ ၁၊ ၂၊ ၃၊ ၄၊ ၅ ကို ညင်သာစွာ ထိုး နိုင်တဲ့အချက်ကလည်း ကားမောင်းသူတွေအတွက် ကြိုက်နှစ်သက်စေမယ့်အချက်ပဲဖြစ်ပါတယ်။

၄။ ပြင်ဆင်စရိတ်သက်သာခြင်း
Foton GRATOUR T3 ကားသစ်လေးဖြစ်တာနဲ့အညီ လုပ်ငန်းသုံး ကားဟောင်းတွေလို အလုပ်လည်းလုပ်၊ ကားလည်းပြင်ဆိုတဲ့ ကိစ္စမျိုး ဒီကားလေးမှာ မရှိတာကိုတွေ့ရပါတယ်။ ကားဝယ်ယူတဲ့အခါမှာလည်း ကားရဲ့အာမခံကို ကီလိုခြောက်သောင်း၊ ဒါမှမဟုတ် သုံးနှစ်ဆိုပြီး အင်ဂျင်၊ ဂီယာဘောက်နဲ့ ကရောင်းကို အာမခံပေးထားတဲ့အတွက် ကားသုံးစွဲသူတွေအနေနဲ့ လုပ်ငန်းမှာ စိတ်ကြိုက်အကြမ်းသုံးပြီး အာမခံကာလအတွင်း ပြင်ဆင်စရိတ်ကို စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူသူအများစုကလည်း လုပ်ငန်းမှာ စိတ်ကြိုက်သုံးပြီး ပြင်ဆင်စရိတ် မကုန်တဲ့အတွက် တကယ်ကို ခိုင်းကောင်းတဲ့ကားလေးအဖြစ် အချိန်ခဏ လေးအတွင်းမှာ ရေပန်းစားလူကြိုက်များလာတာပဲ ဖြစ်ပါတယ်။

၅။ အရင်းအနှီးအနည်းငယ်နှင့် စီးပွားရှာနိုင်မှု
လုပ်ငန်းသုံးကားအများစုဟာ အသစ်ဝယ်ယူတဲ့အခါမှာ ငွေအရင်းအနှီးအနည်းငယ်နဲ့ဝယ်ယူဖို့ ခက်ခဲတာကို တွေ့ရပါတယ်။ Foton GRATOUR T3 ကားလေးကတော့ လုပ်ငန်းသုံးသမားတွေအတွက် ဈေးနှုန်း သင့်တင့်စွာထုတ်လုပ်ထားပြီး Quality ပိုင်းမှာလည်းကောင်းမွန်သလို ကားဈေးကျပ်သိန်း ၁၂၅-၁၃၀ ဝန်းကျင်နဲ့ ကားသစ်တစ်စီးကိုပိုင်ဆိုင် နိုင်မှာဖြစ်ပါတယ်။ ငွေမနိုင်သူတွေအနေနဲ့လည်း အရစ်ကျစနစ်ကို အတိုး သက်သာစွာနဲ့ ဝယ်ယူနိုင်လို့ အရင်းအနှီးအနည်းငယ်နဲ့ စီးပွားရှာမယ့်သူတွေက ဒီကားလေးကို ရေပန်းစားရွေးချယ်ဝယ်ယူလာကြတာပဲ ဖြစ်ပါတယ်။

၆။ ပစ္စည်းများ တန်ချိန်အပြည့်တင်ဆောင်နိုင်ခြင်း
လုပ်ငန်းသုံးကားအများစုဝယ်ယူသူတွေဟာ ပစ္စည်းတင်ဖို့ အဓိက ဝယ်ယူကြတာဖြစ်ပါတယ်။ Foton GRATOUR T3 ကားလေးမှာလည်း ထူးခြားစွာပဲ တောင့်တင်းတဲ့လယ်ကြွက်ဆိုတဲ့အတိုင်း ကားရဲ့တင်နိုင် အားက တစ်တန်ခွဲအထိ အပြည့်တင်ဆောင်နိုင်ပြီး တန်ချိန်ကျော်လွန်တဲ့အခါမှာ Load Sensor စနစ်က ဒိုင်ခွက်မှာ အချက်ပြပေးမှာပဲဖြစ်ပါတယ်။ ဒီလို တန်ချိန်အပြည့်တင်ဆောင်နိုင်လို့လည်း အချိန်ခဏလေးအတွင်းမှာ လုပ်ငန်းသုံးကားဝယ်ယူသူတွေအကြား ရေပန်းစားစေတာဖြစ်ပါတယ်။

၇။ Aircon System
လုပ်ငန်းသုံးကားမောင်းနှင်သူအများစုဟာ အတော်ပင်ပန်းကြပါ တယ်။ Foton GRATOUR T3 လယ်ကြွက်လေးကတော့ ကားမောင်းသူ အတွက် အေးချမ်းပြီး အပင်ပန်းသက်သာစေဖို့ Aircon စနစ်ကို ထည့် သွင်းပေးထားပါတယ်။ အင်ဂျင် 1.5L ကို အသုံးပြုပေးထားတဲ့အတွက် တောင်ဆင်း၊ တောင်တက်တွေမှာကို အဲကွန်းအသုံးပြုပြီး နိုင်နိုင်နင်းနင်းနဲ့ တင်ဆောင်နိုင်လို့ Foton GRATOUR T3 လယ်ကြွက်ကလေးကို လုပ် ငန်းသုံးကားမောင်းသူအများစု ရေပန်းစားလူကြိုက်များကြတာပဲဖြစ်ပါတယ်။

၈။ ဆီစားသက်သာမှု
လုပ်ငန်းသုံးကားအသုံးပြုသူအများအစုဟာ လုပ်ငန်းအတွက် ဆီစား သက်သာတဲ့ကားအမျိုးအစားကိုပဲ ရေပန်းစားနှစ်သက်ကြပါတယ်။ Foton GRATOUR T3 ကားလေးမှာ ထူးခြားချက်ကတော့ နည်းပညာမြင့်မိုဒယ် လုပ်ငန်းသုံးကားဖြစ်တာနဲ့အညီ အင်ဂျင်အရုန်းအဆွဲအတော်ကောင်းပြီး EFI စနစ်လည်းဖြစ်တဲ့အတွက် အင်ဂျင်အတွက် လိုအပ်တဲ့ဆီကို ကားရဲ့ ECU က လိုအပ်သလို တွက်ချက်ထောက်ပံ့ပေးလို့ ဆီစားလည်း ထူးခြား စွာပဲသက်သာပါတယ်။ ဒီအချက်ဟာလည်း လုပ်ငန်းသုံး ဘယ်မောင်း တရုတ်ကားအမျိုးအစားထဲမှာ Foton GRATOUR T3 ဟာ ရေပန်းစား ရွေးချယ်ဖြစ်တဲ့ မိုဒယ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Foton GRATOUR T3 လယ်ကြွက်လေးကို လုပ်ငန်းသုံးကားအဖြစ် ရွေးချယ်ဝယ်ယူရာမှာ ဈေးနှုန်းသင့်တော်ခြင်း၊ ပြင်ဆင်စရိတ်သက်သာခြင်း၊ အာမခံချက်အပြည့်ပေးထားခြင်း၊ ပစ္စည်းများစွာ တင်ဆောင်နိုင်ခြင်း၊ ဆီ စားသက်သာခြင်းနဲ့ အပိုပစ္စည်းပေါများခြင်း စတဲ့အချက်တွေကြောင့် လုပ်ငန်းသုံး ဘယ်မောင်းကားအဖြစ် လူကြိုက်များရေပန်းစားလာတာပဲဖြစ်ပါတယ်။ နောက်တစ်ပတ်လူကြိုက်များသော ကားတို့၏ရေပန်း စားသည့်ပါဝင်မှုများကဏ္ဍမှာ ဘယ်ကားအမျိုးအစားက ဘယ်လိုရေပန်းစားပြီး လူကြိုက်များတဲ့စနစ်တွေ ပါဝင်တယ်ဆိုတာကို စောင့်မျှော်ဖတ်ရှု ကြဖို့တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here